By The Voice Daily, Shweproperty.com
Updated at 11 June 2015
လူဦးရေ သိပ်သည်းမှု မြင့်တက်နေသော ရန်ကုန်မြို့တော် လူဦးရေဆယ်သန်းကျော် နေထိုင်နိုင်မည့် ရန်ကုန်မြို့သစ် စီမံကိန်း (၇) ခုကို အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဇွန်လ (၁၀) ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀) အစီရင်ခံစာ တင်သွင်းရာတွင် ဦးစားပေးဆောင်ရွတ်ရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါအတိုင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဦးစားပေး ဆောင်ရွတ်မည့် မြို့သစ်စီမံကိန်းများမှာ ရန်ကုန် အရှေ့ပိုင်း မြို့သစ်၊ အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ် နှင့် လှည်းကူးမြို့သစ်တို့ ဖြစ်ကာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ (JACA) ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး စုစုပေါင်း (၁၁၈,၇၂၃) ဧက ကျယ်ဝန်းကြောင်း ဦးလှမြင့်က ဆိုသည်။
အဆိုပါ မြို့သစ်စီမံကိန်းများသည် တိုးမြင့်လာမည့် ရန်ကုန်လူဦးရေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး ဝင်ငွေနည်းသူများ၊ ဝင်ငွေအသင့်အတင့်ရှိသူများအတွက် အထပ်မြင့်၊ အထပ်လတ်၊ အထက်နိမ့်အိမ်ရာ စီမံကိန်းများလည်း ပါဝင်ပြီး စုစုပေါင်း ကျပ်ငွေ (၈၁၂၇.၅၁) ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းသို့ရန်ကုန်မြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော်ပါက သက်ဆိုင်ရာ အောက်ခြေလူထုကို အမှန်တကယ် ထိရောက်မှုရှိမရှိ လေ့လာရုံသာမက မြင့်တက်လာမည့် မြေယာဈေးနှုန်းများကို ထိန်းသိမ်းရန် ကြိုတင်ပြင်ဆင်မှုများ၊ ပြုလုပ်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ထောက်ပြပြောဆိုပါတယ်။
"ဘာပဲဖြစ်ဖြစ် စီမံကိန်းတွေ လုပ်မယ်ဆိုရင် မြေဈေးကစားတဲ့ ပြသနာက ပေါ်လာမယ်၊ မြေဈေးတွေက မထိမ်းနိုင် မသိမ်းနိုင် တက်မလာဖို့ ကို ဘယ်လိုပြင်ဆင်ထားသလဲ ဆိုတာကလည်း အရေးကြီးပါတယ်"ဟု ၎င်းက ပြောပါသည်။
အဆိုပါဦးစားပေး အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းများ ပါဝင်သော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ (JACA) တို့ ပူးပေါင်းဆောင်ရွတ်ရေးဆွဲခြင်းဖြစ်ပြီး ဇွန်လ တတိယပတ်အတွင်း ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
Ref : The Voice Daily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ