By Myanmar Times, Shweproperty.com
Updated at 27 November 2015
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုရှိ စောမွန်လှကျွန်းနှင့် ကွမ်းသီးကျွန်းများပေါ်တွင် ကျပ်သန်းပေါင်း ၉,၀၀၀ နီးပါး ရင်းနှီး မြှုပ်နှံ၍ အပန်းဖြေစခန်း တည်ဆောက်ရန် မြိတ်အများပိုင်ကုမ္ပဏီက ပြင်ဆင်လျက်ရှိသည်။
"ဒီဒေသမှာ အရမ်းလှပြီး အသုံးမပြုရ သေးတဲ့ ကျွန်းပေါင်း ၈၀၀ လောက်ရှိတယ်။ အပန်းဖြေစရာနေရာအဖြစ် သေသေချာချာ လုပ်ထားတာ မရှိသေးတော့ ခရီးသွားတွေကို မဆွဲဆောင်နိုင်ဘူး။ ဒါကြောင့် ခုလိုဆောက်ဖို့ စီစဉ်ခဲ့တာပါ" ဟု မြိတ်အများပိုင်ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးအောင်ချိန်က ပြောသည်။
မြိတ်မြို့အနီးရှိ စောမွန်လှကျွန်းနှင့် ကွမ်းသီးကျွန်းများပေါ်တွင် အပန်းဖြေစခန်းတည်ဆောက်ရန် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက စတင်ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး စောမွန်လှ ကျွန်းပေါ်တွင် ကျပ်သန်းပေါင်း ၄,၃၀၀ ကျော် နှင့် ကွမ်းသီးကျွန်းပေါ်တွင် ကျပ်သန်းပေါင်း ၄,၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ၍ အပန်းဖြေစခန်းများ တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားသည်ဟု လည်း မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံရာတွင် ပြောကြားသွားသည်။
"စောမွန်လှကျွန်းမှာ အပန်းဖြေစခန်းဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လျှောက်ထားခဲ့တာ စက်တင်ဘာလက ပထမ အဆင့်အတွက် အစစ်ဆေးခံခဲ့ပြီးပါပြီ။ နောက်သုံးလအတွင်း အပြီး သတ်ခွင့်ပြုချက် ရပြီး စီမံကိန်းစတင်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ဦးအောင်ချိန်က ပြောသည်။ မြိတ်မြို့မှ သင်္ဘောခရီးစဉ် သုံးနာရီ အကွာ အဝေးရှိ စောမွန်လှကျွန်းပေါ်တွင် ပထမ အဆင့်က ဘန်ဂလိုအလုံး ၂၀ ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ရာ "စောမွန်လှကျွန်းက စုစုပေါင်း ၁,၆၆၁ ဧက ရှိတယ်။ စီမံကိန်း ပထမအဆင့်က ဧက ၂၀ ကို စလုပ်မယ်၊ ဒုတိယ အဆင့်ကတော့ ၂၉ ဧက ဆက်လုပ်သွားမယ်" ဟု ဦးအောင်ချိန်က ပြောသည်။ အဆိုပါကျွန်း များပေါ်တွင် အပန်းဖြေစခန်းတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ ထံက နှစ်ရှည် ငှားရမ်းခြင်းဖြစ်ပြီး တရားဝင်ငှားရမ်းခမှာ တစ်ဧကလျှင် ကျပ် ၂၀,၀၀၀ နှုန်း ဖြစ်သော်လည်း စီမံကိန်းပြင်ပမြေနေရာ များပါ ထိန်းသိမ်းရမည်ဖြစ်သဖြင့် အဆိုပါ နှုန်းထက် လျော့နည်း မည်ဖြစ်သည်။
အဆိုပါ ကျွန်းများငှားရမ်းခသည် ပထမ ၁၀ နှစ်ပြီးပါက ၂၀ ရာခိုင်နှုန်း ဈေးတက်မည်ဖြစ်ပြီး နှစ် ၅၀ ပြည့်မြောက်ချိန်တွင် ၁၀၀ ရာခိုင်နှုန်း အထိ တိုးသွားမည် ဖြစ်သည်။ စောမွန် လှကျွန်းပေါ်တွင် စီမံကိန်းပထမ အဆင့် စတင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိထားသော်လည်း စီမံကိန်း ဒုတိယအဆင့်အတွက် ခွင့်ပြုချက်ရရှိချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်ဟု သိရသည်။
Ref : Myanmar TImes
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ