By Myanmar Times, Shweproperty.com
Updated at 7 October 2015
ရန်ကုန်မြို့အတွင်းသို့ ပြောင်းရွှေ့အခြေချ အလုပ်လုပ်ကိုင်သူများ များပြားလာနေသည့်အတွက် အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မြို့သစ်စီမံကိန်းများကို စနစ်တကျ ဖော်ထုတ်လုပ်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သည့် အိမ်ခြံမြေဆိုင်ရာ ဟောပြောပွဲ၌ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဒုတိယ ဥက္ကဋ္ဌ၊ တော်ဝင်စင်တာနှင့် တော်ဝင်မိသားစု ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
"မြေဈေးကို ကျအောင်လုပ်တဲ့နည်းတွေ ရှိသလို တက်အောင်လုပ်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှိတယ်၊ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ လေလံပစ်မယ်၊ ငွေမသွင်းနိုင်ရင် နောက်တစ်ယောက်ကို ပေးမယ်၊ မြို့သစ်ထဲမှာနေမယ့် လူတွေအတွက် ရေ၊ လျှပ်စစ် ဘယ်လိုပေးရမယ်၊ ပမာဏ ဘယ်လောက်ထိ ပေးရမယ် ဆိုတာတွက်ချက်ရပြီးမှ စနစ်တကျ လုပ်ရမယ်၊ ဒါမှမြို့သစ်တွေမှာ လူတွေ အဆင်ပြေပြေနေနိုင်မယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်အတွင်း နေထိုင်သူ ငါးသန်းထိ တိုးတက်များပြားလာနေသည့်အပြင် နေ့စဉ်နှင့်အမျှ ပြောင်းရွှေ့နေထိုင်သူများ ရှိနေဆဲဖြစ်သည့်အတွက် နှစ်စဉ် အိမ်ရာလိုအပ်ချက် ၃၀,၀၀၀ ဝန်းကျင်ခန့်ရှိသော်လည်း ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့မှ အိမ်ရာဖြည့်ဆည်း တည်ဆောက်နိုင်မှုမှာ နှစ်စဉ် ၁၈,၀၀၀ ဝန်းကျင်ခန့်သာ ရှိသဖြင့် အိမ်ရာလိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တွက်ချက် ခန့်မှန်းမှုများအရ ရန်ကုန်မြို့တော်တွင် နေထိုင်သူ ၁ ဒသမ ၈ သန်းခန့်အထိ အိမ်ရာ လိုအပ်နေသည့်အတွက် အထပ်မြင့်တိုက်များ ဆောက်လုပ်ခြင်းရှိပြီး မြို့နယ်များကို တိုးချဲ့နေရာချထားပေးခြင်းအပြင် မြို့သစ်များ ဖော်ထုတ်ခြင်းစသည့် နည်းလမ်း သုံးသွယ်ဖြင့် ဖြေရှင်းဆောင်ရွက်နေဆဲဖြစ်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ရေးဆွဲထားပြီးဖြစ်သည့် ၂၀၄၀ ရန်ကုန်မြို့တော်မဟာဗျူဟာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အရ ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်တွင် နေထိုင်သူ ၁၀ သန်း ခန့် ရှိလာနိုင်မည် ဖြစ်သည့်အတွက် အထူးစီးပွားရေးဇုန်များ၊ မြို့သစ်များ ဖော်ထုတ်ခြင်း၊ မြို့ပြ ဧရိယာများကို တိုးချဲ့နေရာချထားပေးခြင်းများကို ဆောင်ရွက်သွားရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြံပေး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော်၏ အရှေ့အနောက် တောင်မြောက်တွင် မြို့သစ်စီမံကိန်း ခုနစ်ခုကို မြေဧကပေါင်း တစ်သိန်းကျော်တွင် တည်ဆောက်သွားရန် ယခုနှစ် ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်မှ တင်ပြခဲ့ပြီး ဒုတိယ ဦးစားပေး အဆင့်သတ်မှတ်ထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဝင်ရောက် လုပ်ကိုင်လိုသည့် ပြည်တွင်း ကုမ္ပဏီများ တင်ဒါပေးသွင်းရန် လျှောက်လွှာများကို ခေါ်ယူခဲ့ပြီးဖြစ်သည်။
Ref : Myanmar Times
Photo Credit : Nation Multimedia
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ