By Myanmar Builders Guide, Shweproperty.com
Updated at 20 May 2019
နေပြည်တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ကျူးကျော်များ၊ အိုးခွဲအိမ်ခွဲများနှင့်မြေအစားမရသေး သူများအတွက် မြေကွက် ချပေးခြင်းသို့မဟုတ် အဆောက်အဦးဆောက်ကာ တိုက်ခန်း ပေးရန်အစီအစဉ်ရေးဆွဲနေကြောင်း စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။
'' ဒီကျူးကျော်တင်မက၊ အိုးခွဲအိမ်ခွဲများ၊ အချို့မြေအစားမရသေးတဲ့သူတွေအတွက်ကိုလည်း စီစဉ်ဖို့အတွက် Planing ပြန်လုပ်နေပါတယ်။ အဲဒီ Planning ထွက်လာတဲ့အပေါ်မှာ မြေကွက်တွေပေးမှာလား၊ အထပ်မြင့်အဆောက်အဦးတွေဆောက်ပြီး ဆောင်ရွက်ပေးမလားဆိုတာတော့ မူဝါဒမထွက်သေးပါဘူး''ဟု မေ ၁၅ ရက်နေ့ကကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြေကွက် သို့မဟုတ် တိုက်ခန်းပေးမည့်အစီအစဉ်ကိုလည်း ယခုအစိုးရသက်တမ်းအတွင်းတွင်ပင်ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
နေပြည်တော် ရှိကျူးကျော်နေထိုင်သူများမှ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း အခြားဒေသအသီးသီးမှ လာရောက်ကာ နေထိုင်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့သည်နေရပ်သို့မပြန်တော့ဘဲ နေပြည်တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေဧရိယာများ အတွင်း ဖြစ်သလိုနေထိုင်လျက်ရှိသူများဖြစ်သည်။
ထို့အပြင် နေပြည်တော်မတည်ဆောက်ခင်ကတည်းက လာရောက်ကာ ကျူးကျော်နေထိုင်သူများလည်းရှိနေသည်။
'' ပျဉ်းမနားကနေ လယ်ဝေးဘက်အထွက်မှာပေါ့။ အဲဒီမှာ ကြွက်တဲဆိုတာရှိတယ်။ သူတို့ကဟိုးအရင်ကတည်းက ဆည်မြောင်းဖောက်တဲ့လုပ်ငန်းခွင်ကို အညာကနေရောက်လာကြတာ။ ခုထိလည်း ကျူးကျော်လိုပဲနေနေကြတယ်''ဟု သပြေလှရပ်ကွက်နေ ကိုနေစိုး ကပြောသည်။
အစားမရသေးသူများမှာ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း မြို့ပြစီမံကိန်းနှင့်မလွတ်သဖြင့် နေအိမ် ရွှေ့ပြောင်းပေးခဲ့ရသူများဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ယခင်အစိုးရလက်ထက်များကတည်းက မြေအစားပြန်ပေးခဲ့မှုများလည်း အများအပြားရှိ ခဲ့သောကြောင့် သေချာပြန်စီစစ်ရမည်ဖြစ်ကြောင်းလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမင်းသူကပြောကြားထားသည်။
Ref & Photo Credit :Myanmar Builders Guide
Posted By : Witt Yee (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ