By Wut Yee Htun (ShweProperty.com), Shweproperty.com
Updated at 25 February 2019
ကမ္ဘောဇဘဏ်ရဲ့ အိမ်ရာချေးငွေအစီအစဉ်သစ် (၅)မျိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က စတင်မိတ်ဆက်လိုက် ပါတယ်။ ရန်ကုန်မြို့အတွင်းမှာ တည်ဆောက်ထားတဲ့ အိမ်ရာတွေကို အိမ်ရာချေးငွေလျှောက်ပြီး ဝယ်ယူမှုတွေ (၂၀၁၈)ခုနှစ် တစ်နှစ်ပတ်လုံးမှာ ခေတ်စားလာပါတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ချေးငွေတွေရယူပြီး အိမ်ရာ ဝယ်ယူမှုတွေမြင့်တက်လာတာဟာ အိမ်ငှားနေရတဲ့သူတွေ၊ ကြင်စဦးဇနီးမောင်နှံတွေနဲ့ ကိုယ်ပိုင်အိမ် ကလေးပိုင်ဆိုင်ချင်တဲ့သူတွေရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်လာပြီလို့ ဆိုလို့ရပါတယ်။
အိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အတိုးနှုန်းတစ်နှစ်ကို (၁၃)ရာခိုင်နှုန်း ပေးချေရ ပေမယ့် အခုစတင်မိတ်ဆက်လိုက်တဲ့ KBZ Bank အိမ်ရာချေးငွေအစီအစဉ်ကတော့ အတိုးနှုန်း (၁၁)ရာခိုင်နှုန်း ထိသာ ပေးသွင်းရမယ့် အကျိုးကျေးဇူးတွေ ရှိနေပါပြီ။
KBZ Bank ရဲ့ အိမ်ရာချေးငွေသက်တမ်းကတော့ (၃)နှစ်ကနေ (၂၅)နှစ်ထိဖြစ်ပါတယ်။ မိမိဝယ်ယူမယ့် အိမ်ရာ အမျိုးအစားအလိုက်၊ ချေးငွေသက်တမ်းကို ကိုယ်ကြိုက်နှစ်သက်တဲ့ သက်တမ်းနှစ်ကိုရွေးချယ်ပြီး ဝယ်ယူခွင့်ရှိ ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ အိမ်ရာချေးငွေအမျိုးအစားသစ်(၅)မျိုးက ဘာတွေလဲ?
(၁) သတ်မှတ်ရက်အတွင်း အတိုး၊အရင်း မှန်မှန်ပေးသွင်းသော ချေးငွေရယူသူများအတွက်
အိမ်ရာချေးငွေ အတိုးနှုန်းကို ပထမတစ်နှစ်အတွင်း (၁၃) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက နှစ်စဉ် (ဝ.၅) ရာခိုင်နှုန်းစီ လျော့ကျနိုင်ကာ အနည်းဆုံး (၁၁) ရာခိုင်နှုန်းသာ အတိုးနှုန်း ပေးသွင်း ရသည်အထိ အကျိုးခံစားနိုင်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၁၅၀) ရှိရမည့် ယခု အစီအစဉ်တွင် ကမ္ဘောဇဘဏ်မှ အိမ်ရာချေးငွေ ရယူပြီး အိမ်ရာဝယ်ယူလိုသော မည်သူမဆို ခံစားနိုင်မည် ဖြစ်ပါသည်။
(၂) အိမ်ရာချေးငွေနှင့် တန်ဖိုး အချိုးအပေါ်မူတည် တွက်ချက်ခြင်း
အိမ်ရာချေးငွေနှင့် တန်ဖိုး အချိုး (LTV) ဆိုသည်မှာ အိမ်ရာတန်ဖိုး ကျသင့်ငွေအလိုက် ရယူသော ချေးငွေ ပမာဏကို ဆိုလိုပါသည်။ အကယ်၍ အိမ်ရာချေးငွေသည် တန်ဖိုးပေါက်ဈေး (အိမ်ခြံမြေ အကဲဖြတ်လေ့လာသူများ သတ်မှတ်သည့် ရာဖြတ်တန်ဖိုး) ၏ (၆၀) ရာခိုင်နှုန်း သို့မဟုတ် (၆၀) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၂) ရာခိုင်နှုန်း ကောက်ခံသွားမည် ဖြစ်ပါသည်။ ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချကောက်ခံသွားမည် ဖြစ်ပါသည်။ အကယ်၍ အိမ်ရာချေးငွေသည် ရာဖြတ်တန်ဖိုး၏ (၅၀) ရာခိုင်နှုန်း သို့မဟုတ် (၅၀) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၁) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၅၀၀) ရှိရမည့် ယခု အစီအစဉ်အတွက် အိမ်ရာဝယ်ယူလိုသော မည်သူမဆို လျောက်ထားနိုင်မည်ဖြစ်ပါသည်။
(၃) ပထမဦးဆုံးအကြိမ် အိမ်ရာချေးငွေရယူသော ကြင်စဦးဇနီးမောင်နှံများအတွက်
နှစ်ဦးစလုံး ပုံမှန်ဝင်ငွေရှိသော ကြင်စဦးဇနီးမောင်နှံများအတွက် အိမ်ရာချေးငွေအစီအစဉ်သည် ပထမ သုံးနှစ်တွင် အတိုးနှုန်း (၁၂) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည်ဖြစ်ပါသည်။ ချေးငွေရယူထားသော ဇနီးမောင်နှံမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်ပါသည်။ အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၂၀၀) ဖြစ်ပါသည်။
(၄) လစဉ်ဝင်ငွေနှင့် ပေးသွင်းမှုအပေါ်မူတည် တွက်ချက်ခြင်း
ယခု အိမ်ရာချေးငွေ အစီအစဉ်သည် ချေးငွေရယူသူ၏ လစဉ်ပုံမှန် ဝင်ငွေနှင့် လစဉ် ချေးငွေပြန်လည် ပေးသွင်းရ မည့် ပမာဏကို နှိုင်းယှဉ်တွက်ချက်ခြင်း ဖြစ်ပါသည်။ အကယ်၍ လစဉ် ချေးငွေပြန်လည် ပေးသွင်းရမည့် ပမာဏသည် ပုံမှန် ဝင်ငွေ၏ (၃၀) ရာခိုင်နှုန်း သို့မဟုတ် (၃၀) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၂) ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ပါသည်။ ချေးငွေရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်ပါသည်။ အကယ်၍ လစဉ် ချေးငွေပြန်လည် ပေးသွင်းရမည့် ပမာဏ သည် ပုံမှန် ဝင်ငွေ၏ (၂၀) ရာခိုင်နှုန်း သို့မဟုတ် (၂၀) ရာခိုင်နှုန်းအောက်ဖြစ်မည်ဆိုပါက အတိုးနှုန်း (၁၁) ရာခိုင်နှုန်းမှ စတင်ကောက်ခံသွားမည် ဖြစ်ပါသည်။
အနိမ့်ဆုံး ချေးငွေတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၃၀၀) ရှိရမည့် ယခု အစီအစဉ်အတွက် ပုံမှန် ဝင်ငွေရှိသော လခစား ဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့် Professional များလျှောက်ထားနိုင်သည်။ လခစား ဝန်ထမ်းများသည် မည်သည့်ဘဏ်တွင်မဆို payroll ဖြင့် လစာထုတ်ယူထားသည့် ပြေစာ (သို့မဟုတ်) အခွန်ပြေစာ တင်ပြနိုင်ရပါမည်။ ကိုယ်ပိုင်လုပ်ငန်းရှင်များအနေဖြင့် အရစ်ကျ ပေးသွင်းရမည့် ငွေပမာဏ၏ တစ်လစာကို ကြိုတင်ပေးသွင်း ထားရမည် ဖြစ်ပါသည်။
(၅) လစဉ် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏကို ကြိုတင်ပေးသွင်းအပ်နှံထားခြင်း
အကယ်၍ ချေးငွေလျှောက်ထားသူများအနေဖြင့် လစဉ် အရစ်ကျ ပေးသွင်းရမည့်ငွေပမာဏ၏ နှစ်လစာကို ကြိုတင်ပေးသွင်းအပ်နှံထားမည်ဆိုပါက အထူးအတိုးနှုန်း (၁၂) ရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်ပါသည်။ ချေးငွေ ရယူသူမှ အတိုး၊အရင်း မှန်မှန်ပေးသွင်းပါက သုံးနှစ်အကြာတွင် အတိုးနှုန်း (၁၁) ရာခိုင်နှုန်း လျော့ချ ကောက်ခံသွားမည် ဖြစ်ပါသည်။
အထက်ပါ အိမ်ရာချေးငွေ အစီအစဉ်များ အားလုံးအတွက် မည်သည့် အခြေအနေတွင်မဆို လစဉ် အတိုး၊အရင်း ပေးသွင်းရန် ပျက်ကွက်ပါက အတိုးနှုန်း (၁၃) ရာခိုင်နှုန်းအဖြစ် ပြန်လည်ပြောင်းလဲသွားမည် ဖြစ်ပါသည်။ လစဉ်ပုံမှန် အတိုး၊အရင်း ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ချေးငွေရယူသူများအနေဖြင့် အတိုးနှုန်း (၁၃) ရာခိုင်နှုန်းဖြင့် တစ်နှစ် ပေးသွင်းပြီးပါက အထူးအတိုးနှုန်းများကို ပြန်လည် ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
အိမ်ရာချေးငွေလျှောက်မယ့်သူဟာ အသက်(၁၈)နှစ်မှ (၆၅)နှစ်အတွင်းရှိရမည်ဖြစ်ပြီး၊ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားနဲ့ ရပ်ကွက်ထောက်ခံစာစတဲ့ အခြေခံအချက်အလက်တွေ လိုအပ်ပါတယ်။ KBZ ရဲ့ အိမ်ရာချေးငွေ အချက်အလက်လျှောက်ထားဖို့ အနည်းဆုံးအလုပ်လုပ်ရက်(၁၄)ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး၊ (၂)ဦးပေါင်း လစဉ် ဝင်ငွေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။
အဆိုပါအိမ်ရာချေးငွေအစီအစဉ်အသစ်ရဲ့ အားသာချက်ကတော့ ဘဏ်တိုးနှုန်း (၁၁)ရာခိုင်နှုန်းသာပေးသွင်း နိုင်ခွင့် အကျိုးကျေးဇူးအပြင်၊ ကြင်စဦးဇနီးမောင်နှံတွေအတွက် အခွင့်အရေးတွေနဲ့ အခြားသောချေးငွေ အစီအစဉ် ရွေးချယ်ခွင့်တွေ ပါဝင်တဲ့ အိမ်ရာချေးငွေကဏ္ဍမှာ ထူးခြားတဲ့အစီအစဉ်နဲ့ ဝင်ရောက် လာတဲ့ KBZ Bank ရဲ့ အိမ်ရာချေးငွေရှိနေပါပြီ။
Written By Wut Yee Htun (ShweProperty.com)
Posted By Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ