By Eleven Media Group, Shweproperty.com
Updated at 3 December 2015
အကြီးတန်းစာရေးတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝမရှိနိုင်သော်လည်း အထက်၏ စေခိုင်းမှုကြောင့်သာ ယခုကဲ့သို့ လုပ်ကိုင်ခဲ့ရခြင်းဖြစ်ပြီး ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျပ်သိန်းထောင်ချီ လာဘ်ယူသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဇော်မြင့်ထွေးက နိုဝင်ဘာ၂၄ ရက်တွင် ချမ်းအေးသာစံမြို့နယ်တရားရုံး၌ ရုံးထုတ်စဉ် ပြောကြားသည်။
ဖြစ်စဉ်မှာ ၂၀၀၂ ခုနှစ်အတွင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက်အရောင်းအဝယ်အတွက် ကာလတန်ဖိုးဖြတ်ရန် ငွေကျပ် သိန်း ၁၃၂၀ ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက် နှစ်ဆစည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ်သူက မကျေနပ်၍ ယင်းငွေများကို ပြန်လည်တောင်းယူခဲ့ရာတွင် မပေးနိုင်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင်အမှုဖွင့်ခဲ့ပြီး ပုဒ်မ ၄၀၆ သို့ ပြောင်းလဲတရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရသည်။ ယင်းသို့ တရားစွဲဆိုခံရမှုအား နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေးချို့ယွင်းနေခြင်းကြောင့် အာမခံလျှောက်ထားခဲ့သော်လည်း အာမခံမရရှိဘဲ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အခု ကျွန်တော့်ကို တရားစွဲထားတဲ့အမှုမှာ တကယ်ပတ်သက်ခဲ့တဲ့ လူကြီးတွေက ရှောင်ထွက်နေကြတယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကိုလည်း ကျွန်တော်တိုင်ထားတယ်။ သူတို့ကတော့ နောက်ကွယ်က ကိစ္စတွေကို မပြောစေချင်ဘူးပေါ့။ လာစစ်တော့လည်း ကျွန်တော် အစစ်ခံတယ်။ ဒီလို မဖြစ်ခင်ကတည်းက ဌာနရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေမှာစိုးတဲ့အတွက် ကျွန်တော်ပိုင်တဲ့အဆောက်အအုံတွေကို အပေါင်ထားပြီး ငွေတိုးယူကာ ဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီလိုဖြေရှင်းပေးရတာ များလာတဲ့အခါ ကျွန်တော့်မိသားစုလည်း မခံနိုင်တော့ဘူး။ ဘာမှမကျန်တဲ့အနေအထား ရောက်သွားပြီ။ တန်ဖိုးလည်းဖြတ်ပြီးချိန်ကျမှ ကျွန်တော့်ကို ပုဒ်မ ၄၀၆ နဲ့ စွဲလိုက်တယ်။ စဉ်းစားကြည့်ပေါ့။ ငွေတန်ဖိုးဖြတ်ဖို့အတွက် သူတို့နဲ့ ညှိနှိုင်းတယ်၊ ငွေယူတယ်၊ လက်မှတ်ထိုးယူတယ်။ ငြိသွားတယ်ပေါ့။ ဒါပေမဲ့ အခု နောက်ကွယ်က ပတ်သက်ခဲ့သူတွေကို အခုအချိန်အထိ ကျွန်တော် နာမည် ထုတ်မပြောသေးဘူး။ သူတို့ ရှေ့ကို ဘာလို့ထွက်မလာရဲတာလဲ။ သူတို့ ကျွန်တော့်ကို ဘာလို့ တခြားပုဒ်မနဲ့ မစွဲရဲတာလဲ။ ကျွန်တော်တကယ် လုပ်ပေးခဲ့ရတယ်။ ချမ်းအေးသာစံရဲ့ အိမ်ခြံမြေယာဖြတ် တန်ဖိုးတွေမှာ ၉၉ ရာခိုင်နှုန်းလုပ်ပေးခဲ့ပါတယ်။ ရုံးမှာလည်း မှတ်တမ်းရှိတယ်။
ဒါတွေနဲ့ပတ်သက်လို့လည်း ကျွန်တော့်ဆီမှာ စာရင်းဇယား အကုန်ရှိပါတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်။ နောက်ကွယ်မှာ နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးနေမှုတွေက အများကြီးဖြစ်နေတယ်။ အဲဒီလို နိုင်ငံတော်ဘဏ္ဍာငွေတွေ ဆုံးရှုံးနေတာကို ကျွန်တော် ဖော်ထုတ်သွားမယ်။ ဖြစ်နေတာက သူတို့လူ အချင်းချင်းပဲ ကာကွယ်နေကြတာ။ ဒီကိစ္စတွေ ရဲ့နောက်ကွယ်က၊ နာမည်တွေပြောရရင် မြို့ နယ်ဦးစီးမှူး ဦး. . . က သူ မဟုတ်တာ စွပ်စွဲရင် သူအခုချိန်မှာ ကျွန်တော့်ကို လာရှင်းပေါ့။ ပတ်သက်နေတဲ့သူတွေအားလုံးကို ကျွန်တော်နာမည်နဲ့ တိုင်ထားတယ်။ အဲဒီလို တိုင်ထားတာကို ဘာဖြစ်လို့ မစစ်တာလဲ၊ မလုပ်ရဲတာလဲ။ ကျွန်တော့်လို ဌာနတွင်း အကြီးတန်းစာရေးတစ်ယောက်အနေနဲ့ ဒီလောက်အထိလည်း လုပ်ပိုင်ခွင့်မရှိဘူး။ နောက်ကွယ်က အဆင့်ဆင့်လူကြီးတွေရဲ့စေခိုင်းမှုအရ လုပ်ရတာ။ သူတို့ခိုင်းလို့ လုပ်ရတာလေ။ သူတို့ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိတယ်”ဟု ကျပ်သိန်းထောင်ချီ လာဘ်ယူသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဇော်မြင့်ထွေးက ပြောကြားသည်။
အိမ်ခြံမြေတန်ဖိုးဖြတ်ရာတွင် ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဇော်မြင့်ထွေး၏ အမှုအား နိုဝင်ဘာ ၂၄ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။ ယင်းနေ့တွင် တရားလိုဖြစ်သူအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : Humbert
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ