By The Myanmar Times, Shweproperty.com
Updated at 10 July 2015
ကိုကျော်စိုးတစ်ယောက် ဒီမြို့သစ်ဧရိယာထဲ က ၆၂ လမ်းပေါ်ကိုဖြတ်သွားရတိုင်းခံစားချက်ပေါင်းစုံက သူ့ရင်ထဲ တိုးဝင်နှောက်ယှက်တဲ့ဒဏ်ကို လိမ့်နေအောင်ခံရပါ၏။ ဒီလမ်းမကြီးပေါ်မှာ အခုအခါ မြင်နေရတဲ့လူနေအဆောက်အအုံ တိုက်တာတွေ၊ စည်ကားသွားလာလှုပ်ရှားနေတဲ့ လူစီးကြောင်းကြီးနဲ့ ယာဉ်ပေါင်းစုံတွေကသူ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်မှာ ကျန်ခဲ့တဲ့ ဟိုမှာဘက်အတိတ်ဆီကို အမြဲတမ်းတရွတ်တိုက်ဆွဲခေါ်သွားတတ်သည်။ ဟိုအရင်တုန်းကတော့ ဒီနေရာမှာ ဒီလိုမြင်ကွင်းမျိုးတွေ ဘယ်မှာရှိခဲ့ပါ့မလဲ။
တိုက်တွေတာတွေနေရာမှာလယ်ကွင်းပြင်နဲ့ ပြောင်းခင်းတွေ၊လှုပ်ရွနေတဲ့ယာဉ်တွေနဲ့လူစီးကြောင်းကြီးအောက်က ချောမွတ်နေတဲ့ လမ်းမကြီးနေရာမှာ မညီညာချိုင့်ခွက်တွေနဲ့ ထိုးထိုးထောင်ထောင်ဂဝံကျောက်တုံး တချို့သာ ရှိခဲ့သည်။ မန္တလေးမြို့မှာ မြို့သစ်တည်စ ဒီနေရာကို သူငယ်ငယ် လူမှန်းသိတတ်စအရွယ်မှာ မိဘတွေနဲ့အတူ ၁၉၈၀ ဝန်းကျင်မှာ ရောက်ခဲ့တာဖြစ်သည်။
မြို့ထဲ ဈေးချိုနားကရေကြည်အရပ်ဘက်မှာ လောင်တဲ့မီး၊ ဦးကျားကြီးဝင်းမှာ လောင်တဲ့ မီးဘေးဒဏ်တွေခံခဲ့ရတဲ့ သူတို့လို ဘဝတူသူတွေမှာ ကယ်ဆယ်ရေးစခန်းတွေကနေ အရိုင်းဘဝမှာသာ ရှိနေသေးတဲ့ မြို့သစ်ဆီ ရောက်လာခဲ့ကြတာဖြစ်သည်။
ပြန်တွေးကြည့်ရင်သူ့အာရုံမှာခပ်ရေးရေးပေါ်နေပါသေးသည်။အဲဒီတုန်းကဒီလိုတိုက်တာတွေဝေးစွ၊ပျဉ်ထောင်အိမ်ပင် တွေ့ဖို့ ခက်သည်။
ရှိတဲ့အိမ်တွေကလည်းတစ်လုံးစ၊ နှစ်လုံးစသာ။ ဒါတွေကလည်း ဝင်းတွေခြံတွေ ခတ်ကြတာနည်းသည်။ သူတို့တွေဟာ လယ်ကွင်းတွေထဲ ပေါက်နေတဲ့ ကန်စွန်းရွက်တွေခူးသည်။ ပြောင်းခင်းထဲဝင်ပြီး ပြောင်းဖူးတွေချိုးကြသည်။ လယ်ပုစွန်လုံးတွေဖမ်းသည်။
ချက်ဗ်လက်ကားအိုကြီးတွေကိုစီးပြီး လေယာဉ်ကွင်းဘေးက ‘ပါးကွက်ကြားကြီးရှိသည်’ပြောကြလေ့ရှိသော အုံးအင်းပေါက်က ဖြတ်ကာ နန်းမြို့ရိုးနှင့် ကျုံးရှိသော၊ ဈေးချို ရှိသောမြို့ထဲသို့ တမေ့တမော သွားခဲ့ကြသည်။
ဒီလိုဖြတ်သန်းမှုတွေနဲ့ သူတို့ရဲ့တစ်ချိန်က မြို့သစ်ကြီးသည် မြို့သစ်တည်ပြီးနောက်ဆယ်စုနှစ်တစ်ခုနောက်ပိုင်းမှသာ လူနေတစ်စတစ်စ များလာခြင်းဖြစ်သည်။
လူမနေကြတာလည်းမပြောနှင့်။ ရေလိုချင်ရင် ၆၂ လမ်းရဲ့ ဟိုးအရှေ့ဖျားက ချောင်းကြိုချောင်းဖျားမှာ ရေသွားခပ်နိုင်ဖို့ လိုပါသည်။ လျှပ်စစ်မီးမရှိ။ ဖယောင်းတိုင်ကိုသာ အားထားသုံးရကာ နောက်ပိုင်းမှသာ မြို့သစ်မှာ ဘက်ထရီအိုးအားသွင်းတဲ့ဆိုင်လေးတွေပေါ်လာလို့ ဘက်ထရီအိုးအားကိုးနဲ့ မီးပွင့်မှိတ်တုတ်လေးတွေ လင်းလာနိုင်ခဲ့တာဖြစ်သည်။ ဘက်ထရီအိုးတောင်မှ အစမှာ အိုးတွေကိုစုပြီး မြို့ထဲက အားသွင်းဆိုင်ကိုပို့ပြီး ညနေရောက်မှ မြို့ထဲကနေ ပြန်စုသယ်ကြရသည်။
အခုတော့ လူတွေပြောပြောနေတဲ့ ‘ဆီနဲ့ ရေ’ ဆိုတဲ့စကားက မြို့သစ်အတွက် အံဝင်ခွင်ကျအဖြစ်ဆုံး စကားတစ်ခုဖြစ်လာခဲ့ပြီ။ မြို့သစ်ရဲ့ ဟိုတုန်းကနဲ့ အခုအခြေအနေကပြောင်းပြန်လှန်လိုက်သလို အစစ ပြောင်းလဲကုန်သည်။ အဲဒီမှာ အထိနာရသူ၊ ရင်နာရသူတွေက ကိုကျော်စိုးတို့လို မြို့သစ်ကို စောစောစီးစီးကျောခိုင်းစွန့်ခွာခဲ့သူတွေ ဖြစ်သည်။
အခုတော့ မြို့သစ်သည် သူတို့ကိုတစ်ပြန် ခပ်စိမ်းစိမ်းဆက်ဆံလေပြီ။ “မြို့သစ် ၆၂ လမ်းပေါ်မှာကျွန်တော်တို့မြေကွက်ရောင်းခဲ့စဉ်က ကျပ်တစ်သိန်းတောင် မပြည့်ခဲ့ဘူး။ ၁၉၉၀ ဝန်းကျင်တစ်ဝိုက် ပေါ့။ ပေ ၄၀x ပေ ၆၀ မြေကွက်တွေ။ အခု တော့ ဈေးက ကျပ်သိန်း ၁၀,၀၀၀တောင် မကတော့ဘူး”လို့ အခု အသက် ၃၀ ရှိပြီဖြစ်တဲ့ကိုကျော်စိုးက ပြောသည်။ တကယ်တော့ ကိုကျော်စိုးတို့လို ကနဦး မြို့သစ်သူ မြို့သစ်သားတွေကို အခုအခါမှာမြို့သစ်ရဲ့ တကယ့်နေရာကောင်းတွေမှာ တွေ့ရဖို့ဆိုတာ အတော်ရှားပါးသွားခဲ့ပြီဖြစ်သည်။
အများစုမှာ မြို့သစ်ရဲ့အတွင်းပိုင်းတွေမှာ၊ ဒါမှမဟုတ် ထပ်ချဲ့လာတဲ့ ဟိုးအရှေ့ဖျားအတွင်းပိုင်းတွေမှာ၊ ဒါမှမဟုတ် အိုးပိုင်အိမ်ပိုင် မဟုတ်တော့တဲ့ အခြေအနေတွေမှာသာတွေ့ရများနိုင်ကြောင်း ကိုကျော်စိုးက ပြောသည်။
“မြို့သစ်မှာ အခုအထိ တင်ကျန်နေသေးတယ်ဆိုရင်တော့ အတော် တော်တယ်လို့ပြောရမှာပဲ။ကျွန်တော်တို့ မိတ်ဆွေတွေထဲက ကျွန်တော်သိရသလောက်ဆိုရင် အစောကြီးကတည်းက ရောင်းချပြီးပြောင်းကုန်ကြတာ များတယ်။
အကြောင်းအမျိုး မျိုးကြောင့်ပေါ့ဗျာ။ ဆက်နေနိုင်တဲ့သူက တော့ မရှိသလောက်ပဲ”လို့ ကိုကျော်စိုးက ပြောသည်။ သူပြောတာ မှန်ပါသည်။ လက်တွေ့မှာလည်း မြို့သစ်က နေရာကောင်းတွေမှာ မူလ နေထိုင်သူတွေ အတော်ရှားကုန်သည်။
တချို့ နေရာတွေမှာမျက်ပေါက်ကျဉ်းကျဉ်းနဲ့ မြန်မာစကားမပီသူတွေကအလုံးအရင်းနဲ့ နေရာယူနေထိုင်နိုင်ခဲ့ကြပြီ။ မြို့သစ်ဧရိယာထဲက တချို့လမ်းများဆိုလျှင် တစ်လမ်းလုံးနီးနီးသူတို့ကိုသာ တွေ့ကြရမည်ဖြစ်သည်။ “ပြောရရင်တော့ဗျာ ကျွန်တော်တို့က အရှည်ကြီး မတွေးခဲ့ကြတာပေါ့။
တစ်ခုခု ဖြေရှင်းစရာရှိရင်အလွယ်လမ်းလိုက်ပြီး ပြေလည်အောင်ရှင်းခဲ့ကြတာပေါ့” လို့ ကိုကျော်စိုးက ပြောသည်။ သူတို့တစ်တွေ မြို့သစ်က ‘မြေ’ရောင်းခဲ့ကြရာမှာ အရှည်မတွေးဖြစ်ခဲ့ကြဆိုတာလည်း ဖြစ်နိုင်ပါသည်။ နေပူရင်တချို့နေရာတွေမှာဖုန်တွေက ခြေမျက်စိအထက်မြုပ်အောင် ထူခဲ့ပြီး မိုးရွာရင် စိတ်ပျက်စရာကောင်းအောင် ရွှံ့ဗွက်ရုန်းရသော၊ ရေမရှိသော၊ လျှပ်စစ်မီးမရှိသော၊ လူနေတာရှားပါးသောအရပ်ဒေသကိုဒီနေ့လိုဖြစ်လာမယ်ဆိုတာလုံးဝမတွေးထင်ကောင်းခဲ့သောအဖြစ်သာ ဖြစ်နိုင်ခဲ့ပါသည်။
မန္တလေးမြို့ရဲ့ အိမ်ခြံမြေရာဇဝင်ကို ပြန်လှည့်ကြည့်မိတော့ ၁၉၉၇ ခုနှစ်မှာ ပြောစမှတ်တွင်လောက်အောင် အိမ်မြေအရောင်းအဝယ်က လှုပ်ခဲ့သည်။
မြေပုံပေါ်မှာပင်လက်ထောက်ရောင်းတဲ့မြေကွက်တွေက နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဈေးနှုန်းတွေကလည်း တစ်နေ့နဲ့တစ်နေ့ပင် မတူခဲ့။ အဲဒီမှာ အထက်ကပြောခဲ့တဲ့ မျက်ပေါက်ခပ်ကျဉ်းကျဉ်းတွေကလည်း အလုံးအရင်းနဲ့ လှိမ့်ဝယ်ကြသည်။ ဒီလိုဖြစ်တဲ့ အကြောင်းအရင်းအပေါ် ပါးစပ်ရာဇဝင်ကလည်း အမျိုးမျိုးဖြစ်ခဲ့သည်။
မျက်မြင်ဖြစ်ခဲ့တာကတော့ အိမ်ခြံမြေဈေးကွက် သိသိသာသာမြင့်ခဲ့ပြီး စကားဝဲသူတွေ မြို့သစ်မှာ သိသိသာသာများလာခဲ့ခြင်းဖြစ်သည်။ “မန္တလေးမြို့က အခု မြို့သစ်ကိုအခြေတည်ပြီး အရှေ့တောင်ဘက်ခြမ်းကို ဆက်ရွေ့ နေတယ်။
မြို့သစ်အိမ်ခြံမြေကဏ္ဍဟာ အချိန်နဲ့အမျှ ဆက်အရေးပါနေဦးမှာပါ”လို့ မြို့သစ်က ‘ဖိုးလမင်း’ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကဦးဝဏ္ဏစိုးက ပြောသည်။ လက်တွေ့မှာလည်း မြို့သစ်ရဲ့ တကယ့်အရေးကြီးတဲ့ မိန်းလမ်းတွေပေါ်ကအိမ်မြေ ဈေးနှုန်းတွေက မြို့တွင်းနဲ့ ရင်ပေါင်တန်း လိုက်နေသည်။
တချို့နေရာတွေမှာ မြို့သစ်ကတောင် ခေါ်ဈေးမြင့်ကုန်ခဲ့ပြီ။ “အခု ထီအမြင့်ဆုံးဆုက ကျပ်သိန်း ၁, ၅၀၀ ပေါ့နော်။ တစ်သက်မှာ တစ်ခါတောင် ပေါက်ဖို့ မလွယ်တဲ့ထီကို ဆယ်ခါလောက်ပေါက်မှ ကိုယ်အရင်က နေခဲ့တဲ့နေရာလေး ပြန်ဝယ်နိုင်မှာ။ ဒါတောင်လက်ရှိပိုင်ရှင်က ပြန်ရောင်းချင်ဦးမှဗျ။ထီပေါက်ရင်တောင် ဒီတစ်သက် မြို့သစ်က အရင်မြေကို ပြန်ဝယ်ဖို့အိပ်မက်မမက်နိုင်တော့ဘူး”လို့ မြန်မာလူမျိုး ကိုကျော်စိုးက ပြောသည်။ Ref : The Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ