By Eleven Media Group, Shweproperty.com
Updated at 16 May 2019
နေပြည်တော်ကောင်စီနယ်မြေ၌ စာရင်းကောက်ယူထားသည့် ကျူးကျော် ၉၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် မြေကွက်ပေးခြင်းနှင့် အထပ်မြင့်ဆောက်အဦး ဆောက်လုပ်ပေးရန် မူဝါဒသီးခြားမထွက်သော်လည်း လက်ရှိအစိုးရသက်တမ်းအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
မေ ၁၅ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် နေပြည်တော်တွင် ကျူးကျော်များရှိနေသည့်အတွက် နေပြည်တော်ကောင်စီမှ မည်ကဲ့သို့ ဖြေရှင်းမလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းမှုကို အမြဲတမ်းအတွင်းဝန်ကြီး ဦးမျိုးအောင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
“အားလုံး နေပြည်တော်ကောင်စီက စာရင်းကောက်ထားတာရှိပါတယ်။ ကျူးတွေအနေနဲ့ကတော့ အားလုံး ၉၀၀ ကျော် ရှိပါတယ်။ အဲဒီဟာကို စာရင်းနဲ့ လူဦးရေနာမည်စာရင်းနဲ့တကွ ကောက်ယူထားပြီး ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအနေဖြင့် Urban Plan (မြို့တွင်းစီမံချက်) လုပ်ဆောင်ရာတွင် ကောင်စီဥက္ကကိုယ်တိုင်ဦးစီးကာ နေပြည်တော်ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များမှ ကျူးကျော်များသာမက အိုးကွဲအိမ်ကွဲများ၊ မြေအစားမရသေးသူများအတွက် စီစဉ်ပေးနိုင်ရန် စီမံကိန်း ပြန်လည်လုပ်ဆောင်နေကြောင်း ဦးမျိုးအောင်ကဆိုသည်။
၎င်းက “အဲဒီ planning ကနေထွက်လာတဲ့အပေါ်မှာ မြေကွက်တွေ ပေးမှာလား။ အထပ်မြင့် အဆောက်အဦးတွေဆောက်ပြီးတော့ ဆောင်ရွက်ပေးမလားဆိုတဲ့ဟာကတော့ မူဝါဒသီးခြား မထွက်လာသေးပါဘူး၊၊ ထွက်လာတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့အကြောင်းပြန်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်၊၊ ဒီအစိုးရသက်တမ်းအတွင်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ လုပ်နေပါတယ်။ ဒီဥစ္စာက မကြာခင်ထွက်လာဖို့ရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် အခြားဒေသမှ အလုပ်လာရောက်လုပ်ကိုင်သူများမှ ကျူးကျော်နေထိုင်သူများရှိသည့်အပြင် ဒေသခံ ကျူးကျော်နေထိုင်သူများလည်းရှိကြောင်း ဒက္ခိဏသီရိမြို့နယ်တွင် နေထိုင်သူ ကိုသက်မင်းထွန်းက ပြောကြားသည်။
Ref : Eleven Media Group
Photo Credit : Visura
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ