By ထူးမြတ်, Shweproperty.com
Updated at 20 March 2012
ရင်းနှီးမြှုပ်နှံလိုသူများအတွက် သေချာသော အမြတ်တစ်ခုရရှိနိုင်သော အခွင့်အရေးအဖြစ် မိမိဝယ်ယူထားသော တိုက်ခန်းကို သုံးနှစ်ပြည့်လျှင် ဝယ်ယူသည့်ငွေပမာဏ၏ ငါးဆယ်ရာခိုင်နှုန်းပေး၍ ကုမ္ပဏီမှ ပြန်လည်ဝယ်ယူပေးမည့် ရင်းနှီးမြှုပ်နှံမှု တိုက်ခန်းများကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာဦးစိုးမင်းနိုင်က စောင့်ကြည့်ဂျာနယ်သို့ ပြောကြားသည်။အထက်ပါ အမြတ်ငါးဆယ်ရာခိုင်နှုန်းရရှိမည့် တိုက်ခန်းရောင်းချရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အထက်ပါ ပုဂ္ဂိလီက ‘အဓိကကတော့ ဈေးကွက်ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်တာပါ။ တချို့က လက်ထဲမှာ ငွေရှိတယ်။ ဘယ်လိုစီးပွားရေးကို ဆောင်ရွက်ရမှန်းမသိတဲ့အတွက် ဒီငွေတွေကို ဘဏ်ထဲမှာထည့်ပြီး အလုပ်မလုပ်တော့ဘဲ ဘဏ်တိုးနဲ့ပဲ ထိုင်နေတဲ့သူတွေရှိတယ်။ ကိုယ်တိုင်ချမ်းသာပြီး ဘဏ်တိုးနဲ့ပဲ ထိုင်နေတဲ့သူတွေ၊ ငွေတွေအိပ်နေတဲ့သူတွေကို စေတနာနဲ့ ဒီရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ် တာပါ။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အခန်းတစ်ခန်းဝယ်ပြီး ဒီအခန်းကို ၃ နှစ်အတွင်း နေရင်းလည်းနေ ဒါမှမဟုတ် ငှားရင်လည်းငှားပေါ့။ ဝယ်ပြီး ၃ နှစ်ပြည့်ရင် ဝယ်ယူထားတဲ့ ငွေပမာဏ ဥပမာသိန်းတစ်ရာနဲ့ ဝယ်ရင်အမြတ် ၅၀ ရာခိုင်နှုန်းပေးပြီး သိန်း ၁၅၀ နဲ့ ကုမ္ပဏီ ပြန်ဝယ်ပေးမှာပါ။ ဒီပမာဏကလည်း ဘဏ်အတိုးနှုန်းများထက်များပါတယ်’ ဟု ၎င်းက ပြောကြားသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှု တိုက်ခန်းကို အမြတ်ပေး၍ ဝယ်ယူရခြင်းမှာ ၎င်းတို့၏လုပ်ငန်းခိုင်မာမှုကို သက်သေပြစရာတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စီးပွားရေးသဘောတရားအရ စာချုပ်များဖြင့် သေချာစွာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။‘ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ငွေရှိပြီးစီးပွားရေးလုပ်ဖို့ ရွေးချယ်သူတွေကို အမြတ်ရပြီး အလုပ် လုပ်ချင်လာအောင် သူရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်ပြီး အခြားသူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရှိလာအောင် ဒီလိုဆောင်ရွက်တာပါ။ ခုဆိုရင် ကြိုပွိုင့်စနစ်နဲ့ စတင်ဝယ်ယူလို့ရပါပြီ။ အမြတ်ငါးဆယ်ရာခိုင်နှုန်းရမယ့် ရင်နှီးမြှုပ်နှံမှုတိုက်ခန်းရဲ့ အနိမ်ဆုံးတန်းဖိုးက သိန်း ၆၀၀ ကနေ သိန်းတစ်သောင်းကျော်ထိရှိပါတယ်။ ဝယ်ယူသူနဲ့ ကုမ္ပဏီ စာချုပ် ချုပ်ပြီး စရောင်းတဲ့နေ့ကနေ ၃ နှစ်ပြည့်တဲ့အခါ အမြတ်ပေးပြီး ပြန်ဝယ်ယူမယ် ရောင်းချင်ရင်လည်း ပြန်ရောင်းပေါ့ မရောင်းချင်ရင်လည်း ရပါတယ်။ ကျွန်တော်တို့ဘက်ကစ ဆက်သွယ်ပေးမယ်။ ၃ နှစ်ပြည့်တဲ့နေ့ကမှ တစ်လအတွင်း ပြန်ဝယ်မယ် ၁ လကျော်သွားရင်တော့ မရောင်းဘူးလို့ သတ်မှတ်ပါတယ်’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။Source : News Watch Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ