By The Messenger, Shweproperty.com
Updated at 10 May 2013
မြန်မာနိုင်ငံ၏ လုူနေမှုစနစ်၊ ယဉ်ကျေးမှုတွေ တစ်စတစ်စ ပြောင်းလဲလာနေသည်။ ငွေကြေးချမ်းသာသူတွေက မယားတွေ အများအပြားယူနေကြသည်။ တိုက်ခန်းဌားပေးပြီး လစဉ်ထောက်ပံ့ငွေပေးကာ မယားငယ်တွေ ထားလာကြသည်။ ငွေကြေးချို့တဲ့သူ တချို့သော အမျိုးသမီးတွေက မိသားစုစားဝတ်နေရေးအတွက် အနစ်နာခံပြီး မယားငယ် (မယားပြိုင်) ဘဝရောက်ကြသည်။ မြန်မာဗုဒဘာသာ ယဉ်ကျေးမှုဖြစ်သော တစ်လင်တစ်မယားစနစ်ကို အလေးမထားကြတော့ပါ။
တစ်ဆက်တည်း ယနေ့ခေတ် ပြည့်တန်ဆာလောကကိုလည်း တင်ပြလိုပါသည်။ ယနေ့ခေတ် ပြည့်တန်ဆာလောက မှာလည်း ခေတ်စနစ်နဲ့အအညီ ပြောင်းလဲလာပြီဖြစ်သည်။ တချို့သော ပြည့်တန်ဆာလုပ်ငန်း တည်ထောင်သူများက မိန်းကလေး ပျိုပျိုရွယ်ရွယ်တို့ကို တိုက်ခန်းတစ်ခန်း ဌားရမ်းပေးပြီး နေစေသည်။ ဆက်သွယ်ရေးစနစ်တွေက ကောင်းလာတော့ ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် ဟိုတယ်ကြီးတွေ၊ အင်းတွေကို အရောက်ပို့ပေးကြသည်။ နေ့ည အချိန်မရွေးပါပဲ။ ထို့အတူ မြို့စွန်ရပ်ကွက်များတွင် နေအိမ်များ တိုက်ခန်းများကို အနှစ်ချုုပ်ဖြင့် ဌားရမ်းပြီး အမျိုးသမီးများကို ထားရှိကြသည်။
ဒီတော့ တိုက်ခန်းပိုင်ရှင်များ၊ နေအိမ်ပိုင်ရှင်များကိုသတိပေးလိုပါသည်။ ထိုသို့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန်အတွက် တိုက်ခန်းဌားရမ်းနေထိုင်သည်ကို အိမ်ရှင်က မသိတော့ နောက်ပိုင်းတွင် အရှုပ်အရှင်းများ ကြုံရတတ်သည်။ တချို့ရပ်ကွက်များတွင် ရပ်ကွက်နေလူများက သိ၍ ပတ်ဝန်းကျင်လူနေမှု အသိုက်အဝန်းကို ထိခိုက်လာသဖြင့် ပြဿနာတတ်သည်အထိ ဖြစ်ကြရသည်။ အိမ်ရှင်က ဒီသတင်းကိုသိပြီး အိမ်ဌားကို နှင်ထုတ်လိုက်တော့ အခက်တွေ့ကြရသည်။
၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ဌားရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၂(၁)(ဂ)တွင် `အိမ်ဌားနှင့် အတူလက်ရှိထားသည့် (သို့) နေထိုင်သည့် အခြားသူတစ်ယောက်က အိမ်နီးချင်းဆက်စပ်လျက်ရှိသော (သို့)အနီးအနားရှိသော နေထိုင်သူများအား စိတ်ငြိုငြင်စေသည့် (သို့) ဥပစာကို ညစ်ညမ်းယုတ်မာသော (သို့) တရားဥပဒေနှင့် ဆန့်ကျင်သော ကိစ္စအလို့ဌာ အသုံးပြုသည့်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်ကိစ္စ'များ ပေါ်ပေါက်ပါက အိမ်ရှင်မှ အိမ်ဌားကို ဥပစာမှ နှင်ထုတ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တရားရုံး (တရားမ) ၁၉၉၂ ခုနှစ်၊ တရားမကြီးမှုအမှတ် ၄၉၁ တွင်ဒေါ်ဝေဝေက တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်၊ အမှတ် ၉၃၏ အောက်ထပ်ခြေရင်းခန်းကို ဦးစန်းငွေအား လစဉ်ဌားရမ်းစနစ်ဖြင့် ဌားရမ်းခဲ့သည်။ ဦးစန်းငွေသည် အိမ်လခ ၂ လခပေးရန် ပျက်ကွက်ခြင်း ၊ဥပစာတွင် စီးပွားဖြစ် သရက်သီးသနပ် ထုတ်လုပ်ရောင်းချခြင်း၊ ညဉ့်နက်သန်းခေါင် အုပ်စုဖွဲ့ သီချင်းဆိုတီးမှုတ်ခြင်း၊ အခြားမှ အမျိုးသားများနှင့် အမျိုးသမီးတို့ကို ဧည့်စာရင်းမတိုင်ကြားဘဲ မရိုးမသား လက်ခံထားခြင်းတို့ကြောင့် အနီးအနားရှိ နေထိုင်သူများအား စိတ်ငြိုငြင်စေမှု ဖြစ်ရကြောင်း စသည်တို့ကို အဆိုပြုပြီး ဌားရမ်းထားသည့် ဥပစာမှ နှင်ထုတ်ဖယ်ရှားပေးရန် တရားစွဲသည်။ မြို့နယ်တရားရုံးက ဒေါ်ဝေဝေအမှုကို ပလပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး တရားရုံးသို့ အယူခံ ဝင်ရောက်ရာ ပုဒ်မ ၁၂(၁)(က) ပထမပိုင်းကို အတည်ပြုပြီး အနိုင်ဒီကရီ ရရှိခဲ့သည်။
၁၂(၁)(က)မှာ အိမ်လခပေးဆောင်ရန်ချမှတ်သော အမိန့်ဖြစ်သည်။ ဒေါ်ဝေဝေက မကျေနပ်သေးဘဲ တရားရုံးချုပ်သို့ တရားမ ဒုတိယအယူခံမှုကို တင်သွင်းပြန်သည်။ အမှုအတွင်း ဒေါ်ဝေဝေ ကွယ်လွန်သွားသဖြင့် ဒေါ်ခင်ဝင်းနှင့် ဦးစန်းလှိုင်တို့က တရားဝင်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။
အယူခံတရားလို ဒေါ်ဝေဝေဘက်မှ ဦးစန်းငွေသည်ဥပစာကို လူနေထိုင်ရန် သက်သက်မဟုတ်ဘဲ သရက်သီးသနပ် ထုတ်လုပ်ရောင်းချခြင်း၊ အချင်းဖြစ် ဥပစာတွင် အမျိုးသားများနှင့် အမျိုးသမီးများကို ဧည့်စာရင်းမတိုင်ကြားဘဲ လက်ခံထားခြင်း ၊အမျိုးသမီးမှာ မကောင်းသော အမျိုးသမီးဖြစ်ခြင်းကြောင့် အိမ်ရှင်နှင့်တကွ ပတ်ဝန်းကျင်ကို စိတ်ငြိုငြင်စေမှုတို့ဖြစ်ရကြောင်း၊ အိမ်ဌားနှင့်အတူ နေထိုင်သူတို့၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေဆိုးဝါးသွားကြောင်း လျှောက်ထားသည်။
အယူခံတရားပြိုင် ဦးစန်းငွေဘက်မှ သရက်သီးသနပ်ကို စီးပွားဖြစ် လုပ်ကိုင်ခြင်းမဟုတ်ကြောင်း၊ ပတ်ဝန်းကျင်မှ အနှောင့်အယှက်ဖြစ်သည်ဟု တိုင်ကြားခံရခြင်းမရှိကြောင်း၊ ၂၄.၄.၁၉၉၁ နေ့ညက ဖြစ်ပွားသည့်ကိစ္စမှာ သားဖြစ်သူ၏ မိတ်ဆွေက အမျိုးသမီးခေါ်လာခြင်းဖြစ်ပြီး၊ အိမ်မပြန်သဖြင့် တစ်ည တည်းခိုခွင့်ပြုရန် ခွင့်တောင်းနေစဉ် ရဝတဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊ အိမ်ဥပစာ အခြေအနေပျက်စီးရခြင်းမှာ နှစ်ကြာ၍ သဘာဝအလျောက် ပျက်စီးရခြင်းဖြစ်ကြောင်း ထုချေတင်ပြသည်။
တရားရုံးချုပ်မှ သုံးသပ်ရာတွင် ၂၄.၄.၁၉၉၁ နေ့ညက အယူခံတရားပြိုင်၏ နေအိမ်တွင် သူစိမ်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတိုု့ကို ရဝတမှ လာရောက်စစ်ဆေးစဉ် တွေ့ရှိခဲ့ရသည်မှာ အငြင်းမပွားသည့် အချက်ဖြစ်သည်။ ၎င်းဧည့်သည်များကို စစ်ဆေးမေးမြန်းရာ တစ်ဦး၏ အမည်နာမကို အမျိုးသားများက မပြောနိုင်ခြင်း၊ အမျိုးသမီး၏ အရပ်ဒေသကိုလည်း ပြောမပြနိုင်ခြင်း စသည့်အချက်များကြောင့် ယင်းအမျိုးသမီးမှာ မကောင်းသောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော အမျိုးသမီးဖြစ်သည်ဟု ရဝတဥက္ကဋ္ဌ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ဖြစ်ကြသည့် လမ်းကိုယ်စားလှယ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မှတ်တမ်းတင်ထားခဲ့ကြောင်း အမှုတွဲတွင် ပေါ်ပေါက်သည်။
ဤသို့ ရပ်ကွက်အတွင်းမကောင်းသော အမျိုးသမီးများ တွေ့ရှိခြင်းကို မြန်မာ့လူနေမှုစနစ်က လက်မခံကြချေ။ မကောင်းသော အမျိုးသမီးများ နေအိမ်၌ ရှိနေခြင်းသည် ပတ်ဝန်းကျင် လူနေမှုအသိုက်အဝန်းကို ထိခိုက်စေရုံမျှမက ရက်ကွက်၏ကောင်းသတင်းကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ ရက်ကွက်အတွင်းနေ ရိုးသားစွာ လုပ်ကိုင်စားသောက်သွားလားနေကြသော အမျိုးသမီးငယ်များ၊ စက်ရုံ အလုပ်ရုံမှ အမျိုးသမီးအလုပ်သမားများ၊ပညာသင်ကြားနေကြသော ကျောင်းသူမိန်းကလေးငယ်များ၊ မိကောင်းဖခင် သားသမီးများအတွက် အရှက်ရစေသည့်အပြင် အခြားသော သူစိမ်းယောကျ်ားများ၏ အထင်အမြင်သေးခြင်း၊ ထိကပါး ရိကပါး ပြောဆိုမှုလာတက်သည်ကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ်ရပေမည်။
ထို့ကြောင့် မကောင်းသည့် အမျိုးသမီးတစ်ဦးကို အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ အိမ်ဌားရမ်းနေထိုင်သည့် ဥပစာတွင် အချိန်မတော် တွေ့ရှိရမှုသည် အနီးအနားတွင် နေထိုင်သည့် လူများအား စိတ်ငြိုငြင်စေသည့်ကိစ္စ (သို့) စိတ်အနှောင့်အယှက်ဖြစ်စေခြင်းမှာ သဘာဝတရားအရ မှန်ကန်သည်ဟု သုံးသပ်ရရှိသည်။ ယင်းအမျိုးသမီးအမှုကို အိမ်ဌား၏သားက ပြုကျင့်ခြင်းဖြစ်ကြောင်း မှာလည်း ပေါ်လွင်လျက်ရှိသဖြင့် အိမ်ရှင်သည် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ဌားရမ်းခကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၂ (၁) (ဂ) အရ ဥပစာမှ အိမ်ဌားဖြစ်သူအား နှင်ထုတ်ပိုင်ခွင့် ဒီကရီကိုရခွင့် ရှိပေသည်။
တိုင်းဒေသကြီးတရားရုံးသည် အထက်ပါဖြစ်ရပ်များကို အမှုတွဲတွင် အထင်အရှား ပေါ်ပေါက်နေပါလျက်၊ ယင်းအချက်အလက်များကို မျက်ကွယ်ပြုပြီး ပုဒ်မ ၁၂ (၁) (ဂ) အရ အရေးယူလောက်သည့် အထောက်အထားများမတွေ့ရဟု သုံးသပ် ဆုံးဖြတ်ခဲ့ခြင်းသည်မှာ မှားယွင်းလျက်ရှိကြောင်း တွေ့ရသည်။
ပုဒ်မ ၁၂ (၁) (က) ဒုတိယပိုင်းနှင့် စပ်လျဉ်း၍ တရားပြိုင် ဦးစန်းငွေသည် အိမ်ဌားတာဝန် ချိုးဖောက်ကြောင်း မတွေ့ရဟု မူလရုံးနှင့် တိုင်းဒေသကြီးတရားရုံးတို့၏ တွေ့ရှိချက်များအပေါ်တွင် ဝင်ရောက် စွက်ဖက်ရန် အကြောင်းမပေါ်ပေါက်ချေ။ ထို့ကြောင့် ဤအယူခံမှုကို တစ်စိတ်တစ်ဒေသခွင့်ပြုသည်။ အယူခံတရားလို၏ ပုဒ်မ ၁၂ (၁) (က) ဒုတိယပိုင်းအရ စွဲဆိုမှုကိုပလပ်သည့် တိုင်းဒေသကြီးတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို အတည်ပြုသည်။
ပုဒ်မ ၁၂ (၁) (ဂ) အရ အယူခံတရားလို ဒေါ်ဝေဝေဘက်မှ စွဲဆိုချက် ဒီကရီနှင့် ယင်းဒီကရီကို အတည်ပြုခဲ့သည့် တိုင်းဒေသကြီးတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး အယူခံတရားလို စွဲဆိုသည့် အမှုအား ပုဒ်မ ၁၂ (၁) (ဂ) အရ စရိတ်နှင့်တကွ အနိုင်ဒီကရီ ချမှတ်လိုက်ကြောင်း တရားရုံးချုပ်မှ ၁၉၉၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ဦးစန်းငွေတို့ ငွေရှုံးပြီပေါ့၊ ဒေါ်ဝေဝေ၏အိမ်မှ ဖယ်ရှားထွက်ခွာပေးကြရသည့် အိမ်ဌားနေထိုင်သူသည် အိမ်ဥပစာကို ဥပဒေနှင့် မညီညွတ်သည့် လုပ်ငန်းကို လုပ်ကိုင်ပါက ပုဒ်မ ၁၂ (၁) (ဂ) အရ ဥပစာမှ ဖယ်ရှားပေးရမည်ဆိုသောအချက်ကို အိမ်ရှင်နှင့် အိမ်ဌားများအား သိစေလိုပါသည်။ တချို့သော အိမ်ရှင်များက နေအိမ်ဥပစာကို ဌားရမ်းထားပြီး မိမိ၏ အိပ်ခန်းကို လာရောက်ကြည့်ရှုခြင်းမပြုဘဲ နေတတ်ကြသည်။ ရပ်ကွက်မှ ရင်းနှီးခင်မင်နေသူများက နေအိမ်တွင် မကောင်းသောမိန်းမများထားရှိပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း၊ လောင်းကစားဒိုင် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း၊ အရက်ပုန်း အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းလာပေးမှ မိမိ၏ အိမ်ဌားများ၏ လုပ်ရပ်ကို သိရသည်။ တရားစွဲဆိုရတော့ အချိန်ကုန်၊ ငွေကုန် ဖြစ်ကြရသည်။ အိမ်ရှင်များက မိမိ ဌားရမ်းထားသော ဥပစာသို့ ဝင်ထွက်သွားလာပြီး စုံစမ်းသင့်ကြသည်။
တိုက်ခန်းတွေက အများကြီးမို့၊ အထပ်တွေကလည်း အမြင့်ကြီးမို့ ဘယ်အခန်းက ဘာလုပ်နေသည်ကို ဘေးပတ်ဝန်းကျင်အခန်းတွေက သိရန် မလွယ်ကူပေ။ အရင်တုန်းက ပြည့်တန်ဆာအိမ်တွေကို ပေါ်ပေါ်ထင်ထင်ဖွင့်ခဲ့ကြသည်။ ယခုတော့ တိုက်ခန်းတွေမှာ ပြည့်တန်ဆာခန်းများကို လျှို့ဝှက်စွာ ဖွင့်လှစ်ထားတတ်ကြသည်။ ဆက်သွယ်ရေးစနစ်တွေက ကောင်းမွန်လာတာမို့ ဥပဒေနှင့်အညီ အရေးယူရန် မလွယ်ကူပါ။
ထို့ကြောင့် တိုက်ခန်းပိုင်ရှင်များ၊ နေအိမ်ပိုင်ရှင်များအနေနှင့် မိမိဌားရမ်းထားသော ဥပစာနှင့် ဌားရမ်းနေထိုင်သူများ၏ အလုပ်အကိုင် အခြေအနေများကို စုံစမ်းလေ့လာထားသင့်ပါကြောင်း ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံးစာ ၃၂ ဒေါ်ခင်ဝင်းပါ (၂) နှင့်ဦးစန်းငွေ စီရင်ထုံးကို သတိချပ်စရာအဖြစ် သိမှတ်ဖွယ်ရာ ရေးသားတင်ပြလိုက်ရပါသည်။
(အမည်များကို လွှဲပြောင်းထားပါသည်။)
Ref : The Messenger
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ