By The Trad Times, Shweproperty.com
Updated at 16 July 2015
ဒေါ်လာဈေး အပြောင်းအလဲ၊စီမံကိန်း လုပ်ငန်းသစ်များ ဖော်ထုတ်လုပ်ကိုင်လာခြင်း၊ ဈေးကွက်ကြိုတင်လက်ဦးမှု ရယူလိုသည့် လုပ်ငန်းရှင်များကြောင့် မြန်မာနိုင်ငံ အနှံ့အပြားရှိစီမံကိန်းလုပ်ငန်းများ၏ အနီး တစ်ဝိုက်ရှိ မြေကွက်များ ပြန်လည်အရောင်းအဝယ် ဖြစ်လာသည့်အပြင်ဈေးနှုန်းများပါ ပြန်လည် မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သတင်းရရှိသည်။
”စီမံကိန်းနေရာတွေ အနီးတစ်ဝိုက်က မြေတွေ ဈေးပြန်မြှောက်လာတယ်။ တချို့နေရာတွေဆိုရင်ဈေးက နှစ်ဆနီးပါးလောက် ပြန်ဖြစ်သွားပြီ။ ဇွန်လကတည်းက ဖြစ်ခဲ့တဲ့အပြောင်းအလဲတွေကြောင့်ပါ”ဟုမြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။
ဇွန်လဆန်းမှ စတင်၍ ပြောင်းလဲလာသည့် အမေရိကန်နှင့် မြန်မာကျပ်ငွေ လဲလှယ်မှု နှုန်းထားများမြင့်တက်လာသည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လာနေခြင်း၊ ဇွန်လ ဒုတိယပတ်မှ စတင်၍စီမံကိန်းလုပ်ငန်းသစ်များ အကောင်အထည်ဖော်မည့် သတင်းများထွက်ပေါ်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံသူအချို့၏ ဈေးကွက်လက်ဦးမှုရယူလိုသော ပြောင်းလဲလာသည့်စိတ်ကူးစိတ်သန်းများကြောင့်ရန်ကုန်မြို့တွင်သာမက
မြန်မာနိုင်ငံအနှံ့အပြားရှိ စီမံကိန်းလုပ်ငန်းကြီးများ၏ အနီးတစ်ဝိုက်ရှိ မြေကွက်များပြန်လည် အရောင်းအဝယ်သွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိပဲခူး ဟံသာဝတီ လေဆိပ်အနီးရှိမြေကွက်များ၊ စက်မှုဇုန်မြေကွက်များ၊ ရန်ကုန်မြို့၏ အရှေ့ဘက်နှင့်မြောက်ဘက်တွင် ဖော်ထုတ်မည့်မြို့သစ်စီမံကိန်းဧရိယာအတွင်းရှိမြေကွက်များ၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားအနီးတွင် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးရှိမြေကွက်များ၊ မော်လမြိုင်မြို့အနီးတွင် တည်ဆောက်မည့် ဘီလူးကျွန်းနှင့် ချောင်းဆုံမြို့နယ်အကြားဆက်စပ်ပေးမည့် သံလွင်တံတားသစ်တည်ဆောက်မည့် သတင်းများအပြင် မုဒုံမြို့နယ်တွင်လည်း အာရှပတ်လမ်းတည်ဆောက်မည့် သတင်းများကြောင့် ယင်းစီမံကိန်းအနီးတစ်ဝိုက်ရှိ မြေကွက်များပါ အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။
”ညောင်တုန်းက ဗိုလ်မြတ်ထွန်းတံတားအဆင်းက မြေကွက်တွေဆိုတန်ဖိုးနည်း အိမ်ရာသတင်းကြောင့်အရောင်းအဝယ် ဖြစ်လာတယ်။အရင် ကျပ် သိန်း ၂ဝဝ ခေါ်ထားတဲ့အကွက်က သိန်း ၅ဝဝ လောက်အထိပြန်ဖြစ်လာသလို သိန်း ၇ဝဝ လောက်အကွက်တွေက သိန်း ၁,ဝဝဝ အထိဈေးက ပြန်တက်တယ်။ တခြားနေရာတွေမှာလည်း ဈေးက မြောက်လာတယ်။
တချို့သူတွေကလည်းရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့်ဈေးကွက်ကို ခန့်မှန်းပြီး ကြိုဝယ်ထားတာလည်း တွေ့လာရတယ်” ဟု၎င်းက ဆက်လက်ပြောသည်။
ဒလတံတားစီမံကိန်း သတင်းကြောင့် ရန်ကုန်တစ်ဖက်ကမ်းရှိဒလမြို့နယ်အတွင်းရှိ မြေကွက်များ၏ ဈေးနှုန်း ဒုတိယအကြိမ်မြောက်ပြန်လည် မြင့်တက်လာခဲ့ခြင်း၊ မန္တလေးတံတားဦးမြို့နယ်တွင် တည်ဆောက်မည့် မြို့သစ်စီမံကိန်းအနီးရှိ မြေကွက်များ၊ မုံရွာတစ်ဖက်ကမ်းတွင် တည်ဆောက်မည့် မြို့သစ်စီမံကိန်းနှင့်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် မြေနေရာဝန်းကျင်ရှိ မြေကွက်များအပြင် နေပြည်တော်တွင်လည်းကျပ်သိန်းထောင်နှင့်ချီ တန်သည့်မြေကွက်များပါ ပြန်လည် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
”မြေကွက်တွေကို ပြန်မေးလာတဲ့ အခြေအနေတော့ ရှိလာပေမယ့်တကယ့် တေ့တေ့ဆိုင်ဆိုင် အလုပ်ဖြစ်တာ နည်းပါးတယ်။ ခေါ်ဈေးတွေမြင့်နေသလို ဝယ်သူတွေဘက်ကပေးနိုင်တဲ့ ဈေးနဲ့ ရောင်းမယ့်သူကခေါ်တဲ့ ဈေးက ဟနေတယ်။ ဈေးကွက်ကို ခန့်မှန်းရခက်ပါတယ်”ဟုဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှကိုသိန်းထိုက်က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ