By Kumudra, Shweproperty.com
Updated at 20 June 2013
အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအနေအထားမှာ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့သာ အများဆုံးအလုပ်လုပ်နေကြရပေမယ့် မြို့သစ်ရပ်ကွက်ကြီးရဲ့ အိမ်ခြံမြေဈေးကွက်ကတော့ အနာဂတ်မှာ ဈေးကွက်ပိုမိုပွင့်လန်းလာမယ့် အလားအလာကောင်းတွေရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေ သုံးသပ်ပြောပါတယ်။
အခြေကျပြီးဖြစ်တဲ့ မြို့သစ်ရပ်ကွက်ကြီးဟာ သူနဲ့ဆက်စပ်နေတဲ့ ဧရိယာအဝန်းအဝိုင်းအတွင်းမှာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ရှေ့လာမယ့်ကာလတွေမှာ အိမ်မြေဈေးကွက်ပိုဖွံ့ဖြိုးပြီး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ပိုမိုမျက်စိကျလာစေမယ့် အနေအထားမှာ ရှိနေပါတယ်။
မြို့သစ်ရပ်ကွက်ကြီး၊ အထူးသဖြင့် အရှေ့နဲ့ အနောက်ဘက်မှာ ၅၈ လမ်းကနေ ၇၃ လမ်းအထိ၊ တောင်နဲ့မြောက်ဘက်မှာ သိပ္ပံလမ်းကနေ ပြင်ဦးလွင် မန္တလေးသွားလမ်းအထိ ဧရိယာအတွင်းမှာ မြို့ပြင်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနေအိမ်ခြေတွေနဲ့ အခြေကျနေပြီဆိုပေမယ့် အဲဒီဧရိယာ အနီးမှာ ဖွံ့ဖြိုးပြီးလူနေဧရိယာတွေနဲ့ တည်ဆောက်ဆဲ စီမံကိန်းတွေက မြို့သစ်မြေဈေးကွက်ရဲ့ အလားအလာအပေါ် အချိန်ကြာလာတာနဲ့အမျှ အကျိုးသက်ရောက်မှု ပိုလာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုပါတယ်။
“မြို့သစ်ရပ်ကွက်ကြီးရဲ့ အနောက်ဘက်ခြမ်း၊ ၇၃ လမ်းပေါ်မှာလည်း မင်္ဂလာမန္တလေးစီမံကိန်း အကောင်အထည်ဖော်နေသလို မြို့သစ်ရပ်ကွက်ကြီးရဲ့ အရှေ့ခြမ်းမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေလာဖို့ရှိနေပါတယ်။ ပြီးတော့ မြို့သစ်ဧရိယာက မြောက်ဘက်ခြမ်းမှာ လူနေသိပ်သည်းတဲ့ မဟာမြိုင်ရပ်ကွက်ကြီးနဲ့ ဆက်စပ်နေပြီး မြောက်ဘက်မှာဆို ပြည်ကြီးတံခွန်မြို့နယ်ထဲက စက်မှုဇုန်၊ ကားကွင်းတွေနဲ့ ဆက်စပ်နေတယ်။ ဒါတွေက မြို့သစ်အိမ်မြေဈေးကွက် အနာဂါတ်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်နေပါတယ်”လို့ မြို့သစ်က အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
အထူးသဖြင့် ၇၃ လမ်းပေါ်မှာ အကောင်အထည်ဖော်နေတဲ့ မင်္ဂလာမန္တလေးစီမံကိန်းကြောင့် အဲဒီလမ်းဟာ ကောင်းမွန်လာပြီး သွားလာဆက်သွယ်ရေး ချောမွေ့လာသလို အရင်ကလူသွားလူလာ ပြောပလောက်အောင်မများ ခဲ့ပေမယ့် အခုတော့ မြို့သစ်နဲ့ မြို့ထဲကို ဆက်သွယ်ပေးတဲ့ အဓိက လမ်းတစ်လမ်းအဖြစ် အသုံးပြုလာကြကြောင်း လည်း ပြောပါတယ်။
ဒီမင်္ဂလာ မန္တလေးစီမံကိန်းမှာတော့ အိမ်ရာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဈေးဝယ်စင်တာ၊ ဟိုတယ်စီမံကိန်းတွေ၊ ကွန်ဒိုမီနီယံတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် အားကစားနဲ့ဆိုင်တဲ့ အဆောက်အအုံတွေ၊ ဧရိယာတွေအပြင် လူထုနဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပနိုင်မယ့် ကွန်ဗင်းရှင်းစင်တာမျိုးလည်း တည်ဆောက်ဖို့ အစီအစဉ် တွေရှိတယ်လို့ သိရပါတယ်။ ဒါတွေအကောင်အထည်ပေါ် လာတာနဲ့အမျှ လူနေထိုင်မှုကလည်း အချိန်နဲ့ အမျှ တိုးတက်လာမှာဖြစ်ပြီး မြို့သစ်ရပ်ကွက်နဲ့ မြို့တွင်းရဲ့ ဆက်စပ်မှုဟာ ပိုမိုအသက်ဝင်လာဖို့ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက ဆက်လက်ပြောပါတယ်။
“မြို့သစ်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လူတန်းစားအလွှာအသီးသီး စဉ်းစားလို့ရနိုင်တဲ့ အားသာချက်ရှိနေပါတယ်။ ဆိုလိုတာက အလားအလာအရမ်းကောင်းပြီး ပိုက်ဆံတတ်နိုင်တဲ့ သူတွေသာ စဉ်းစားနိုင်မယ့် အိမ်မြေအကွက်အကွင်းတွေရှိသလို လူလတ်တန်းစားနဲ့ သာမန်လူတန်းစားတွေ လက်လှမ်းမီနိုင်မယ့် အကွက်အကွင်းမျိုးတွေလည်း ရှိပါတယ်။ ဆိုလိုတာက ကျပ်သိန်းသောင်းဂဏန်းကပ်နေတဲ့ အိမ်မြေတွေရှိသလို ထောင်ဂဏန်း၊ ရာဂဏန်းဈေးခေါ်တဲ့ အိမ်မြေတွေလည်း ရှိနေပါတယ်။ မြို့သစ်ရဲ့ အရှေ့ခြမ်းအဖျားက ဧရိယာတွေဟာ သာမန်လူတန်းစားတွေ စဉ်းစားလို့ရနိုင်မယ့် အပိုင်းတွေပါ”လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
ရှေ့လာမယ့်အနာဂါတ်မှာ အထက်က ပြောခဲ့တဲ့အချက်ဟာ အိမ်မြေဈေးကွက်မှာ ဝင်ရောက်အလုပ် လုပ်လိုသူတွေအတွက်လည်း ပိုပြီးလုပ်သာကိုင်သာ ရှိပါလိမ့်မည်။ လူတန်းစားအများစု ပါဝင်ပတ်သက်နိုင်မယ့် ဈေးကွက်ဖြစ်နေတဲ့အပြင် ထပ်ပေါ်ပေါက်လာဖို့ရှိတဲ့ အလားအလာကောင်းတွေကြောင့် မြို့သစ်ဈေးကွက်ဟာ မျက်နှာပန်းလှဦးမှာဖြစ်ကြောင်း သုံးသပ်ပြောပါတယ်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ