By EMG, Shweproperty.com
Updated at 7 July 2013
ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံအတွင်း၌ သဘာ၀ လူဦးရေ တိုးနှုန်းကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း များပြားသည့် မြို့ပြဒေသများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် လည်းကောင်း မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေ တိုးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာပြီး အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
တိုးပွားလာသည့် လူဦးရေနှင့်အညီ လိုအပ်သော အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှန်တကယ် အိမ်ရာလိုအပ်သူ ဝင်ငွေနည်း မိသားစုများ၊ ပင်စင်စား၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းများနှင့် ဝင်ငွေပုံမှန် ရှိသူများ အရစ်ကျ စနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ရေးအတွက် အိမ်ရာဘဏ် တစ်ခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ တည်ဆောက်ပေးနေသလို အမှန်တကယ် အိမ်ရာလိုအပ် နေသူတွေ အိမ်ရာတွေ ဝယ်ယူနိုင်ရေး အတွက်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဘဏ်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေ၊ အစိုးရ ဝန်ထမ်းတွေ ပုဂ္ဂလိက ဝန်ထမ်းတွေနဲ့ ဝင်ငွေပုံမှန် ရှိသူတွေဟာ အကောင့်တစ်ခု ရှိမယ်ဆိုရင် အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ ဒီဘဏ်ကို ဖွင့်လှစ်ရတာ ဖြစ်ပါတယ်" ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အလားတူ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဝင်ငွေနည်း မိသားစုများ အိမ်ရာပိုင်ဆိုင်ခွင့် ရှိစေရေးအတွက် အိမ်ရာဘဏ်စနစ် (Housing Bank) တစ်ခုအပြင် ဝင်ငွေမှ ရာခိုင်နှုန်းတစ်ခု မဖြစ်မနေ ဖြတ်တောက်စုဆောင်းရေးစနစ် (Saving Fund) ကျင့်သုံး၍ လည်းကောင်း၊ အစိုးရမှ ထပ်ဆောင်းထည့်ဝင်ပေး၍ လည်းကောင်း၊ အိမ်ရာပိုင်ဆိုင်မှုကို အထောက်အပံ့ပေးရန် အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း သိရသည်။
"သင့်တော်တဲ့ အိမ်ရာဘဏ္ဍာ ငွေစနစ် (Appropriate Housing Finance Mechanism) တစ်ရပ် ထူထောင်ဆောင်ရွက် ပေးခြင်းအားဖြင့် ပြည်သူအများစုရဲ့ ဝယ်ယူနေထိုင်နိုင်စွမ်းရှိမယ့် အိမ်ရာတွေ တည်ဆောက်ရောင်းချ ပေးနိုင်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး အိမ်ရာတွေကို ဝင်ငွေနည်း မိသားစုတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ