By Myanmar Times, Shweproperty.com
Updated at 15 July 2015
ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံခဲ့ရသည့်အတွက် ဆိုင်းငံ့ခဲ့ရသော ရန်ကုန်မြို့သစ် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရေးအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဇွန်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ပြီးနောက် စီမံကိန်းကို တည်ဆောက်လိုသူ နိုင်ငံသားပိုင် ကုမ္ပဏီများ တင်ဒါစတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၂ ရက်တွင် နိုင်ငံပိုင် သတင်းစာများက တစ်ဆင့် ကြေညာခဲ့သည်။
ရန်ကုန်မြို့၏ အနောက်ဘက်ပန်းလှိုင်မြစ်နှင့်တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ တွံတေးကားလမ်းကြား မြေ နေရာများတွင် အကောင်အထည်ဖော်ရန် လျာထားပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်များ အတွင်း တည်ရှိနေသည့် အဆိုပါ မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီသည် အဆိုပြု တင်ဒါလျှောက်လွှာကို ငွေကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး တင်ဒါအာမခံစပေါ်ငွေ ကျပ် သန်း ၅,၀၀၀ တိတိ ပေးသွင်းထားသည့် ချလန်မူရင်းကို တင်ဒါလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြ ရမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် နိုင်ငံသား ရင်းနှီးတည်ဆောက်သူကိုသာ ရွေးချယ်မည်ဖြစ်ပြီး လျှောက်မည့် ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ ရင်းနှီး မြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာအကူအညီရယူဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်း အကောင်အထည်ဖော်မည့်အစီ အစဉ် (လုပ်ငန်း/ကာလ)၊ ပြည်သူလူထု အတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေး မည့် အစီအစဉ်နှင့် အထူးဖော်ပြလိုသည့် အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ အဆိုပြုတင်ပြသွားရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ယခုတည်နေရာတွင် ရန်ကုန်မြို့သစ်စီမံကိန်း ကို အကောင်အထည်ဖော် ရန် တင်ဒါခေါ်ယူခြင်း မရှိဘဲ မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီကို မူအားဖြင့် ခွင့်ပြုပေးထားသည်ဟု တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရုတ်တရက်တင်ပြခဲ့သောကြောင့် လွှတ်တော်ကိုယ်စားယ်များနှင့် မြို့ပြပညာရှင်များကပွင့်လင်း မြင်သာမှုမရှိသည့်စီမံကိန်းဟု ဝေဖန်ခဲ့ကြ သောကြောင့် နောက်ဆုံးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါစီမံကိန်းကို ဆိုင်းငံ့ လိုက်ရသည်။
ထိုသို့ ဆိုင်းငံလိုက်ရသည့်အတွက် စီမံကိန်း နယ်မြေအတွင်းနေထိုင်သော ပြည်သူအချို့ က စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒထုတ်ဖော်မှုများ သုံးကြိမ်ထက် မနည်း ပြုလုပ်ခဲ့ကြသော်လည်း စီမံကိန်းကို မလိုလားသည့် ပြည်သူများလည်းရှိနေသည် ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်မည်ဟု ကြေညာ ထားသော်လည်း စီမံကိန်းမြေဈေး နှုန်းများမှာ တန်ဖိုးများကျဆင်းလျက်ရှိပြီး စီမံကိန်းလုပ်မည်ဟု ၂၀၁၄ ခုနှစ်က အစိုးရ အဖွဲ့၏ ကြေညာမှုအပြီး မြေဈေးကွက်မှာ တစ်ဧကလျှင် ကျပ်သိန်း ၅၀၀ အနည်းဆုံးရှိခဲ့သော်လည်း ယခုအခါမှာမူ သိန်း ၂၀၀ ကျော်သာ ရှိတော့ကြောင်း ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "မြေဈေးက လမ်းမကြီးနဲ့ နီးတဲ့နေရာတွေဆိုရင် တစ်ဧကကို ကျပ်သိန်း ရှစ်ရာနဲ့အထက် ရှိတယ်။ ဝေးတဲ့နေရာဆို နှစ်ရာကျော်လောက် ပဲရှိတယ်။ မြေဈေးက စီမံကိန်းဆိုင်းငံ့တယ် လို့ ကြေညာပြီးနောက်ပိုင်းကတည်းက ကျသွားတာ။ ဒီနေ့ထိပဲ"ဟု ရွှေဇီးကွက် အိမ်ခြံ မြေလုပ်ငန်းမှ ဦးမိုးဝင်းက ပြောသည်။
ထို့ပြင် မြေအရောင်းအဝယ်မှာ လက်ရှိတွင် ရပ်တန့်နေပြီး အကြွေးရှိသူများနှင့် စီမံကိန်းနယ်မြေ အပေါ် စိတ်ဝင်စားမှုမရှိတော့သည့် မြေပိုင်ရှင်များက အရှုံးခံကာ ပြန်လည်ရောင်းချမှုများ ပြုလုပ် လျက်ရှိနေသော်လည်း ဝယ်သူရှားပါးနေသည်ဟု အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ တွံ့တေးမြို့နယ် တမာတကောကျေးရွာတွင် နေထိုင်သူ ဒေါ်ခင်လေးကလည်း မြို့သစ် စီမံကိန်းကို ဒေသခံများက အမှန်တကယ် လိုလားလျက်ရှိကြောင်းနှင့် အလုပ်အကိုင် အခွင့် အလမ်းရှားပါးမှုကို မြို့သစ်စီမံကိန်း က ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ပြောသည်။ "အခုက သူများလယ်မြေတွေမှာ အလုပ်သွားလုပ်ပေးနေကြတယ်။ အများစုပေါ့။ အရင်တုန်းကတော့ ပုစွန်တွေ၊ ငါးတွေဖမ်းပြီး ရောင်းကြတယ်။ အခုကမြစ်တွေကလည်း နုန်းတွေ များလာတော့ ပုစွန်ဆိုမရ သလောက်ပဲ။ ကျွန်မတို့က မြို့သစ်ကို မျှော်တာက အလုပ်အကိုင်ရချင် လို့ပါ။ တခြား ဘာအတွက်ကြောင့်မှ မဟုတ်ဘူး"ဟု ဒေါ်ခင်လေးက ပြောသည်။ အိမ်ခြံမြေအကျိုးဆောင် ဦးလှမျိုးက လည်း စီမံကိန်းလုပ်မည်ဟု ကြေညာထားသော်လည်း မြေကွက်အရောင်းအဝယ် များရပ်တန့်နေခြင်းသည် အစိုးရ၏စီမံကိန်း အပေါ် လုပ်ငန်းရှင်များက ယုံကြည်မှုအားနည်းသွားကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။ "အရင်တစ်ခေါက်တုန်းက စီမံကိန်း လုပ်မယ်လို့ကြေညာလိုက်တော့ မြေဈေးက တစ်ရှိန်ထိုးတက်သွားတယ်။ ဒါပေမဲ့ မလုပ်ဖြစ်တော့ဘူးလို့ ထပ်ကြေညာလိုက် တော့ မြေဈေးတွေ တဖြည်းဖြည်းကျလာတယ်။ အခုဆို ဝယ်မယ့်သူတောင် မရှိဘူးလို့ ပွဲစားတွေဆီက ကြားရတယ်။ အခုတင်ဒါတောင် ခေါ်ထားတယ် ဆိုတော့ ပြန်တက်လာမယ်လို့တော့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကမူ အစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို အလျင်အမြန် အကောင်အထည်ဖော်နေသည့်အပေါ် သံသယဖြစ်မိပြီး လက်ရှိအစိုးရအဖွဲ့အနေဖြင့် သက်တမ်း ကုန်ခါနီး အချိန်တွင် စီမံကိန်းကြီးများကို ဆောင်ရွက် ရန် မသင့်ဟုလည်း ပြောသည်။
"လွှတ်တော်မှာဆွေးနွေးခဲ့ကတည်းက ပြောပြီးသားပါ။ အခုအချိန်မှာ အစိုးရက ဆောင်ရွက်မယ် ဆိုရင် နောင်တက်လာ မယ့် အစိုးရအဖွဲ့အတွက်က အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကြီးမားတဲ့ မြို့သစ်ကိုတည်ဖို့ သက်တမ်းကလပိုင်းပဲကျန်တဲ့ အစိုးရက အကောင် အထည်ဖော်ဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ ရိုးသားမှုရှိတယ်ဆိုရင်ပေါ့"ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
မြို့သစ်စီမံကိန်းအတွက် တင်ဒါ လျှောက်လွှာများကို ဩဂုတ် ၁၈ ရက်တွင် ပဏာမ ဖွင့်ဖောက်စိစစ်မည်ဖြစ်ပြီး ထပ်မံစိစစ်ခြင်း၊ အပြီးသတ်တည်ထောင်သူ ရွေးချယ်ခြင်းများ သတ်မှတ်ရန်အတွက်ကိုမူ တင်ဒါခေါ်ယူခြင်း ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမအကြိမ် စီမံကိန်းကြေညာစဉ်က အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနှင့် ကျပ် ဘီလျံ ခုနစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံတည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းပြီးစီးအောင် တည်ဆောက်ရန် သတ်မှတ်ထားခဲ့သည့်အတွက် ယခု အရွေးချယ်ခံမည့် ကုမ္ပဏီများသည် ယခင်သတ်မှတ်ချက် အောက် မလျော့နည်းအောင် ဆောင်ရွက်နိုင်မှသာ အရွေးချယ်ခံရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။
အစိုးရက ယခုလက်ရှိ တင်ဒါခေါ်ယူ ထားသည့် စီမံကိန်းလုပ်ငန်းသည် ဖော်ဆောင်လျက်ရှိသော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းတွင် ဦးစားပေး(၂)အဖြစ်ဆောင်ရွက်ရန် လျာ ထားသော ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်စီမံကိန်းလည်းဖြစ်ပြီး လူဦးရေ နှစ်သန်းကျော် နေထိုင်နိုင်မည်ဟုလည်း မဟာဗျူဟာစီမံကိန်း အစီရင်ခံစာတွင် လျာထားဖော်ပြထားသည်။
Ref : Myanmar Times Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ