By The Voice, Shweproperty.com
Updated at 24 April 2019
မန္တလေးတိုင်း မိတ္တီလာမြို့တွင်ရှိ မြို့ပေါ်ရပ်ကွက် (၁၄) ခု ရှိရာတွင် ရပ်ကွက်ခုနစ်ခုအတွင်းရှိ မြေ ၈၂၇ ဧကကို မြေငှားဂရန်ထုတ်ပေးနိုင်ရန် မြေတိုင်းတာခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က ပြောကြားသည်။
“မိတ္ထီလာမြို့နယ်မှာ မြို့တွင်းလယ်ယာမြေ ဖြစ်နေတာ ဧရိယာ (၈၂၇) ဧက ရှိတယ်။ မြို့မြေ အဖြစ်ခွင့်ပြုချက်က ကျပြီးသား။ ဒါပေမဲ့ လယ်ယာမြေ အခြားနည်းခွင့်ပြုချက်မကျသေးတဲ့အတွက် မြို့တွင်းလယ်ယာမြေအဖြစ် ကျန်နေတာ။ ဒီမြို့တွင်းလယ်ယာမြေတွေကို မြေတိုင်းတာမယ်ဆိုရင် ကုန်ကျစရိတ်က (ကျပ်) ၂၅၃ သိန်း။ ဒီ ၂၅၃ သိန်းကိုလည်း သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနက ရန်ပုံငွေရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကကတော့ သူတို့ငွေလည်း မကျသေးဘူး။ ခွင့်တော့ခွင့်ပြုတယ် အစိုးရအဖွဲ့က လုပ်လို့ ပြောထားပြီးပြီ”ဟု ၎င်းက ပြောကြားသည်။
မြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် ပထမအဆင့်အဖြစ် မြေတိုင်းတာရန် မြို့နယ်အုပ်ချုပ်ရေးမှူးက နယ်နိမိတ်သတ်မှတ်ရေးအရာရှိ၊ မြို့နယ်မြေစာရင်းဦးစီးမှူးက နယ်နိမိတ်ကြပ်မတ်ရေး အရာရှိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လံစိစစ်ပြီး စည်းကမ်းနှင့်ညီညွတ်လျှင် ဂရမ်ထုတ်ပေးမည်ဖြစ်ကြောင်း ဦးချမ်းငြိမ်းအောင်က ပြောကြားသည်။
မြေတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့် ရပ်ကွက်ခုနစ်ခုမှာ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ အောင်ဇေယျာ၊ ပေါက်ချောင်း၊ နန်းတော်ကုန်း၊ ဝန်ဇင်း၊ အောင်ဇေယျာရပ်ကွက်တို့ဖြစ်ပြီး စုစုပေါင်း (၈၂၇) ဧကအတွင်း တိုက် (၁၅၆၀) လုံး၊ ပျဉ်ထောင်အိမ်က (၁၀၇) အိမ်၊ ထရံအိမ် (၅၉၇၈) အိမ်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်တင်တယ်ကြားလို့ သတင်းတွေရှာပြီးဖတ်တယ်။ ကျွန်တော်က အခုစားသောက်ဆိုင်လုပ်ငန်းလုပ်တယ်။ မြေဂရမ်က မထွက်သေးဘူး။ ဟိုတယ်ထပ်ဆောက်ဖို့ ထပ်ပြီးရင်းနှီးမြုပ်နှံဖို့ ငွေမရှိတာ ဂရမ်မရှိလို့ ဘဏ်ပေါင်ချင်ရင်တောင် ပေါင်လို့မရဘူး။ အဲဒါကြောင့် မြေဂရမ်ကို စိတ်လည်းဝင်စားတယ်။ လိုလည်း လိုချင်တယ်။ သူတို့ လာစစ်ပြီးရင်တော့ ကိုယ့်ဘာသာကိုယ် ဂရမ်သွားလျှောက်ရမှာပေါ့။ ဂရမ်ထုတ်ပေးဖို့ လုပ်ငန်းတွေ အမြန်ဆုံးလုပ်နိုင်ရင်တော့ ကျွန်တော်တို့ မြို့ခံလူထု အများကြီး အဆင်ပြေသွားမယ်”ဟု မိတ္တီလာမြို့ သီရိမင်္ဂလာရပ်ကွက်နေ ဦးကျော်က ဆိုသည်။
Ref : The Voice
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ