By စုလှိုင်ထွန်း, Shweproperty.com
Updated at 26 October 2012
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်း မြင့်မားနေသည်ဟု သတင်းကြီးချိန်တွင် အိမ်ခြံမြေအခွန် အနည်းငယ်လျော့နည်း လာသော်လည်း ဈေးကွက်ဝယ်ရောင်း အား တက်လာသည်မရှိဘဲ ပုံမှန်တန်းဖြင့် အေးနေဆဲဖြစ်သည်ဟု သိရသည်။
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိအိမ်ခြံမြေဈေးကွက်တွင် အခွန်နှုန်းထားသစ်ကြောင့် ဈေးကွက်နှေးကွေးနေချိန် တွင် နေပြည်တော်အိမ်ခြံမြေ ဈေးကွက် မှာမူ နှေးကွေးနေသည်မှာ ၁၂ လခန့်ပင် ကြာမြင့်ပြီဟု သိရသည်။
နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် အငှားဈေးကွက်၌ အားထားရသည့် စားသောက်ဆိုင်လုပ်ငန်းတချို့ကလည်း ဆိုင်များပိတ်သွားကြောင်း သိရသည်။ ''ဝယ်ရောင်းတင်မဟုတ်ဘူး၊ အငှား ဆိုတာလည်း စီးပွားရေးကောင်းမှ ရောက်လာမှာပေါ့။ စီးပွားရေးလည်း မဖြစ် လူလည်းမရှိဆို ဘယ်ဖြစ်မလဲ။ ဝယ်ရောင်းတချို့ဆိုလည်း အရှုံးခံပြီး ပြန် ရောင်းတာတွေကို ရှိပါတယ်''ဟု အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
''ရန်ကုန်၊ မန္တလေးမှာတော့ အခွန်၃၇ ရာခိုင်နှုန်းကိုကြောက်လို့ စဉ်းစားတဲ့ အတွက်နှေးကွေးတယ်လို့ သိရတယ်။ နေပြည်တော်ကတော့ မဟုတ်ဘူး၊ အခွန် ကလည်း ဂရန်လျှောက်မှ ပေးဆောင်ရ တာ။ ဘိုးဘွားပိုင်မြေကလည်း ပျဉ်းမနားလောက်ပဲရှိတာ။ ကျန်တာတွေက စည်ပင်ပိုင်တဲ့ ပါမစ်မြေတွေများတယ်။
''ဒီအတွက် ဂရန်မလျှောက်တော့ဘူး။ လက်ထဲမှာ အရောင်းအဝယ်စာချုပ် ကိုင် ထားတယ်၊ ဂျန်နရယ်ပါဝါကိုင်ထားတယ် ဒီလိုပဲရှိတော့တယ်။ အခွန်နှုန်းထားက လည်း ဒီအတိုင်းဆိုအခွန်ရှောင်ချင်သူပဲများမယ်ထင်တယ်''ဟု နေပြည်တော်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
လက်ရှိကောက်ခံလျက်ရှိသည့် အိမ်ခြံမြေအခွန်နှုန်းထားများသည် အာဆီယံစံနှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းမှ သိရသည်။ ''အခွန်ကိုတော့ အာဆီယံစံနှုန်းနဲ့ ကောက်တယ်တဲ့။ ဒါဆိုကိုယ့်နိုင်ငံမှာ နိုင်ငံတကာနဲ့တူတဲ့ စီးပွားရေးဖြစ်ပြီလား ၊ ဂျီဒီပီ ဘယ်လောက်တိုးပြီလဲ၊ ဘယ် လောက် ထိဖွံ့ဖြိုးနေပြီလဲဆိုတာ အားလုံး သိကြပါတယ်။ ဒါကြောင့် အာဆီယံစံနှုန်း ဆိုတဲ့ပေတံနဲ့ တိုင်းမယ်ဆိုရင် ကိုယ်နိုင်ငံရဲ့ အခြေအနေကို မေ့ထားလို့မရဘူး''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
''နေပြည်တော် ဈေးကွက်ကတော့ အေးဆဲပါပဲ။ ဆောက်လုပ်ရေးတွေ ပြန်စဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေ ဆိုတာ နိုင်ငံတော်နဲ့ဆက်စပ်နေတာပါ။ နောက်ပိုင်း အိမ်ခြံမြေဈေးကွက် သွက် မသွက်တော့ သေချာမပြောတတ်ဘူး။ အစိုးရရုံးစိုက်ရာမြို့ဖြစ်တဲ့အတွက်တော မဖြစ်မနေတိုးတက်နိုင်မယ့် အနေ အထား ရှိပါတယ်''ဟု ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုကျော်စွာ က ပြောသည်။
နေပြည်တော် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ရပ်ဆိုင်းထားပြီးနောက် ပိုင်း အိမ်ခြံမြေဈေးကွက်သည်လည်းအေးနေသည်မှာ နှစ်ပတ်လည် ကြာမြင့် လျက်ရှိသည်ဟု သိရသည်။
''အရင်က ကုမ္ပဏီတစ်ခုဆို ဒါရိုက် တာ ဝယ်တယ်၊ မန်နေဂျာလည်း အိမ်ခြံမြေကို စိတ်ဝင်စားတယ်။ ဝယ်တယ်။ ဟဲဗီးဖြစ်မယ်လို့မှန်းပြီး ဝယ်ကြတယ်။ ခုလောလောဆယ်တော့ ငွေမြုပ်သွားတဲ့ အနေအထားနဲ့ ဈေးကွက်ငြိမ်နေတာကို ကြုံနေရပါတယ်''ဟု ကိုကျော်စွာက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ အခြေ ခိုင်ဖြစ်တည်ပြီးနောက် ပြည်ပစီပွားရေး လုပ်ငန်းများ ရောက်ရှိရန်အလားအလာ များကြောင့် အိမ်ခြံမြေဈေးကွက်သည် လည်း ပြန်လည်လှုပ်ခတ်လာမည်ဟု လုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိ သည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရောင်းချသည့်ပါမစ် မြေကွက် ဈေးနှုန်းအတက်အကျနှင့် ပတ်သက်ပြီး ဈေးများမြင့်လာနိုင်မည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက မျှော်မှန်း ကြသည်။
''ဈေးကတော့ ကျဖို့မရှိဘူး။ မြင့်ဖို့ပဲရှိတယ်၊ အကွက်ကောင်းကောင်းဝိုင်း တွေဆို ထိပ်စီးလုပ်ငန်းရှင်လောက်ပဲ ကပ်နိုင်တယ်။ ဒါတောင် စည်ပင်က လူကြည့် ရောင်းတယ်လို့ကြားတယ်''ဟု မြေကွက် ဈေးနှုန်းအမြင့်အနိမ့်ကို ပုဗ္ဗသီရိမြို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။
မဏိရတနာ ကျောက်မျက်အရောင်းပြခန်းအနီးရှိ ပေ ၁ဝဝ ပတ်လည် မြေတစ်ကွက်လျှင် ကျပ်သိန်း ၁,၇ဝဝ မှ ၂,၅ဝဝ အထိ နေရာအလိုက် နေပြည်တော်စည်ပင်သာယာရေးက ရောင်းချပေးလျက်ရှိသည်။ နေပြည်တော်၌ အသစ်ဖော်ထုတ် ထားသည့် သီရိငါးမြို့နယ်ရှိ ပါမစ်မြေ အကွက်များမှ ကျန်ရှိအကွက်လွတ်များအား နေပြည်တော် စည်ပင်သာယာရေးကော်မတီမြေယာဌာနတွင်မည်သူမဆို ဝယ်ယူနိုင်ကြောင်း သိရသည်။
source : myanmartimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ