By Myanmar Property Journal, Shweproperty.com
Updated at 6 August 2013
ဈေးကွက်အနေအထားနှင့် အကျိုးအမြတ် ချိန်ဆနေရမှုများကြောင့် ဝင်ငွေနည်း ပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများနှင့် လက်လှမ်းဝေးကွာနေဦးမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
တန်ဖိုးနည်း အိမ်ရာများသည် ဝင်ငွေနည်း ပြည်သူများ၏ အဓိက နေထိုင်ရာနေရာများထက် ၎င်းင်းတို့၏အလုပ်အကိုင်အခွင့်အလမ်းနှင့် နီးစပ်သည့်နေရာများသာ ဖြစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ လှိုင်သာယာစက်မှုဇုန်မှ ဦးသောင်းဝင်းက သုံးသပ်သည်။
"တန်ဖိုးနည်း အိမ်ရာတွေကို အဓိကအားဖြင့်တော့ ဝင်ငွေနည်း မိသားစုတွေ၊ လုပ်သားတွေရဲ့အဓိက အသက်မွေးဝမ်းကျောင်းရာဒေသတွေဖြစ်တဲ့ စက်မှုဇုန်တွေနဲ့ နီးနီး ကပ်ကပ်၊ ဒါမှမဟုတ်ရင် ရန်ကုန်မြို့ လယ်ကို အချိန်တိုအတွင်း အလွယ်တကူသွားနိုင်တဲ့ နေရာတွေမှာ တည်ဆောက်သင့်ပါတယ်၊ ဒါပေမဲ့ ဒီနေရာ တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုကတော့ ခေါင်ခိုက် နေတဲ့မြေဈေးပါပဲ" ဟု ဦးသောင်းဝင်း က ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာနိုင်သော အကျိုးအမြတ်နှင့် ဝယ်ယူနိုင်မည့် ဝယ်လိုအားကို မှန်းဆရခက်ခဲမှု သည် တန်ဖိုးနည်းအိမ်ရာများအတွက် အရေးကြီးသော အဖြေတစ်ရပ်ဟု ဆိုသည်။
"ဝင်ငွေနည်းပါးတယ်ဆိုတဲ့ မိသားစုတွေအတွက် အနိမ့်ဆုံးတိုက်ခန်းရဲ့ဈေးနှုန်းဟာ ဘယ်လောက် ဖြစ်သင့်သလဲ၊ ဘယ်လိုအဖွဲ့အစည်းတွေက သူတို့ကို ကူညီထောက်ပံ့ပြီးတော့ နှစ်ရှည် ချေးငွေတွေ ထုတ်ပေးမလဲ၊ နောက်တစ်ခုက ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ စရိတ်ကြီးမြင့်နေမှုနဲ့ မြေဈေး ခေါင်ခိုက်မှုကြောင့် ဆောက်လုပ်မှုကုန်ကျစရိတ်ကို ဘယ်လိုနည်းနဲ့ လျော့ကျအောင် လုပ်မလဲ၊ အစိုးရရဲ့ အကူအညီတွေ လိုတယ်ဗျာ၊ မြေအလကားပေးရမယ်၊ ဆောက်လုပ်ရေး ပစ္စည်းတချို့ကို အလကားပေးမယ်ဆိုရင်တော့ တကယ်ကို တန်ဖိုးနည်းသွားမှာပဲ"ဟု ဒေါက်တာအောင်နိုင်ဦးက သုံး သပ်သည်။
"ကျွန်တော့် အမြင်ကတော့ အစိုးရရဲ့အထောက်အပံ့အကူအညီတွေ မပါဘဲနဲ့တော့ ပြည်သူ့အိမ်ရာတွေ ဖြစ်မလာနိုင်ဘူး၊ ကျွန်တော်တို့ ရန်ကုန်မှာ မြေလွတ်တွေ အများကြီး ရှိသေးတယ်၊ မင်္ဂလာဒုံလို တောင်ဒဂုံ မြောက်ဒဂုံ၊ သန်လျင်၊ ဒလ စသဖြင့်ပေါ့လေ၊ အစိုးရက ငွေကုန်ကြေးကျ ခံ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားပေး မှ အဆင်ပြေလိမ့်မယ်၊ ပြီးတော့မှ နှစ်ရှည်ငွေဖြတ်စနစ်နဲ့ နေနိုင်မယ့် ဝင်ငွေနည်း မိသားစုတွေကို ရွေးထုတ် နေရာပေးရမယ်၊ နိုင်ငံ့ဝန်ထမ်းတွေ ကို ဦးစားပေးထားမလား ကုမ္ပဏီကြီးတွေက ထောက်ခံပေးနိုင်တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို ဦးစားပေးထားမလား၊ သာမန်ပျံကျဈေးသည်တွေရော၊ အဲဒီလူတွေမှာလည်း ထောက်ခံပေးနိုင်မယ့် အလုပ်သမားအဖွဲ့အစည်းလိုဟာမျိုး ရှိရမယ်၊ လူမှုဖူလုံရေးလိုဟာမျိုးမှာ ပါဝင်နေတဲ့သူ တွေလည်း ဖြစ်မယ်ဆိုရင် သူတို့ကို ထောက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း ရှိရင် နေထိုင်နိုင်အောင် စီစဉ်ပေးတာမျိုး လုပ်တန် လုပ်ရလိမ့်မယ်" ဟု တရားလွှတ်တော် ရှေ့နေကြီး ဦး အောင်ခိုင်က ပြောသည်။
"လက်ရှိ တန်ဖိုးနည်းဆိုတာ တွေကအနိမ့်ဆုံးကျပ်သိန်း တစ်ရာနဲ့ သိန်း ၁၅၀ ရှိတယ်ဗျာ၊ ပထမအရစ် ကျပ်သိန်းသုံးဆယ်ဆိုတော့ မဆိုးဘူးပေါ့၊ ဒါပေမဲ့ ၂ နှစ်အတွင်း အပြီးသွင်းဆိုတော့ မစွံပါဘူးဗျာ၊ နှစ် သုံး ဆယ်အရစ်ကျစနစ်နဲ့ သွားမယ်ဆိုတဲ့ဟာလည်း ကြားတယ်၊ ဒါပေမဲ့ ကျပ်သိန်းတစ်ရာအောက်မှာ စိတ် ကူးယဉ်လို့ ကောင်းနေတဲ့ ဒီနေ့ ကား ဈေးကွက်လောက် ရင်မခုန်ကြဘူး"ဟု လှိုင်သာယာမြို့နယ်နေ ကိုခင် မောင် ဦးက ဆိုသည်။
လက်ရှိတွင် ပြည်သူ့အိမ်ရာကဲ့သို့ ဝင်ငွေနည်းပြည်သူများ မျှော်လင့်ချက်ထားနိုင်မည့် တန်ဖိုးနည်း အိမ်ရာများ ဖြစ်မလာနိုင်သေးသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တန်ဖိုးမျှတ အိမ်ရာများကို အကောင်အထည် ဖော်လျက်ရှိရာ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်တွင် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် တွင် လည်းကောင်း၊ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် Father Land ဆောက်လုပ်ရေးက သာကေတနှင့် သန်လျင်မြို့နယ်တို့တွင် လည်းကောင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ