By Kumudra, Shweproperty.com
Updated at 17 July 2017
နေပြည်တော်မှာ (Pilot Project) ရှေ့ပြေးစီမံကိန်းအဖြစ် တန်ဖိုးနည်း အိမ်ရာစီမံကိန်းနှစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင်ပါတယ် ။ ပထမဆုံးဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာကို ဥတ္တရသီရိ မြို့နယ်ရှိ ရွှေနံ့သာရပ်ကွက်မှာ ၂၀၁၆ ခုနှစ် မတ်လလောက်က စတင်ပါတယ်။
စရောင်းနေပြီ
ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းက အိမ်ခန်းပေါင်း ၅၅၆ ခန်းဖြစ်ပါတယ်။ အခုဆိုရင် ကနဦးဆောက်လုပ်ပြီးဖြစ်တဲ့ အိမ်ခန်း ပေါင်း ၈၀ ကို အခုလ ၁၀ ရက်နေ့ ကစပြီး လျှောက်လွှာတွေ ရောင်းချပေးနေပါပြီ။ နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးအမှတ် (၄၀) မှာ ဝယ်ယူနိုင်ပါတယ်။ ၂၁ ရက်နေ့အထိ လျှောက်ထား နိုင်ပါတယ်။ လက်ရှိရောင်းချပေးနေတဲ့ အခန်းတစ်ခန်းရဲ့ အကျယ်အဝန်းက စတုရန်းပေ ၄၀ဝ ရှိပါတယ်။ ဈေးနှုန်းကတော့ တစ်ခန်း ကို အနိမ့်ဆုံး ကျပ်သိန်း ၁၀ဝ အထိ ရှိပါတယ်။ အလွှာလိုက် အခန်းပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှာပါ။ တိုက်ခန်းတွေက ခြောက်ခန်းတွဲလေးထပ်တိုက်တွေ ဖြစ်ပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “အခုဟာက စမ်းသပ်ဆောက်လိုက်တာ သိန်း ၁၀ဝ နဲ့ ရောင်းနိုင်အောင် ဆိုပြီးတော့ အဲဒါကိုပဲ ၁၀ဝ မကဘူးဖြစ်နေတယ်၊ ဘာလို့လဲဆိုတော့ ဒို့နိုင်ငံက ဆောက်လုပ်ရေးပစ္စည်းတွေကို အင်ပို့ သွင်းရတာလေ၊ သွင်းရတဲ့ ဈေးကြီးတွေနဲ့ ဆောက်ရတဲ့အခါ ကျတော့ ဈေးက ချချင်တိုင်းချလို့ မရဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။
ကနဦးအခန်းပေါင်း ၈၀ ကို ဝယ်ယူလိုသူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှာ ကျပ်သိန်း ၃၀ ထားရှိရမှာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီသူတွေကို ရွေးချယ်ရောင်းချမှာ ဖြစ်ပါတယ်။ အရစ်ကျပေးချေနိုင် တဲ့ကာလကတော့ ၁၀ နှစ်အထိ သတ်မှတ်ထားပါတယ်။
သည်အခန်းတွေရဲ့ အားနည်းချက်ကတော့ ကျဉ်းမြောင်းတာ ဖြစ်ပါတယ်။ အားသာချက်က တော့ လမ်းမကြီးနံဘေးမှာရှိတာပါ။ ကျဉ်းတယ်လို့ဆိုလို့ရပေမဲ့ မူ လရည်ရွယ်ချက်ကိုက မိသားစုနည်းတဲ့သူ၊ ရွှေ့ပြောင်းနေထိုင်သူ တွေ အဆင်ပြေစေဖို့ အများတတ် နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်အောင် ရှေ့ပြေးစီမံကိန်းအဖြစ် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဝင်ငွေနည်းမိသားစုတွေအတွက်တော့ လက်လှမ်းမမီတဲ့ တန်ဖိုးဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ကျပ်သိန်း ၁၀ဝ ဝန်းကျင်ဆိုတာ တန်ဖိုးနည်းလို့ သတ်မှတ်ဖို့ လက်မခံကြတဲ့ ဒေသခံတွေ များပါတယ်။
၁၅ နှစ် အရစ်ကျ
ရွှေနံ့သာရပ်ကွက်မှာ နောက်ထပ် အခန်းပေါင်း ၄၇၆ ခန်းကိုတော့ သည်နှစ်ထဲမှာပဲ ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။ အခန်းတွေရဲ့ အကျယ်အဝန်းတွေကလည်း စတုရန်းပေ ၅၂၈ နဲ့ ၆၅၀ ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းက တော့ မထုတ်ပြန်သေးပါဘူး။ ရောင်းချမှာကတော့ အရင်ကလိုပဲ CHDB ဘဏ်နဲ့ ချိတ်ဆက်ရောင်းချမှာပါ။ ပေးချေမှုကာလ ၁၅ နှစ် သတ်မှတ်ဖို့ စီစဉ်ထားတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က သိရပါတယ်။
“မကြာပါဘူး၊ နောက်လာမယ့် တန်ဖိုးနည်းအိမ်ရာအတွက်က ၁၅ နှစ်စောင့်တွေ ဖြစ်မှာပါ၊ ပထမအ ခန်း ၈၀ ကတော့ ဆယ်နှစ်စောင့်ပေါ့၊ ဒါလဲ အစက ရှစ်နှစ်စောင့်လို့ သတ်မှတ်ထားတာ”လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဟာ မြို့နဲ့ အလှမ်းသိပ် မဝေးသလို လမ်းမကြီးဘေးမှာ ဆောက်လုပ်ထားတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သွားရေးလာရေးမှာလည်း အဆင်ပြေနိုင်ပါတယ်။ မိန်းလမ်းမကြီးကို မျက်နှာမူပြီး အလျားလိုက်ဆောက်လုပ်ထားပါတယ်။
ဧက ၁၀ဝ စီမံကိန်း
နောက်ထပ် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်ထဲမှာ စတင်နိုင်ဖို့ ပြင်ဆင်နေတဲ့ ဒုတိယစီမံကိန်းတစ်ခုကတော့ ဒက္ခိဏသီရိမြို့နယ်ထဲမှာရှိတဲ့ ရန်အောင်မြေကြိုးဝိုင်းမှာ တည်ဆောက်မှာဖြစ်ပါတယ်။ သည်စီမံကိန်းအတွက် မြေဧက ၁၀ဝ သတ်မှတ်ထားတယ်။ မြေဧရိယာရဲ့ ၃၁ ရာခိုင်နှုန်းကို အဆောက်အအုံအတွက် အသုံးပြုမှာပါ။
ရန်အောင်မြေကြိုးဝိုင်းမှာ ဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာတွေကိုတော့ အငြိမ်းစားဝန် ထမ်းတွေအပြင် ကုမဏီဝန်ထမ်းတွေနဲ့ စီမံကိန်းမြေကွက်ထဲမှာပါ သွားတဲ့ ဒေသခံတောင်သူတွေကိုပါ ဦးစားပေးရောင်းချပေးမှာ ဖြစ် ပါတယ်။ အခန်းဈေးနှုန်းတွေကိုတော့ ကျပ် သိန်း ၁၀ဝ ကနေ သိန်း ၄၀ဝ ဝန်းကျင်အထိ ရောင်းချနိုင်ဖို့ စီစဉ်ထားတယ် လို့ သိရပါတယ်။
ရန်အောင်မြေ သစ်တောကြိုးဝိုင်းမှာ ဆောက်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာတွေဟာ မြို့နဲ့တော့ အနည်းငယ် အလှမ်းဝေးပါတယ်။ ဒါပေမဲ့ မြို့ပတ်လမ်းပေါ်မှာပဲ ရှိနေပြီး လက်ရှိမှာ ဘတ်စ်ကားမှတ်တိုင်တွေလည်း ပြုလုပ်ထား ပြီးဖြစ်တဲ့အတွက် နောင်အခါမှာ ဘတ်စ်ကားတွေ ပြေးဆွဲရင်တော့ သွားရေးလာရေးလွယ်ကူနိုင်ပါ တယ်။
‘ဧက ၁၀ဝ က လေးထောင့် ကျမယ်၊ အိမ်ရာပုံစံကလဲ ပိုပြီး တော့ သာသာယာယာရှိပေမဲ့ လမ်းသာတာကျတော့ ရွှေနံ့သာက ပိုပြီးတော့ လမ်းသာနိုင်ပါ တယ်” လို့ ဒုတိယ ညွှန်ကြားရေး မှူး ဦးဝင်းနိုင် က ပြောပါတယ် ။ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်ထဲမှာလည်း တန်ဖိုး နည်းအိမ်ရာတွေ ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ မြေရရှိဖို့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “ရွှေကြာပင်ဘက် တော့ ဘာမှကို မသိသေးဘူး၊ အဲဒီဘက်က မြေကို ညှိနှိုင်းတုန်းပဲ ရှိသေးတယ်၊ အဲဒီဘက်မှာ တစ်ခု လုပ်ဖို့ တော့ ရှိတယ်၊ ဒါပေမဲ့ မြေကို မရသေးဘူး၊ နေပြည်တော်စည်ပင်နဲ့ ညှိနေတုန်းပဲရှိသေးတယ်” လို့ ပြောပါတယ်။
အငှားအိမ်ရာ
နေပြည်တော်မှာ အငှားအိမ် ရာနဲ့ အရောင်းအိမ်ရာစီမံကိန်းကို ပါ အကောင်အထည်ဖော်မှာ ဖြစ် ပါတယ်။ သည်စီမံကိန်းတွေမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနတင်မကဘဲ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေပါ ပါဝင်မှာပါ။ ရောင်းချတဲ့အခါမှာလည်း ှCHDB ဘဏ်တစ်ခုတည်းနဲ့သာ ချိတ်ဆက်မှာမဟုတ်ဘဲ ပြည်တွင်းရှိ တခြားဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှာ ဖြစ်ပါတယ် ။ အငှားအိမ်ရာကို လက်ရှိတာ ဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် ငှားပေးမှာဖြစ်ပြီး အရောင်းအိမ်ရာကိုတော့ ပင်စင်ယူခါနီး ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။
ပင်စင်ယူခါနီး ငါးနှစ်အ လို၊ ၁၀ နှစ်အလို၊ ၁၅ နှစ်အလိုဆို ပြီး သတ်မှတ်ချက်တွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ‘ဒါက ပရောဂျက်သက်သက် ရန်အောင်မြေနဲ့ ဆက်လျက်ဖြစ်ဖို့ များနေတယ်၊ နေရာကတော့ရွေးတုန်းပါပဲ၊ သူကကျတော့ နှစ်စဉ်ပင်စင်ယူတဲ့နှုန်းနဲ့ ကြည့်ပြီးတော့ ဆောက်မှာ၊ အကောင်အထည် ဖော်ဖို့ လုပ်နေပြီ၊ ဌာနဆိုင်ရာပေါင်းစုံနဲ့ လုပ်ကြတာဆိုတော့ အကောင်အထည်ဖော်မှာပါ”လို့ ဦးဝင်းနိုင်က ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အိမ်ခန်းပေါင်းတစ်သန်းအထိ ဆောက်လုပ်သွားမှာ ဖြစ်တယ်။ အခုစီစဉ်နေတဲ့ အိမ်ရာစီမံကိန်းတွေက ဒုတိယငါးနှစ်စီမံ ကိန်းအတွက် ဖြစ်ပါတယ်။ အိမ်ခန်းပေါင်း ၁.၈ သိန်းအထိ ဆောက်လုပ်မှာပါ။
လက်ရှိ နေပြည်တော်အတွက် ကနဦးတန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှစ်ခုမှာတော့ အိမ်ခန်းပေါင်း၂၇၀ဝ ရှိပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ