By Myanmar Times, Shweproperty.com
Updated at 12 August 2015
ရန်ကုန်မြို့၏ အနောက်ဘက်တွင် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လအတွင်းက တင်ဒါခေါ်ယူခဲ့ပြီးနောက် တင်ဒါလျှောက်လွှာ ဝယ်ယူသည့်ကုမ္ပဏီပေါင်း ၅၀ ကျော်ရှိခဲ့ပြီး တင်ဒါ လျှောက်လွှာအတွက် ပြင်ဆင်ချိန်ရရန် တင်ဒါ ဖွင့်ဖောက်စစ်ဆေးမည့်ရက်ကိုလည်း ရွှေ့ဆိုင်း လိုက်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စီမံကိန်းအတွက် နိုင်ငံသား ရင်းနှီးတည်ဆောက်သူကိုသာ ရွေးချယ်မည်ဖြစ်ပြီး လျှောက်ထားမည့်ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ ရင်းနှီး မြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာအကူအညီ ရယူဆောင်ရွက်မည့်အစီအစဉ်၊ စီမံကိန်း အကောင်အထည်ဖော်မည့်အစီအစဉ် (လုပ်ငန်း/ကာလ)၊ ပြည်သူလူထုအတွက် လူမှု စီးပွားဆိုင်ရာ ဆောင်ရွက်ပေး မည့်အစီအစဉ်၊ အထူးဖော်ပြလိုသည့်အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ အဆိုပြုတင်ပြသွားရမည်ဖြစ်သည့်အတွက် အချိန်နည်းပါးခြင်းကြောင့် ကုမ္ပဏီ များဘက်က အချိန်ထပ်မံတိုးပေးရန် တောင်းဆိုခဲ့ကြကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
နိုင်ငံသား ရင်းနှီးတည်ဆောက်မည့်သူ သာ လျှောက်ထားရမည့် အဆိုပါတင်ဒါကို ယခင်က ဩဂုတ် ၁၈ ရက်တွင် အစိုးရအဖွဲ့ရုံး ၌ ဖွင့်ဖောက်စစ်ဆေးမည်ဟု ကြေညာခဲ့သော်လည်း လုပ်ငန်းရှင်များ၏တင်ပြမှုများကြောင့် ဩဂုတ် ၂၂ ရက်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။ "တင်ဒါပြင်ဆင်ချိန်ရဖို့အတွက် ရက်နည်း နည်းရွှေ့ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် အစည်းအဝေးလုပ်တဲ့အခါမှာ အဲဒီရက်ကိုရွှေ့ဖို့ သဘောတူခဲ့ကြတယ်။ ဘယ်ကုမ္ပဏီတွေလဲဆို တာကတော့ အဲဒီရက်မှသိရမှာပါ။ အခုက လာဝယ်တဲ့အရေအတွက်ပါ။ ဖွင့်ဖောက် မယ့်ရက်မှာပဲ တစ်ခါတည်း လျှောက်ကြရမှာပါ။ အဲဒီအချိန်ဆို အားလုံးသိရပါပြီ" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့၏အနောက်ဘက် ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ -တွံတေးကားလမ်းကြားမြေနေရာများတွင် အကောင်အထည်ဖော်ရန် လျာထားပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်များ အတွင်း တည်ရှိနေသည့် အဆိုပါမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီသည် အဆိုပြု တင်ဒါလျှောက်လွှာကို ငွေကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ရခြင်းဖြစ်ပြီး တင်ဒါအာမခံ စပေါ်ငွေ ကျပ် သန်း ၅,၀၀၀ တိတိ ပေးသွင်းထားသည့် ချလန်မူရင်းကို တင်ဒါလျှောက်လွှာနှင့် အတူ ဩဂုတ် ၂၂ ရက် တွင် ပူးတွဲတင်ပြရမည်လည်း ဖြစ်သည်။
ယခုအကောင်အထည်ဖော်မည့် စီမံကိန်း မြေနေရာသည် ပြီးခဲ့သည့်နှစ်၌ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့ပြပညာရှင်များက ပွင့်လင်းမြင်သာမှုမရှိသည့်စီမံကိန်းဟုဝေဖန် ခဲ့ကြသောကြောင့် တိုင်းအစိုးရအဖွဲ့က ဆိုင်းငံ့ခဲ့သည့်မြေနေရာတွင်ဖြစ်ပြီး မဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၏ ဦးစားပေးအဆင့် ၂ တွင် ဖော်ပြခံထားရ သော ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်းမြေနေရာလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း က ယခုတည်နေရာတွင် ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင် အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တစ်ဦးတည်းလုပ်ပိုင်ခွင့်ကို မြန်မာ့ စေတနာမြို့ သစ်ကုမ္ပဏီအားပေးခဲ့ပြီး ယခုအကြိမ်တွင် တင်ဒါလျှောက်ရန် အစီအစဉ် ရှိ၊ မရှိကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် ဒဂုံစီးတီးအဆင့်မြင့်အိမ်ရာစီမံကိန်း (၂) လုပ်ပိုင်ခွင့်ရခဲ့သူ သုခရတနာကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာတွင် စီမံကိန်းအနေဖြင့် စိတ်ဝင်စားဖွယ်ရှိသော်လည်း အကောင် အထည်ဖော်ရန်အတွက်ကိုမူ စဉ်းစားခဲ့ခြင်း မရှိသည့်အတွက် တင်ဒါလျှောက်လွှာ မဝယ်ယူခဲ့ကြောင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကမူ ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ယခုကဲ့သို့ အလျင်အမြန် အကောင်အထည်ဖော်နေသည့်အပေါ် သံသယဖြစ်မိပြီး တင်ဒါဖွင့်ဖောက်စစ်ဆေးမည့်နေ့တွင် သွားရောက်လေ့လာကြည့် ရှုမည်ဖြစ်ကြောင်း ပြောသည်။ "ကျွန်မအမြဲတမ်းပြောပါတယ်။ လွှတ်တော် ထဲမှာ ဆွေးနွေးတုန်း ကတည်းကလည်း ပြောခဲ့ပါတယ်။ အခုအချိန်မှာ အစိုးရကဆောင်ရွက်မယ်ဆိုရင် နောင်တက် လာမယ့် အစိုးရအဖွဲ့ အတွက်က အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကြီးမား တဲ့မြို့သစ်ကိုတည်ဖို့ သက်တမ်းလပိုင်းပဲကျန်တဲ့အစိုးရက အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ လုပ်ကို မလုပ်သင့်ဘူး"ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မည်ဟု ကြေညာ ထားသော်လည်း စီမံကိန်းမြေဈေး နှုန်းများမှာ တန်ဖိုးများကျဆင်းလျက်ရှိပြီး တစ်ဧကလျှင် ကျပ် သိန်း ၂၀၀ ကျော်သာရှိပြီး အရှုံးခံပြန်လည်ရောင်းချမှုများသာရှိသည်ဟု ရွှေဇီးကွက် အိမ်ခြံမြေလုပ်ငန်းမှ ဦးမိုးဝင်းက ဩဂုတ်လ ၁၀ ရက်နေ့က ပြောသည်။ "မြေဈေးက လမ်းမကြီးနဲ့နီးတဲ့နေရာ တွေမှာ တစ်ဧကကို သိန်းရှစ်ရာနဲ့အထက် ရှိတယ်။ ဒါပေမဲ့ ဝေးတဲ့နေရာဆိုရင်တော့ နှစ်ရာကျော်လောက်ပဲ ရှိတယ်"ဟု ဦးမိုးဝင်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ