By EMG, Shweproperty.com
Updated at 2 June 2013
ရန်ကုန်မြို့တွင် တန်ဖိုးကျပ်သိန်း ၂၀၀ ခန့်ရှိ အိမ်ရာများ ပါဝင်မည့် ၁၈ ထပ် အဆောက်အအုံ ၄၈ လုံးကို တစ်ပြိုင်နက် တည်ဆောက်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။
''ရန်ကုန်မှာ လိုအပ်နေတဲ့ အိမ်ရာလိုအပ်ချက် အတွက် ၁၈ ထပ် အဆောက်အအုံ ၄၈ လုံးကို တစ်ပြိုင်နက် တည်ဆောက်သွားမှာပါ။ နေရာကတော့ ရတနာနဲ့ ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းထဲမှာ ပါဝင်ပါတယ်။ ၁၈ ထပ် အဆောက်အအုံ ၄၈ လုံးမှာ တချို့ဆို စဆောက်နေပါပြီ။ တချို့အဆောက်အအုံတွေကတော့ စီမံကိန်း ဧရိယာထဲမှာ ကျောင်း၊ ဆေးရုံ၊ လမ်း စတာတွေကြောင့် ဒီဇိုင်းနည်းနည်း ပြန်ပြင်နေတဲ့အတွက် မကြာခင်မှာတော့ စတင်နိုင်မှာပါ'' ဟုလည်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌဦးသာဌေးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မြို့ပေါ်နေ လူဦးရေ အချိုးအစားမှာ ၁၉၅၀ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၀၀ ပြည့်လွန် နှစ်များတွင် ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း၊ မြို့ပေါ်နေ လူဦးရေ တိုးမြင့်လာသည့်အတွက် လိုအပ်သည့် အိမ်ရာများကို အလုံအလောက် ဖြည့်ဆည်းမပေးနိုင် ခဲ့သဖြင့် ၁၉၈၈ ခုနှစ်ခန့်က ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ ပျံကျအိမ်ရာ (Squatters ) ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့ကြောင်းလည်း သိရှိရသည်။
''အခုတည်ဆောက်နေတဲ့ အိမ်ရာတွေက တန်ဖိုးကျပ်သိန်း ၁၈၀ နဲ့ ၂၀၀ ကြားရှိတဲ့ တန်ဖိုးသင့် အိမ်ရာတွေ ဖြစ်ပါတယ်။ ဒီအထပ်မြင့် အဆောက်အအုံ ၄၈ လုံး တည်ဆောက်မှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ကုမ္ပဏီ ၂၈ ခုခန့်က တည်ဆောက်ကြမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်မှ အစပြု၍ နိုင်ငံတော်၏ ခွင့်ပြုပံ့ပိုးမှုအရ ရန်ကုန်မြို့တော်တွင် အထပ်မြင့် အဆောက်အအုံ (High Rise Building) များ တရားဝင် တည်ဆောက်ခွင့် ပြုပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ၁၅ နှစ်တာ အချိန်ကာလအတွင်း ရန်ကုန်မြို့ပေါ်၌ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်လာခဲ့ကြကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့ အခြေချနေထိုင်မှုများ မြင့်တက်လာသည့်အတွက် အိမ်ရာလိုအပ်ချက်မှာ မြင့်တက်နေဆဲပင် ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ