By 7daydaily, Shweproperty.com
Updated at 25 September 2015
လာမည့်နှစ်တွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသွားမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)က အာရှ ၏ ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၅ မွမ်းမံအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရ အသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ဝန်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ၂၀၁၅ တွင် ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနိုင်ကြောင်း ယခုနှစ်စပိုင်းတွင် အေဒီပီက ထုတ်ပြန်သည်။ ထို့ကြောင့် ခန့်မှန်းချက်မှန်လျှင် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။ လာမည့် နှစ်တွင်လည်း ကြွေးမြီများပြားလာခြင်း၊ အစိုးရ အသုံးစရိတ် မြင့်တက်လာခြင်း၊ ကုန်သွယ်မှု လိုငွေ များနေခြင်းတို့က စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးဆက်များ ဖြစ်လာနိုင် ကြောင်း အေဒီဘီက အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ထို့အပြင် လာမည့်နှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ ဖွံ့ဖြိုးမှုမှာ အနည်းငယ်လျော့ကျမည်ဟု ဖော်ပြထားသည်။ လာမည့်နှစ် ဂျီဒီပီဖွံ့ဖြိုးမှုမှာ ၈ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည်။
‘‘ရွေးကောက်ပွဲပြီး နိုင်ငံရေး တည်ငြိမ်ရင်၊ အစိုးရအသုံးစရိတ် လျော့သွားရင်တော့ ဖြစ်လာနိုင် ပါတယ်။ ဒါက အကောင်းမြင်ပြီး တွက်ထားတဲ့သဘောပါ’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
ယခုနှစ် အစိုးရအသုံးစရိတ် သည် လတ်တလော ရှေ့ပြေး ဘတ်ဂျက်မှာပင် ကျပ် ၃,၇၀၀ ဘီလီယံခန့်ရှိနေပြီး ကုန်သွယ် မှုလိုငွေမှာ အမေရိကန်ဒေါ်လာငါးဘီလီယံခန့် ရှိနေရာ ထိုကဲ့သို့ လိုငွေများနေခြင်းကလည်း ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုကို ဖြစ်လာနိုင်သည်ဟု စီးပွားရေးပညာ ရှင်များက ပြောထားသည်။
ငွေကြေးဖောင်းပွမှုကြောင့် မြန်မာနိုင်ငံတွင် ယခုဘဏ္ဍာနှစ်၌ ကုန်ဈေးနှုန်းသည် ၁၃ ရာခိုင်နှုန်း ခန့်မြင့်တက်လာပြီး လိုငွေပြမှုမှာ လည်း ၉ ရာခိုင်နှုန်းခန့် ရှိနေ ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) က ခန့်မှန်းသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ဂျီဒီပီ၏ ၈ ရာခိုင်နှုန်းခန့်ရှိနေပြီး နိုင်ငံခြား အရန် ငွေပမာဏမှာ သွင်းကုန်တန်ဖိုးသုံးလစာ အောက်တွင်ရှိနေကြောင်း အိုင်အမ်အက်ဖ်က ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ