By မိုးညို, Shweproperty.com
Updated at 3 September 2014
ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ရန်ကုန်ဘက်မှ လာသူများဖြင့် ခြေချင်းလိမ်နေသည်။ အဆိုပါကျေးရွာများမှာ မြို့သစ်တိုးချဲ့လျှင် ပါလိမ့်မည်ဆိုသော တွက်ကိန်းဖြင့် မြေကြိုဝယ်ရန် လာရောက်ကြည့်ရှုသူများဖြစ်သည်။ သူတို့ကြောင့် သမ္ဗာန်သမားများ အလုပ်ဖြစ်နေပြီး ဆိုင်ကယ် ကယ်ရီဆွဲသူအချို့လည်း ခရီးသည်ကို လိုရာလိုက်ပို့ရင်း တစ်ပါတည်း မြေပွဲစားများပါဖြစ်လာသည်။
စီးပွားရေးမြို့တော် ရန်ကုန်၏ တိုးပွားလာသော လူဦးရေအတွက် အစိုးရကဖြေရှင်းရန် ၁၀ စု နှစ်ခုအတွင်း ပထမဆုံးတိုးချဲ့မည့် မြို့သစ်စီမံကိန်းသစ်ကို ရန် ကုန်၏ အနောက်ပိုင်းတွင် အ ကောင်အထည်ဖော်မည့် သတင်း များ၏ နောက်ဆက်တွဲရိုက်ခတ်မှု များဖြစ်သည်။
အရှေ့တောင်အာရှတွင် မြေ ဈေးအကြီးဆုံးမြို့တစ်မြို့အဖြစ် ရပ်တည်နေသည့် ရန်ကုန်မြို့တွင် မြို့သစ်စီမံကိန်းတည်ဆောက်မည့် မြေနေရာတွင် ယခုအခါ လုပ်ငန်းရှင်အချို့က သူထက်ငါ အလုအယက် မြေဝယ်ယူနေပြီး မြေဈေးများလည်း ရက်ပိုင်းအတွင်း ဆယ်ဂဏန်းမှ ထောင်ဂဏန်းထိ ခုန်တက်သွားသည်။
သို့သော် ရန်ကုန်မှာ မြို့သစ်စီမံကိန်းထပ်မံချဲ့ရန် လို၊ မလို။ ယခင်ဖော်ထုတ်ခဲ့သော မြို့သစ်စီမံကိန်းများမှာပင် အခြေခံအဆောက်အအုံပြည့်စုံအောင် အစိုးရက ဆောင်ရွက်မပေးသောကြောင့် ယခုစီမံကိန်းတွင် ထိုကဲ့သို့မဖြစ်အောင် အာမခံချက်ရှိရန်နှင့် ဧကပေါင်း သုံးသောင်းပေါ်တွင် ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် စီမံကိန်းကြီးတွင် သင့်ရာလူကိုလုပ်ခွင့်ပေးကာ အဂတိလိုက်စားမည့်အပေါ် စိုးရိမ်သူများ၊ မေးခွန်းထုတ်သူများစွာ ရှိနေသည်။
သြဂုတ်လ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြို့တော်ဝန်က ရန်ကုန်၏ အနောက်ပိုင်းရှိ မြေဧက၃၀,၀၀၀ ကျော်တွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဟု အသိပေးပြောကြားခဲ့သည်။ မြို့ပြရေးရာ ပညာရှင်အချို့နှင့် ပြည်သူအချို့က ရှိပြီးသား မြို့တွင်းနေရာများကိုမူ အဆင့်မြှင့်တင်ခြင်းမပြုလုပ်ဘဲ အသစ်ထပ်မံတိုးချဲ့ခြင်းအပေါ် မေးခွန်းထုတ်မှုများလည်းရှိသည်။
‘‘တကယ်တော့ မြို့ကိုချဲ့ဖို့မလိုသေးဘူး။ အတွင်းမှာရှိတာတွေကိုပဲ အဆင့်မြင့်အောင်လုပ်စရာတွေ အများကြီးရှိသေးတယ်’’ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကဆိုသည်။
မြို့သစ်တစ်ခုချဲ့ပါက မြို့တွင်းပိုင်းသို့ ဝင်ရောက်ရန် မီးရထား၊ ဘတ်စ်ကားလိုင်းများ လုံလောက်မျှတစွာထားရှိပေးရန် လိုအပ်ပြီး စီမံခန့်ခွဲမှုမကောင်းပါက ယခုစီမံကိန်းမှာ ရန်ကုန်သည် ရွာတန်းရှည်ကြီးတစ်ခု ဖြစ်သွားနိုင်ကြောင်း ဦးဝင်းမြင့်က သတိပေးပြောဆိုလိုက်သည်။
ရန်ကုန်ကို အမှန်တကယ်တိုးချဲ့ပါက အလျားလိုက်တိုးချဲ့ခြင်းထက် ဒေါင်လိုက်တိုးချဲ့ပါက ပိုကောင်းနိုင်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင်က သြဂုတ်လပထမပတ်က ပြုလုပ်ခဲ့သော မြေယာကဏ္ဍဆိုင်ရာ မူဝါဒဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ပင်လယ်ထွက်ပေါက်နှင့် နီးစပ်ပြီး မြစ်ကမ်းနဖူးပေါ် မေးတင်တည်ဆောက်မည့် မြို့သစ်စီမံကိန်းသည် အိမ်ရာစီမံကိန်းများ၊ ရန်ကုန်ဘက်နှင့်ထိုးမည့် တံတား ၅ စင်း အပါအဝင် ဘိုးဘွားဂေဟာများကို အစိုးရက ဟန်ပြထည့်သွင်းပေးခြင်းသာ ဖြစ်နိုင်ပြီး မြစ်၏ မြင်ကွင်းအလှကိုရယူပြီး ဇိမ်ခံဟိုတယ်များ၊ ဂေါက်ကွင်းများ တန်ဖိုးမြင့်ကွန်ဒိုတိုက်ခန်းများ လုပ်ငန်းမလည်ပတ်သည့် စက်မှုဇုန်များသာ ပေါ်ပေါက်လာမည်ကို စိုးရိမ်မိကြောင်း မြို့ပြပညာရှင်အချို့က ဆိုသည်။
အဆိုပါစီမံကိန်းတွင် အဆင့်မြင့် တန်ဖိုးနည်းအခန်းပေါင်း နှစ်သောင်း၊ မိဘမဲ့ကလေးနှစ်ထောင်ဆံ့ အဆင့်မြင့်ကျောင်းတစ်ကျောင်း၊ အဘိုးအဘွားနှစ်ထောင်ဆံ့ အဆင့်မြင့်ရိပ်သာတစ်ခုနှင့် ဖြတ်သန်းခ တံတားကြေးကောက်ခံမည့် ခြောက်လမ်းသွား မြစ်ကူးတံတားငါးစင်းတို့လည်း ပါဝင်မည်ဟု ရန်ကုန်မြို့တော်ဝန်က ဆိုထားသည်။
စီမံကိန်းများ ဆောင်ရွက်လျှင် မြေဧက ၃၀,၀၀၀ လုံး မကုန်နိုင်ဘဲ ပိုလျှံသည့် မြေဧရိယာများရှိနေသေးသောကြောင့် ပိုလျှံမြေများမည်သို့ အသုံးပြုမည်ကို တွက်ချက်ပြီး ပြည်သူကို ထုတ်ပြန်အသိပေးသင့်ကြောင်း ဝါရင့်ဗိသုကာပညာရှင် ဦးစည်သူစိုးမိုးက ပြောသည်။
၁၉၈၉-၉၀ တွင် တိုးချဲ့ခဲ့သော ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ စသော မြို့သစ်မြို့နယ်များ၏ စီမံခန့်ခွဲမှုမှာ မကောင်းသေးဘဲ မိုးရွာလျှင် ရေကြီးရေလျှံခြင်း၊ လုံလောက်သည့် လျှပ်စစ်မီးမရရှိခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် အားနည်းခြင်း၊ ရေဆိုးစွန့်ပစ်မှုနှင့် ရေမြောင်းစနစ် မကောင်းခြင်း စသော အခြေခံအဆောက်အအုံများကိုပင် ပြည့်စုံကောင်းမွန်အောင် မပြုလုပ်ပေးနိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။ စစ်အစိုးရလက်ထက်တစ်ခုလုံး အပါအဝင် ယနေ့အထိ ရန်ကုန်မြို့တော်စည်ပင်တွင် တပ်မတော်မှ အငြိမ်းစားအရာရှိများက ဌာနတိုင်း၏ ထိပ်ပိုင်းရာထူးများတွင် ရယူထားခြင်း၊ ပညာရှင်များကို ဘေးဖယ်ထားခြင်းက ရန်ကုန်ကို ပြန်လည်အဆင့်မြှင့်တင်နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။ ယခုတိုးချဲ့မည့် မြို့သစ်စီမံကိန်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်ပြီး တရုတ်လုပ်ငန်းရှင်နှစ်ဦး နောက်ကွယ်မှ ကြိုးကိုင်ထားသည်ဟု စွပ်စွဲသော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို တင်ဒါမခေါ်ဘဲ ထိုစီမံကိန်းကြီးတစ်ခုလုံးကို တာဝန်ယူတည်ဆောက်ရန် တိုက်ရိုက်ရွေးချယ်ခဲ့သည်။ သို့သော် ဝေဖန်မှုများစွာ ထွက်ပေါ်လာသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါပြန်ခေါ်ယူမည်ဟု သြဂုတ် ၂၈ ရက်တွင် ပြန်လည်ကြေညာခဲ့သည်။
အများစုက ဝိုင်းဝန်းဝေဖန်၍သာ ပြန်လည်ရွေးချယ်မည်ဟု ကြေညာခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် အမှားအယွင်းများနှင့် စတင်ခဲ့ရပြီဖြစ်သဖြင့် တာထွက်မကောင်းနိုင်တော့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြန်လည်ခေါ်ယူမည့် တင်ဒါသည် အစိုးရမှ တိုက်ရိုက်ရွေးချယ်ခြင်း မပြုလုပ်သင့်ဘဲ နိုင်ငံတကာမှ တင်ဒါရွေးချယ်ရေး အကြံပေးအဖွဲ့တစ်ခုကို ခေါ်ယူကာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်မည့် ကုမ္ပဏီကို အချိန်သုံးလမှ ခြောက်လအထိပေးကာ ပြင်ဆင်ခွင့်ပေးမှသာ ယခုတင်ဒါမှာ ပွင့်လင်းမျှတသည့် တင်ဒါဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ တင်ဒါတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့နှင့် နီးစပ်သည့် ဆွေမျိုးများမှ ပါဝင်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီး၊ မကြာသေးမီကမှ အနားယူထားသည့် ဒုတိယသမ္မတ၏ ဆွေမျိုးအချို့လည်း ပါဝင်မည်ဟု သတင်းကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
စီမံကိန်းမှာ လွှတ်တော်ကို အသိပေးရုံသက်သက်သာဖြစ်ပြီး ဒီမိုကရေစီစနစ်အရ ဆွေးနွေးခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများကို မပြုလုပ်ရသဖြင့် ပြည်ထောင်စုအစိုးရမှ ပွင့်လင်းမြင်သာစွာလုပ်ဆောင်ရန် ညွှန်ကြားထားသည့် လမ်းကြောင်းများနှင့် သွေဖည်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
နောင်တွင် စီးပွားရေးမြို့တော် ရန်ကုန်တစ်မြို့လုံး၏ အရေးထက် မြို့သစ်စီမံကိန်း၏ အရေးကိုသာ အစိုးရက ဦးစားပေးမည်ကိုလည်း မြို့ပြပညာရှင်အချို့ စိုးရိမ်နေကြသည်။
‘‘နောင်ဆို မြို့ကိုမြို့မဝိုင်းဘဲ မြို့ကို ရွာဝိုင်းသလို ဖြစ်သွားလိမ့်မယ်’’ဟု မြို့ပြစီမံကိန်းများအကြောင်း ကိုယ်ပိုင်ဆောင်းပါးများသားနေသူ ဦးမြင့်မိုရ်ဆွေကဝေဖန်သည်။
မြို့သစ်စီမံကိန်းဟု သတင်းမထွက်မီ လွန်ခဲ့သည့် ခြောက်လတစ်နှစ်အကြာကပင် ယခုနေရာတွင် အချို့က မြေနေရာလက်ဦးမှုရယူထားကြပြီး ဈေးပေါပေါနှင့် ဝယ်ယူထားကြကာ လယ်သမားအများစုလည်း လယ်မဲ့ယာမဲ့ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ရန်ကုန်-တွံတေးကားလမ်းနံဘေး အထက်ကမာပလောရွာသားတစ်ဦးက ပြောပြသည်။
‘‘လူတွေက ဒီစီမံကိန်းကြောင့် လယ်သမားတွေ ချမ်းသာပြီထင်တာ၊ အမှန်တော့ လယ်သမားတွေ လက်ထဲမှာ ရောင်းစားလိုက်လို့ လယ်တွေမရှိတာကြာပြီ’’ဟု အထက်ပါရွာသားက ပြောသည်။
မြို့တော်ဝန်က တိုင်းဒေသကြီးလွှတ်တော်တွင် မြို့သစ်စီမံကိန်းသတင်း လုံခြုံရေးအရ လျှို့ဝှက်ထားသည်ဟု ပြောဆိုထားသော လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက ယင်းနေရာတွင် မြို့ပြစီမံကိန်းအသစ်လုပ်မည်ဟု ကြားသိရသဖြင့် မြေလာရောက်ကြိုတင်ဝယ်ယူသူများရှိခဲ့ကြောင်း တွံတေးမြို့နယ် ခလောက်ချိုင့်ရွာသားတစ်ဦးကလည်း ပြောသည်။
နွေကာလတွင် ရေချိုပြတ်လပ်တတ်သည့် တွံတေးမြို့နယ်အတွင်းရှိ မြို့ပြစီမံကိန်းနေရာပါ ရွာသားများအတွက် ယနေ့အထိ ၎င်းတို့၏ ဘဝရှေ့ရေးကို အစိုးရက ကတိပေးလာရောက်ပြောဆိုပေးခြင်း မရှိသေးသဖြင့် စိုးရိမ်မှုများလည်း ရှိနေသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လယ်သမားများအနေဖြင့် လယ်မြေများကို လွယ်လွယ်နှင့်မရောင်းချရန် ကော့မှူးမြို့နယ်မှ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တွင် အိမ်ငှားစရိတ်ကြီးမြင့်နေသဖြင့် အချို့က ရန်ကုန်တစ်ဖက်ကမ်းတွင် တစ်လလျှင် နှစ်သောင်းမှ သုံးသောင်းအထိ ငှားရမ်းနေထိုင်သူ အခြေခံလူတန်းစားအချို့မှာလည်း မည်သည့်အချိန် လာမည်မှန်းမသိသေးသည့် မြို့သစ်စီမံကိန်းကြောင့် နောင်ရေးအတွက် ရင်လေးနေကြသည်။
Ref : 7Day Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ