By Admin, Shweproperty.com
Updated at 26 October 2011
မြန်မာနိုင်ငံရှိ အထပ်မြင့် တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်များနှင့် ပတ်သက်ပြီး ဥပဒေထုတ် ပြန်ရန် လွှတ်တော်တွင် အဆိုတင်သွင်းလိုက်ပြီဖြစ်ရာ ဥပဒေ အသက်ဝင်လာပါက နိုင်ငံခြားသားများ တိုက်ခန်း ဝယ်ယူပိုင်ဆိုင်ခွင့်များပါ ပါလာနိုင်ဖွယ်ရှိကြောင်း ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ခန့် မှန်းပြောဆိုသည်။
ထိုအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မောင်တောမဲဆန္ဒနယ်မှ ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းက အဆင့်မြင့် ကွန်ဒိုမီနီယမ် ပိုင်ဆိုင်နေထိုင်နိုင်ရေးဆိုင်ရာ ဥပဒေကို တရားနည်းလမ်း မျှတစွာ ပြဋ္ဌာန်းရေးဆွဲနိုင်ရေး သက်ဆိုင် ရာမှ စီစဉ်မှုပြုလုပ်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာ ၄ ရက်နေ့က တင်သွင်းလိုက်ခြင်းဖြစ်သည်။ ဦးအောင်ဇော်ဝင်းသည် ရှိုင်းဆောက်လုပ်ရေးလုပ်ငန်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ အဆိုပါ အဆိုတင်သွင်းမှုကို အောက်တိုဘာ ၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အတွင်းတွင် ဆွေးနွေးခဲ့သည်။ “ဈေးကွက်ထဲမှာ အခုဆို တစ်ချို့ဆောက်လုပ်ရေးလုပ်ငန်းတွေက အရောင်းပြခန်းတောင် ခဏပိတ်ထားတာမျိုးရှိတယ်။ ဒီဥပဒေထွက်တာနဲ့ ဈေးတွေမြင့်သွားမလားဆိုပြီး တော့ပေါ့။ ပိုင်ဆိုင်ခွင့် ပိုခိုင်မာလာတာမျိုးကြောင့် လို့လည်း ပြောနေကြတယ်” ဟု ဆောက်လုပ်ရေး လောကသားတ ဦးကပြောသည်။
အဆိုပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်နှင့် ဈေးကွက်အတွင်းရှိ ဝယ်လိုအားပိုင်းတွင် များစွာပြောင်းလဲ သွားနိုင်ကြောင်း အထူးသဖြင့် တိုက်ခန်း၊ ကွန်ဒိုဝယ်ယူထားသည့် သူများအတွက် ပိုင်ဆိုင်မှု ပိုမိုခိုင်မာသွားမည်မှာ သေချာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တ ဦးက ပြောသည်။ ယင်း ကွန်ဒိုမီနီယမ်ဥပဒေတွင် နိုင်ငံခြားသားများ တိုက်ခန်း၊ ကွန်ဒို ဝယ်ယူရရှိခွင့် များ ပါပါဝင်လာဖွယ်ရှိသောကြောင့် လက်ရှိ အနေအထားထက် ဈေးကွက် ပိုကောင်းလာနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပါ ဆက်တိုက် ဝင်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ဥပဒေကြောင့် တိုက်ခန်းနှင့် ကွန်ဒိုများ တန်ဖိုး အဆမတန်မြင့် မားနိုင်မှု မရှိစေရန်မူ အစိုးရက ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း အိမ်ခြံမြေလုပ်ငန်းကို လေ့လာသူများက သုံးသပ်သည်။ “နိုင်ငံခြားသားတွေကို ကွန်ဒိုဝယ်ခွင့်ပေးမယ်ဆိုရင် စီးပွားရေးကောင်းလာနိုင်သလို၊ ကွန်ဒိုတွေရဲ့ အရည်အသွေး ကိုလည်း တဘက်က ကောင်းအောင်လုပ်လာမှာ သေချာပါတယ်” ဟု အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။ ထို့ပြင် တိုက်ခန်း၊ကွန်ဒိုများ၏ ပိုင်ဆိုင်မှုများ ပိုမို ခိုင်မာလာနိုင်သဖြင့်၊ ယင်းတို့ကို ပေါင်နှံကာ ဘဏ်များမှ တဆင့် ငွေအရင်းအနှီး ရယူပြီး စီးပွားရေးလုပ်ကိုင်နိုင်သည့် အခွင့် အလမ်းများလည်း ပေါ်လာနိုင်ကြောင်း သုံးသပ်ပြောသည်။
တိကျစွာပြဋ္ဌာန်းထားသော ဥပဒေမရှိခြင်းက မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံခန်းများ ဝယ်ယူသူနှင့် ဆောက်လုပ် ရောင်းချသူများကြားတွင် ပဋိပက္ခဖြစ်လေ့ရှိတတ်သည်ဟု လေ့လာသူများက ပြောလေ့ရှိသည်။ ပြီးခဲ့သည့် နှစ်လခန့် ကလည်း ရန်ကုန်မြို့ရှိ အထင်ကရ ကွန်ဒိုမီနီယမ်တခုဖြစ်သည့် ဗဟန်းမြို့နယ်မှ ပုလဲကွန်ဒိုတွင် နေထိုင်သူများနှင့် ပိုင်ရှင်ကြား ပြဿနာများ ဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အထိ တိုင်ကြားခဲ့မှုများ ဖြစ်ပေါ် ခဲ့သည်။ “ပုလဲကွန်ဒိုမှာက အခုထိ လူနေထိုင်ခွင့် မကျသေးဘူး။ ဒါပေမယ့် လူနေထိုင်တာ ၁ဝနှစ် နီးပါးရှိနေပြီ” ဟု ပုလဲကွန်ဒိုတွင် နေထိုင်သူများ ထံမှ သိရသည်။ ယခု ပြဋ္ဌာန်းရန် စီစဉ်နေသည့် ဥပဒေတွင် ကွန်ဒိုမီနီယမ်များနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဆိုင်ရာ စံသတ်မှတ် ချက်များလည်း ပါဝင်လာမည် ဖြစ်သောကြောင့် ဆောက်လုပ်ရေးသမားများက အရည်အသွေးကို ယခင်ကထက် လည်း ပိုမို မြှင့် တင် လုပ်ဆောင်ကြရတော့ မည်ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်းလောကက သုံးသပ်ပြောသည်။
source : mizzimaburmese
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ