By Myanmar Times, Shweproperty.com
Updated at 30 March 2015
လူဦးရေတိုးပွားလာပြီး မြေနေရာလိုအပ်ချက်တွေ များလာတာကြောင့် မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လာကြသလို မြို့စွန်ဘက်က မြို့သစ်တွေဆီလည်း ပြောင်းရွှေ့နေထိုင်မှုတွေ ပိုများလာကြပါတယ်။ တစ်နေ့တခြား စည်ပင်ဖွံ့ဖြိုးတိုးတက်လာတဲ့ ရန်ကုန်မြို့နယ်နိမိတ်ထဲမှာ မြို့သစ်ပေါင်း ဆယ်ဂဏန်းဝန်းကျင်သာရှိပြီး အခုချိန်မှာ မျှော်လင့်ထားတာထက် ပိုစည်ကားလာတဲ့ မြို့တော်တွေထဲမှာမင်္ဂလာဒုံမြို့နယ်ရဲ့ မြောက်ဘက်စွန်းအပိုင်းမှာ တည်ရှိတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေလည်းအပါအဝင် ဖြစ်လာပါတယ်။ အရင်က အစိုးရဝန်ကြီးဌာနများ၊ ငါးမွေးကန်များ၊ စိုက်ပျိုးရေးခြံများနဲ့ စက်ရုံများသာ တည်ရှိခဲ့တဲ့ပုလဲမြို့သစ်ကို ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အဓိကလမ်းမကြီးတွေကို ပြောင်းလဲ ဖောက်လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း နေထိုင်သူတွေ စတင်စိတ်ဝင်စားလာကြကာ တဖြည်းဖြည်း ပြောင်းရွှေ့သူလည်းများပြား လာခဲ့ကြတာ ဖြစ်ပါတယ်။ "၂၀၁၂ နောက်ပိုင်းကစပြီး ဒီမြို့သစ် နှစ်ခုမှာ နေထိုင်ဖို့ ပြောင်းလာသူတွေ များခဲ့သလိုမြေဈေးကစားဖို့ ဝယ်ရောင်းလုပ်သူတွေလည်း များလာတယ်။ ၂၀၁၂ နောက်ပိုင်းမှာ ပုလဲမြို့ရဲ့ အိမ်ခြံမြေ အရောင်းဈေးကွက်က သိသိသာသာ မြင့်တက်လာပြီး ဈေးတွေ တစ်ရက်ပြီးတစ်ရက်ပိုမြင့်တက်လာခဲ့ပါတယ်"လို့ ပုလဲမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးကျော်အောင်ကပြောပါတယ်။ "မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံတွေ၊ မွေးမြူရေးခြံတွေ အများကြီးရှိတော့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ မြို့သစ်တစ်ခုပေါ့။ ဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့ သူတွေက သူတို့ အလုပ်နဲ့လည်းနီးတဲ့ မြေဈေးလည်းနည်းတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်ကို ပြောင်းလာကြတာများတယ်။ ပုလဲမြို့သစ်က မြေကွက်တွေကကျယ်တော့ လူနေဖို့ဆိုရင် မြေကွက်မကျယ်တဲ့ ပတ္တမြားမြို့သစ်ကို တဖြည်းဖြည်း ပိုပြောင်းလာခဲ့ကြတယ်"လို့ သူကပြောပါတယ်။ ပတ္တမြားမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးဇော်ဇော်ကလည်း "ပုလဲမြို့သစ်ကို ဝယ်ရောင်းလုပ်မယ့်သူတွေ ပိုစိတ်ဝင်စားကြပေမယ့် ပတ္တမြားမြို့သစ်ကိုတော့ အခြေချနေထိုင်ချင်သူတွေ ပိုစိတ်ဝင်စားကြတယ်။ ဒီမြို့သစ် နှစ်ခုစလုံးရဲ့ တစ်စတုရန်းပတ်လည် မြေကွက်ဈေးကသိပ်မကွာပေမယ့် ပုလဲမြို့သစ်က မြေကွက်တွေက စတုရန်းပေ ၁၀,၀၀၀ လောက်ကျယ်တော့စီးပွားရေး လုပ်မယ့်သူတွေ စိတ်ဝင်စားကြတယ်။ ပတ္တမြားမြို့သစ်က မြေကွက်တွေကတော့၁,၈၀၀ စတုရန်းပေလောက်ပဲ ရှိတယ်ဆိုတော့ အခြေချနေထိုင်ချင်တဲ့ သာမန်ဝန်ထမ်းတွေအတွက်သင့်တော်ပြီး အခြေချနေထိုင်သူလည်းများတယ်"လို့ ပြောပါတယ်။ ပုလဲမြို့သစ်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စတဲ့အစိုးရဝန်ကြီးဌာနတွေ စက်ရုံတွေ၊ ငါးမွေးမြူရေး ကန်တွေ၊ ကြက်ဘဲ မွေးမြူရေးခြံတွေ အစရှိတဲ့လုပ်ငန်းတွေကို ပိုမြင်တွေ့နိုင်ပြီး ပတ္တမြားမြို့သစ်မှာတော့ လူနေအိမ်တွေကို ပိုတွေ့ရမှာပါ။ အိမ်ခြံမြေ အကျိုးဆောင်နဲ့ အာရှဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးရန်အောင်က "ပတ္တမြားနဲ့ပုလဲမြို့သစ်တွေက လမ်းသစ်တွေ ဖောက်လုပ်ပြီးခဲ့တဲ့ အတွက် ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ နှစ် ဆန်းပိုင်းလောက်ကစပြီး မြေဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ မြို့သစ်တွေဖြစ်လာတယ်။မြို့ထဲမှာ ကန်ထရိုက်တိုက်တွေ အဆောက်များပြီး မြေဈေးတွေမြင့်လာတဲ့အခါ မြို့ပေါ်ကလူတချို့က မြို့ထဲကအိမ်ကိုရောင်းပြီး မြို့စွန်ဘက်ကို ပြောင်းကြတာတွေများတယ်။ မြို့ထဲကတိုက်ခန်းကို ရောင်းပြီး မြို့စွန်ဘက်မှာ လုံးချင်းအိမ်လေးတွေ ဝယ်နေကြတယ်"လို့ ပြောပါတယ်။ လျှပ်စစ်မီး ရရှိမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကလည်း ဒီမြို့နယ်နှစ်ခုကိုဝယ်သူတွေ ပိုမိုစိတ်ဝင်စားလာစေတဲ့ အဓိကအချက်တွေဖြစ်ကြောင်း သူက ပြောပါတယ်။ ပုလဲမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဝင်းစိုးက "၂၀၁၀ လောက်ကစပြီး ဒီမြို့သစ်နှစ်မြို့ရဲ့ ကားလမ်းမတွေကိုစဖောက်ခဲ့တယ်။ လျှပ်စစ်မီးကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စသုံးနိုင်ခဲ့တယ်။ရေက လက်ယက်တွင်းနဲ့ ၁၀ ပေကနေ ၁၅ ပေ လောက်တူးရင်တောင် ရေထွက်တယ်။ အဝီစိဆိုရင်တော့ ပေ ၄၀ လောက် တူးရတယ်။ ကားလမ်းမတွေဖောက်ပြီးချိန်ကစလို့ဒီမြို့ကိုနေထိုင်ချင်သူတွေ ပိုစိတ်ဝင်စားလာတာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ