By Ra Wai, Shweproperty.com
Updated at 3 July 2020
“မကြာမီရက်ပိုင်းက တိုက်ခန်း အဆောက်အအုံတွေ ပြိုကျတဲ့ သတင်းကို ဖတ်လိုက်ရတယ်၊ ဆရာ” ဟု စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာသော မိတ်ဆွေဦးဝင်းနိုင်က စကားစလိုက်ပါသည်။
“ဟုတ်ပါတယ်။ မိုးတွင်းရောက်လာပြီဆိုတော့ ပိုပြီးတော့ သတိထားဖို့ လိုလာတယ်။ လူအသေအပျောက် မရှိတာပဲ ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော် မှတ်မိတာကတော့ ဗိုလ်တထောင်မြို့နယ်က ဘိုကလေး ဈေးနားရှိ အဆောက်အအုံပြိုလဲစဉ်က လူအသေအပျောက်ရှိခဲ့ဖူးတယ်။ ဦးဝင်းနိုင်နေတဲ့ တိုက်လည်း အတော် ကြာပြီထင်တယ်”
“ဟုတ်တယ်။ ကျွန်တော် အိမ်ထောင်ကျစက ဝယ်လိုက်တာဆိုတော့ အနှစ် ၄၀ နီးပါးရှိနေပြီ။ အဲဒီ ကာလမတိုင်ခင်က ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ဆိုတော့ နှစ်ငါးဆယ်နီးပါးခန့်ရှိမယ်။ ဟောင်ကောင် ပုံစံတိုက်ခန်းဆိုပြီး နှစ်ထပ်တွဲတွေ ဆောက်တဲ့အချိန်ပေါ့”
“ထပ်ခိုးအပြည့်ဆွဲပြီး ဆောက်တဲ့ ပုံစံတွေဆောက်ခဲ့ကြတယ်။ ၁၉၉၃-၉၄ ခုနှစ် ဝန်းကျင်ခန့်ဖြစ် လိမ့်မယ်”
“ဟုတ်ပါတယ်။ ကျွန်တော့်တိုက်လည်း မကောင်းတော့ဘူး။ မိုးတွင်း ဆိုရင် ဘေးကအုတ်နံရံတွေက ရေ စိမ့်ပြီးယိုနေပြီ။ ရေချိုးခန်းဘက်ကဆို ရင်လည်း ဘိလပ်မြေကြမ်းခင်းက အ ပေါ်ကနေ ရေစိမ့်နေတယ်။
“နေထိုင်သူတွေ စုပေါင်းပြင်ရင် ဖြစ်တယ် မဟုတ်လား”
“သာမန်အားဖြင့်တော့ ဖြစ်နိုင်တယ်လို့ မြင်တာပေါ့။ ဒါပေမယ့် လက်တွေ့ကျတော့ အဆင်မပြေဘူး။ အိမ်ခန်းကိုပြန်ပြီး အငှားတင်ထားတာတွေက ရှိနေတယ်။ အဆောက် အအုံကအိုနေတော့လည်း စုပေါင်း ပြင်ဖို့ အခက်အခဲရှိတယ် သူငယ်ချင်း”
“မြေရှင်က အဲဒီအဆောက်အအုံမှာ နေတယ်မဟုတ်လား”
“မြေရှင်ကလည်း သူနေတဲ့ တိုက်ခန်းကို ရောင်းပြီး ထွက်သွားပြီ။
“ဒါဆိုရင်တော့ အကြီးစားပြင် ဆင်ဖို့လည်း အဆင်မပြေဖြစ်နေမှာပေါ့”
“ဟုတ်တယ်။ မြေရှင်အဘွားကြီးကလည်း ကွယ်လွန်သွားပြီ။ သူ့သားသမီးတွေကလည်း ဘယ်နှယောက် ရှိမှန်းမသိ။ အမွေဆိုင်မြေဖြစ်သွားပြီဆိုတော့ တိုက်ပြိုဖို့စောင့်နေတာပဲ ဖြစ်မှာပေါ့ဗျာ။ အဲဒါလည်း ဆွေးနွေး ချင်တာနဲ့ သူငယ်ချင်းဆီဝင်လာတာ”
“ဦးဝင်းနိုင်လို စိုးရိမ်နေတဲ့ သူတွေလည်း အများအပြားရှိမှာပဲ”
“တချို့တိုက်တွေဆိုရင် အတော်ဆွေးနေပြီ။ မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည်ပြုပြင်ဖို့ စိစစ်သင့်တယ်ထင်တယ်။ ဥပဒေက ဘယ်လိုရှိပါသလဲ သူငယ်ချင်း”
“ဦးဝင်းနိုင်ပြောသလိုပဲ။ အဆောက်အအုံမှာ နေထိုင်သူတွေက စုပေါင်းပြီး မြို့တော်စည်ပင်သာယာ ရေးကော်မတီထံ တင်ပြရင်တော့ လာရောက်စိစစ်ပြီး အန်္တရာယ်ရှိ အဆောက်အအုံအဆင့်ရောက်ရှိခြင်း ရှိ မရှိ အကြီးစားပြင်ဆင်မှုအဖြစ်ပုံစံ မပျက်ပြင်ဆင်ခွင့်ပြုသင့် မပြုသင့် စိစစ်ညွှန်ကြားနိုင်ခွင့်ရှိပါတယ်”
“တကယ်လို့ နေထိုင်သူတွေက စိစစ်ပေးဖို့ သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီကို တင်ပြ ခြင်းမရှိဘူး။ လူမညီခဲ့ဘူးဆိုရင် ဘယ်လို ဆောင်ရွက်လို့ရမလဲ”
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ - ၈၁ (က)မှာ မြို့တော်နယ်နိမိတ်အတွင်း အဆောက် အအုံတစ်ခု သို့မဟုတ် ယင်း၏ အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း၊ ဘေးအန်္တရာယ်ကျရောက်နိုင်ကြောင်း သို့မဟုတ် လူနေထိုင်အသုံးပြုရန် သင့်လျော်ခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိလျှင် အဆိုပါ အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက်နေထိုင်ခြင်းမပြုရန် တား မြစ်နိုင်သည်။ တားမြစ်ခြင်းကို လိုက်နာခြင်း မရှိပါက ယင်းအဆောက်အအုံမှ ဖယ်ရှားခြင်း၊ ပြန်လည်ပြင်ဆင် တည်ဆောက်ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်းတို့ကို မြို့တော်စည် ပင်သာယာရေးကော်မတီက ဆောင် ရွက်နိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှန်တကယ် အန္တရာယ်ရှိမယ့် အဆောက်အအုံ ဖြစ်နေရင်တော့ ဖြိုဖျက်စေသည်အထိ ဆောင်ရွက်ညွှန်ကြားခွင့်ရှိမှာ ဖြစ်ပါတယ်”
“ပြင်ဆင်တည်ဆောက်ခွင့်ပြုနိုင်တယ်ဆိုတဲ့ အခြေအနေက ဘယ်လိုအခြေအနေမျိုးကို ဆိုလိုပါသလဲ”
“အစောကပြောသလို သက်ဆိုင်ရာက စိစစ်ပြီး အန္တရာယ်ရှိ အဆောက်အအုံအဆင့် နောက်ဆုံးဖြို ဖျက်ရမည့်အဆင့် မသတ်မှတ်မီ သက်ဆိုင်ရာ အဆောက်အအုံပိုင်ရှင်ကဖြစ်စေ၊ ပိုင်ရှင်ရဲ့ ကိုယ်စားလှယ် ကဖြစ်စေ ဖြိုဖျက်ရန် မသင့်သေးကြောင်း ထုချေခွင့်ရှိတယ်လို့ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၁ (ခ) မှာ ပြဋ္ဌာန်းထားပါတယ်”
“အချို့တိုက်တွေဆိုရင် သစ်ပင်ကြီးတွေ တွယ်ကပ်ပေါက်နေပြီး အဆောက်အအုံ ဆွေးမြည့်နေတာတွေလည်း ရှိနေတယ်”
“ဒါနဲ့ ပတ်သက်လို့လည်း စည်ပင်သာယာရေးဥပဒေပုဒ်မ -၈၂ (က) မှာ ရန်ကုန်မြို့တော် နယ်နိမိတ် အတွင်းရှိ အဆောက်အအုံတစ်ခုခုတွင် ဖြစ်စေ ၎င်း၏ နံရံတွင်ဖြစ်စေ၊ ၎င်းင်း၏ အစိတ်အပိုင်းတစ်ခုခုတွင်ဖြစ်စေ သစ်ပင်သစ်ကိုင်းများ တွယ်ကပ်ပေါက်ရောက်နေ၍ ပျက်စီးယိုယွင်းနေကြောင်း သို့မဟုတ် အန္တရာယ်ရှိ နေကြောင်း တွေ့ရှိပါက လိုအပ်သလို ပြင်ဆင်စေရန် သို့မဟုတ် အချိန်မီ ဖယ်ရှားဖြိုဖျက်စေရန် လိုအပ်သော စည်းကမ်းချက်များ ထုတ်ပြန်၍ မြို့တော်စည်ပင်သာယာရေး ကော်မတီက အရေးယူဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”
“ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့ အမိန့်မလိုက်နာရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”
“ဒါက (၂) ပိုင်းရှိတယ်။ အဆောက်အအုံတစ်ခုလုံးကို ဖြိုဖျက်ပြီး၊ ဆောက်ပါလို့ သက်ဆိုင်ရာမြို့ တော်စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားနိုင်သလို အဆောက်အအုံပုံစံမပျက် အကြီးစားပြင်ဆင်မှု ပြုလုပ်ခွင့်လည်း ညွှန်ကြားနိုင်တယ်။ အဲဒီပြင်ဆင်ခွင့် ညွှန်ကြားချက်ကို အဆောက်အအုံပိုင်ရှင်က ငြင်းဆန် ခြင်းမရှိစေရလို့ ဥပဒေပုဒ်မ (၇၄) မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အဆောက်အအုံကို ပြန် လည်တည်ဆောက်ဖို့အတွက် မြေပိုင်ရှင်က ငြင်းဆိုခွင့်ရှိမှာ မဟုတ်ပါဘူး”
“တကယ်လို့ အန်္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံမှာ ဆက်လက် နေရင် ဘယ်လိုအရေးယူနိုင်ပါသလဲ”
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ -၃၁၂ (ဈ) မှာ စည်ပင်သာယာရေး ကော်မတီက လူ နေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေတ အမှတ်အသားရေးမှတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းအတွင်း ဝင်ရောက်နေထိုင်လျှင် ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်ပါက ငွေဒဏ်ကျပ် တစ်သိန်းချမှတ်ရမည်ဖြစ်သည်။ ဆက်လက်ကျူးလွန်နေပါက ထောင်ဒဏ် ခြောက်လအထိချ မှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”
“အချို့မြေရှင်တွေက အဆောက်အအုံကို ဖြိုဖျက်ပြီးအသစ် ပြန်မဆောက်မီ အဲဒီမြေကွက်မှာ အ ဆောက်အအုံဆောက်လက်စနဲ့ ဝင် နေတာလည်း ရှိကြတယ်”
“သက်ဆိုင်ရာက ဖြိုဖျက်ထားတဲ့ အန္တရာယ်ရှိ အဆောက်အအုံရှိရာ မြေကွက်အတွင်း ဝင်ရောက်နေထိုင်လျှင် ပထမအကြိမ် ကျူးလွန်က ငွေဒဏ်ကျပ်တစ်သိန်းချမှတ်ရမည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် ခြောက်လအထိ ချမှတ်ရမည်လို့ ပုဒ်မ ၃၁၂ (ည) မှာ ပြဋ္ဌာန်းထားပါတယ်”
“ဒါဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တိုက်အို တိုက်ဟောင်းတွေကို စိစစ်သင့်တာ ပေါ့ ဆရာ”
မှန်ပါတယ်။ ဦးဝင်းနိုင်ဟု ပြောဆိုဆွေးနွေးလိုက်ပါသည်။
Ref By: ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ