By Myanmar Times, Shweproperty.com
Updated at 7 April 2015
ရွှေတိဂုံဘုရားအနီးတွင် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိသည့် အကြီးစားဆောက်လုပ်ရေးစီမံကိန်း ငါးခု ကို ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) က ခေတ္တလုပ်ငန်းရပ်ဆိုင်းရန်ညွှန်ကြားခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကနည်းပညာပိုင်းဆိုင် ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါတွင် အဆိုပါစစ်ဆေးမှုများ ပြုလုပ်ပြီးစီး၍ ထွက်ပေါ်လာသည့်ရလဒ်များနှင့် အသင်း၏ အကြံပေးချက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရရှိခဲ့ ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းတစ်ခုရေးဆွဲကာ ယင်းအကြီးစားဆောက် လုပ်ရေးစီမံကိန်းငါးခုကို ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာ တိုင်း(မ်)ကိုပြောသည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ စစ်ဆေးချက်တွေရပါပြီ။ အဲဒီနည်းပညာပိုင်းဆိုင်ရာ စစ်ဆေးချက်တွေထဲ မှာ အဓိက မြေတူးတဲ့အခါမှာ အရမ်း နက်နက် မတူးသင့်ဘူးဆို တာရယ်၊ သဘာ၀ ရေစီးရေလာတွေ ပိတ်ဆို့တာတွေ မဖြစ် အောင် အဓိကလုပ်သင့်တယ်ဆိုတာတွေကို အကြံပြုချက်ပေးထားပါတယ်။ ဒါကို ဆက် လက် ကိုင်တွယ်နိုင်ဖို့အတွက်ရန်ကုန် မြို့တော် စည်ပင်သာယာနဲ့ ပူးပေါင်းပြီး မဟာဗျူဟာစီမံကိန်း (Maste Plan)ရေးဆွဲ ပြီး ဆက်ပြီးဆောင်ရွက်သွားမှာပါ။ အခု လောလောဆယ် မြို့တော်စည်ပင်ကိုလွှဲပြောင်း ထားပါတယ် " ဟု ၎င်းကပြောသည်။ တစ်လကျော်ကြာ ရပ်ဆိုင်းထားရသောအကြီးစားဆောက်လုပ်ရေးစီမံကိန်း ငါးခုဖြစ် သည့်Dagon City 1(Marga Landmark ကုမ္ပဏီ)၊Dagon City 2(သုခရတနာ ကုမ္ပဏီ)၊Shwe Taung Development အဆောက်လုပ်ရေးကုမ္ပဏီ၏ စီမံကိန်း၊Shwe Taung Hyday Development ကုမ္ပဏီ စီမံကိန်းနှင့် Adventure Myanmarကုမ္ပဏီ ၏ ဆောက်လုပ်ရေး စီမံကိန်းများသည် ရွှေတိဂုံဘုရားပတ်ဝန်းကျင်တွင် တည်ရှိသည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ် သည့်အချိန်တွင် ဘုရားကို ထိခိုက်မှုမရှိစေရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး ယင်းလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)ကလက်ရှိအချိန်ထိ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု၏ ညွှန်ကြားချက်ဖြင့် ယင်းလုပ်ငန်း ငါးခုကိုဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပြီး ရပ်ဆိုင်းမှု ကာလမှာ မပြီးဆုံးသေးကြောင်း အဆိုပါဌာန ၏လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်း က ပြောသည်။ "ပြီးခဲ့တဲ့လကတည်းက MIC ကကျွန်တော် တို့ဌာနကို အဲဒီစီမံကိန်းတွေရဲ့ လုပ်ငန်း ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့တယ်။လုပ်ငန်း ရပ်ဆိုင်းဖို့ ညွှန်ကြားထားတာက အခုထိတော့ မပြီးဆုံးသေးပါဘူး။ ဘယ်လောက်ကြာမလဲဆိုတာတော့ လောလောဆယ်မပြောနိုင် သေးဘူး။ သေချာအဖြေထွက်လာတဲ့အထိတော့ဆက်ပြီးဆောင်ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း အင်ဂျင်နီယာအသင်းက ထုတ်ပြန် သည့် စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အဆိုပါကုမ္ပဏီငါးခုနှင့် ပြောဆို ဆွေးနွေးခဲ့ပြီး ယင်းကုမ္ပဏီများမှာ သက်ဆိုင် ရာဌာနများ၏ ထုတ်ပြန်သည့်နည်းလမ်းများ အတိုင်း လိုက်နာဆောင်ရွက်မည်ဟု ပြန် လည်ပြောဆိုခဲ့ကြောင်းဦးအောင်နိုင်ဦးက ပြောသည်။ သို့သော် အဆိုပါနည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ၏ အကြံပြုချက်များတွင် ယင်း ရွှေတိဂုံဘုရားပတ်ဝန်းကျင်အနီးတွင် တည် ဆောက်မည့်လုပ်ငန်းများ၏ အထပ်မြင့် အဆောက်အအုံများနှင့် ဆိုင်သည့် အချက် အလက်များ မပါဝင်ကြောင်း ၎င်းက ပြောသည်။ "ဒီစစ်ဆေးတွေ့ရှိချက်တွေထဲမှာတော့ အထပ်မြင့်ကိစ္စတွေ မပါပါဘူး။ အဆောက်အအုံတွေ ဆောက်လို့မြေတူးတဲ့အခါ အရမ်း အနက်ကြီးမတူးဖို့ကိုပဲ အဓိက အကြံပြုထား ပါတယ်။ မြေအနက်ကြီးမတူးရင်တော့ အခြေခံ အားဖြင့် အဆောက်အအုံကတော့ အရမ်း အမြင့်ကြီး ဆောက်လို့မရဘူးပေါ့" ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့ရှိ အဆောက်အအုံများကို တည်ဆောက်ခွင့် ပါမစ်ပေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က လည်း အဆိုပါရွှေတိဂုံဘုရားပတ်ဝန်းကျင်အနီးတွင် တည်ဆောက်လျက်ရှိသည့် စီမံကိန်း အချို့သည်၎င်းတို့၏ စီမံကိန်းအဆိုပြုချက် မှာ မူအားဖြင့်သာ ခွင့်ပြုထားပြီးအသေးစိတ်အဆိုပြုချက်များကို ခွင့်ပြုရန်စိစစ်နေဆဲ ဖြစ်ကြောင်း ဦးနေဝင်းကပြောသည်။ "အဲဒီက တချို့စီမံကိန်းတွေကMICက ခွင့်ပြုထားတယ်ဆိုတာတွေက မူအားဖြင့်ပဲ ခွင့်ပြုထားသေးတာ တည်ဆောက်မှုပိုင်းဆိုင်ရာ ဒီဇိုင်းတွေ၊ Structure ပိုင်းတွေ၊ အထပ် အမြင့် အဆောက်အအုံတွေနဲ့ပတ်သက်ပြီးခွင့်မပြုရသေးဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်နိုင်အောင် ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။ "Dagon City2 စီမံကိန်း၏ သုခရတနာ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးသောင်း ထိုက်မင်းက"လုပ်ငန်းတချို့ကို စတင်ခွင့် ရပါပြီ။ ကျွန်တော်တို့ရဲ့စီမံကိန်းထဲမှာပါတဲ့ အဆောက်အအုံတချို့ကိုတော့ အရင်ပုံစံ လိုမဟုတ်ဘဲ နည်းနည်းနောက်ဆုတ်ပြီး ဆောက်ပေးရပါမယ်"ဟုပြောသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ