By Eleven Media Group, Shweproperty.com
Updated at 25 August 2015
ဝေဖန်မှုများပြားနေသော ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှု ရှိမရှိ တင်ဒါဖွင့်ဖောက် စိစစ်မည့်နေ့တွင် သွားရောက် စောင့်ကြည့်မည်ဟု ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ဇူလိုင်လအတွင်း တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါဖွင့်ဖောက် စိစစ်ခြင်းကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ဝယ်ယူထားသည့် ကုမ္ပဏီ ၅၀ ခန့်ရှိကြောင်း သိရသည်။
“တင်ဒါဖွင့်ဖောက် စိစစ်တဲ့နေ့မှာ သွားရောက်ကြည့်ရှုမှာပါ။ ကြည့်ချင်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ အများပြည်သူထဲက ကြည့်ချင်ရင်လည်း ခေါ်ဆောင်သွားမှာပါ။ အဲဒီလိုလာရောက် ကြည့်ရှုမယ့်အကြောင်း အစိုးရအဖွဲ့ကို ကြိုတင်အကြောင်းကြား သွားမှာပါ။ ပွင့်လင်းမြင်သာမှုနဲ့ သူတို့အများပြည်သူရှေ့မှာ လုပ်ဆောင်မယ်လို့ သူတို့ပြောထားတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိသလဲ သွားရောက်စောင့်ကြည့်မှာပါ။ သူတို့ကြည့်ရှုခွင့်ပေးမယ်လို့ အန်တီထင်တယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညို ညိုသင်းက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့သော်လည်း ယခုနှစ်ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည် ဖော်ပေးရေး” အဆိုဟူ၍ ပြန်လည်တင်သွင်းလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူများပြား၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ရာ ဝေဖန်မှုများ ထပ်မံပေါ်ထွက် လာခဲ့သည်။
သို့သော် ယင်းသို့အတည်ပြုလိုက်သည့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀” ၏ ရန်ကုန်မြို့ကို တိုးချဲ့ရန် ဒုတိယဦးစားပေး အနေဖြင့် ပါဝင်ကြောင်း၊ ယင်းစီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က အမြန်အကောင်အထည် ဖော်ပေးရန် အဆိုတင်ခဲ့၍ ဦးစားပေးအနေဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ပေးရန် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က မီဒီယာမျာအား ဇွန်လအတွင်းက ပြောကြားသည်။
သို့ဖြစ်ရာ “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” ၏ ပထမဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်ကို အကောင်အထည် မဖော်သေးဘဲ ဒုတိယဦးစားပေးဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း(ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်) ကို ဇူလိုင်လအတွင်းက ဦးစွာတင်ဒါခေါ်ယူ ခဲ့ခြင်းကြောင့် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ခဲ့ကြသည်။
ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့်အတွက်ကြောင့် အလျင်စလို အကောင်အထည် ဖော်လိုသနည်းဟု သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့ပြီး ယင်းစီမံကိန်း တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍မည်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ခဲ့ပါနည်းကိုလည်း ၎င်းကဆက်လက် မေးခွန်းထုတ်ခဲ့သည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး တူးမြောင်းကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် ဧရိယာများ ပါဝင်ကြောင်း သိရသည်။
ယင်းဧရိယာအတွင်းရှိ မြေကွက်များ ခေါ်ဈေးများ မြင့်နေသော်လည်း ယခင်ကဲ့သို့ ဝယ်မည့်သူ နည်းပါးနေကြောင်း ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
Ref : Eleve Media Group
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ