By Ra Wai, Shweproperty.com
Updated at 2 June 2020
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျပ်သိန်း ၂၂၀ မှ ကျပ်သိန်း ၂၅၀ အကြား တိုက်ခန်းများ ရောင်းချပေးမည့် နေပြည်တော် အငြိမ်းစားဝန်ထမ်းအိမ်ရာ ဝယ်ယူလိုသူများ စတင်လျှောက်ထားနိုင်သည်ဟု အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်နေရာချထားရေးဆပ်ကော်မတီက ကြေညာသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇမူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး မြို့မစျေးအနီး၌ လေးခန်းတွဲ၊ လေးထပ်၊ အခန်းတစ်ခန်းလျှင် အိပ်ခန်းနှစ်ခန်းပါ ၆၅၀ စတုရန်းပေရှိ အခန်း ၁၀၀၀ ကို တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူပြီးသူများနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း အငြိမ်းစားယူမည့် အရာထမ်း၊ အမှုထမ်းများကို ရောင်းချပေးမည်ဖြစ်သည်။
တိုက်ခန်းစျေးနှုန်းများမှာ မြေညီထပ် ကျပ်သိန်း ၂၅၀၊ ပထမထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၃၀ နှင့် တတိယထပ် ကျပ်သိန်း ၂၂၀ ဖြစ်သည်။ လက်ငင်းအကျေစနစ် သို့မဟုတ် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူကာ ငွေပေးသွင်းရမည့် စနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရစ်ကျဝယ်ယူမည့်သူများအနေဖြင့် တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ချက်ခြင်းပေးသွင်းရမည်ဖြစ်ကာ ကျန်ရာခိုင်နှုန်း ၇၀ ကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းအတိုင်း သုံးနှစ်၊ ငါးနှစ်နှင့် ဆယ်နှစ်အတွင်း လစဉ်အရင်း၊ အတိုး ပေးဆပ်ရမည်ဖြစ်သည်။
“ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေကို နေပြည်တော်မှာ အိမ်ခန်းများ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်းဖြစ်ကြောင်း စာရွက်စာတမ်းသက်သေနဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ မည်သည့် ခုနှစ်ကမဆို ၂၀၁၉ အထိ အငြိမ်းစားယူခဲ့သူများနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အငြိမ်းစားယူမယ့်သူများ အကျုံးဝင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက အငြိမ်းစားဝန်ထမ်းအားလုံး လျှောက်ထားနိုင်ပါတယ်။ အရပ်ဘက်ဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများထဲက နေပြည်တော်မှာ အခြေချဖို့ စဉ်းစားထားတဲ့သူတိုင်း ဝယ်ယူခွင့်ရှိပါတယ်။ မြို့မစျေးနဲ့ နီးတယ်။ ဓာတ်ဆီဆိုင်၊ အထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နီးတယ်။ အနာဂတ်အဝေးပြေးကားဂိတ် လျာထားနေရာနဲ့ နီးတယ်။ အိမ်ရာအနီးမှာ Commercial Zone လေးတွေ ရှိလာပါဦးမယ်။ အခန်းအကျယ် ၆၅၀ စတုရန်းပေ ရှိပါတယ်။ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွဲလျက်၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ တစ်စုံ စသည်ဖြင့် ပါဝင်ပါတယ်။ မြေဧက ၇၀ ခန့်မှာ အခန်း ၃၀၀၀ ကျော် တည်ဆောက်မှာ ဖြစ်ပါတယ်။ ဇွန် ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်ပါတယ်” ဟု နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက အသိပေးထားသည်။
Ref By: Eleven Media
Photo Credit: NPTDC Webportal
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ