By The Voice Weekly, Shweproperty.com
Updated at 25 December 2011
နိုင်ငံရေးအပြောင်းအလဲအချို့ရှိလာပြီး ရင်းနှီးမြုပ်နှံသူများ ယုံကြည်စိတ်ချရမှု မြင့်တက်လာပြီးနောက် မြို့သစ်များနှင့် ဆင်ခြင်ဖုံးလယ်မြေကွက်များ၏တန်ဖိုးမှာ မယုံကြည်လောက်အောင် တစ်ဟုန်ထိုးမြင့်တက်လာကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် မြေရောင်းလိုသူနည်းနေပြီး ဝယ်လိုသူသိသာစွာများပြား လာကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာလမ်းမကြီး (၁၃၃) ရပ်ကွက်တွင် လွန်ခဲ့သည့် တစ်လက ကျပ်ဆယ်သိန်းဖြင့် ဝယ်ယူထားသည့်မြေကွက်ကို ယခု သိန်း ၃ဝဝနှင့် ရောင်းလိုက်နိုင်ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းနေ အိမ်ရာမြေအကျိုးဆောင် ဦးကျော်ဝင်းစိန်က ပြောကြားသည်။
ရင်းနှီးမြုပ်နှံသူအများစုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ မြန်မာနိုင်ငံသို့လာရောက်သွား ပြီးနောက် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာလိမ့်မည်ဟူသည့် မျှော်လင့်ချက်နှင့် မြေကွက်များကို လက်ဦးမှုရယူ ဝယ်ထားလိုကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
''အခုဝယ်နေတာ ဘာမှမရှိတဲ့ လယ်ကွက်နော်။ လေးသိန်းက လေးဆယ်ကျော်ဖြစ်ကုန်တာ''ဟု ၎င်းကဆိုသည်။
ယခုမြေကွက်ရောင်းရာတွင် မြေကွက်ကိုလိုက်လံပြသစရာမလိုဘဲ မြေပုံပေါ်တွင် အကွက်နံပါတ်ကိုပြော လိုက်ရုံသာဖြစ်ပြီး ကြိုက်နှစ်သက်ပါက ငွေချေကာ ယမန်နေ့က ကျပ် ၂၃ သိန်းနှင့် ဝယ်ထားသော မြေကွက်ကို ယနေ့ ၂၇ သိန်း ပေးဝယ်သူရှိကြောင်း၊ ယခုတစ်လအတွင်း ပွဲခသီးသန့် သိန်း ကျပ် ၁၅ဝ ခန့် ရရှိထားပြီဖြစ်ကြောင်း အသက် ၃၈နှစ်အရွယ် အကျိုးဆောင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
လှိုင်သာယာ ၅ထိပ်တွင် ပေ ၈ဝx၆ဝ အကွက်ကို ပြီးခဲ့သည့်တစ်ပတ်က သိန်း ၈ဝ နှင့်ရောင်းလိုက်ရာ တစ်ပတ်အတွင်း သိန်း၁ဝဝနှင့် ပြန်လာဝယ်သူရှိကြောင်း အိမ်နှင့် ခြံကို ရောင်းခဲ့သူ ဒေါ်မီးမီးက ဆိုသည်။ သီလဝါ တွင် နှစ်ဧကကွက်ကို သိန်း ၁၅ဝနှင့် ဝယ်ထားရာ ယခု နေရာအနေအထားပေါ်မူတည်ပြီး သိန်း ၅ဝဝဝမှ ၇ဝဝဝ အထိ ဈေးမြောက်လာကြောင်း၊ ဒလ၊ ဒဂုံ မြောက်နှင့် မဂင်္လာဒုံတို့တွင် ဈေးများ အဆမတန်တက်နေပြီး မန္တလေးမှ ဝယ် လက်များလည်း ပြီးခဲ့သည့် တနင်္လာနေ့ (၁၂ရက်)ကစပြီး ဆင်းလာဝယ်နေကြောင်း အတွေ့အကြုံ ၁၅နှစ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်မြန်မာအချို့၏ စုဆောင်း ထားသည့်ငွေများ နိုင်ငံရေးအခြေအနေ ပွင့်လင်းလာသည်ဆိုကာ ပြည်တွင်းသို့ သိသိသာသာဝင်နေကြောင်း၊ နိုင်ငံခြား တွင် မြေဝယ်ထားပြီး တစ်နှစ်အတွင်း ၁ဝရာခိုင်နှုန်းမြတ်ရန်မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း ၅ဝ ရာခိုင်နှုန်းမြတ်နိုင်သည့် မျှော်လင့်ချက်နှင့် အိမ်၊ ခြံ၊ မြေတွင် ရင်းနှီးမြုပ်နှံမှုလုပ်နေကြောင်း သွင်းကုန်ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ