By Kumudra, Shweproperty.com
Updated at 9 May 2019
နေအိမ်အခြေ တကျမရှိသူတွေအတွက် ကိုယ်ထူကိုယ်ထ စုပေါင်းအိမ်ရာဖွံ့ဖြိုးရေးအစီအစဉ် အကောင်အထည်ဖော်ဖို့ အစိုးရက စတင်လိုက်ပါပြီ။
သည်အကောင်အထည်ဖော်မှုရဲ့ပထမဆုံးလုပ်ငန်းစဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ လူမှုအဖွဲ့အစည်းအခြေပြုအိမ်ရာစီမံကိန်းအကောင်အထည်ဖော်ဖို့ကော်မတီတစ်ရပ် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။
အဲသည်အဖွဲ့မှာ (Women for the World )ပျိုမေ့အိမ်အဖွဲ့နဲ့ ပြည်ပအဖွဲ့အစည်းတွေ ပါဝင်သလို လူမှုအခြေပြုအိမ်ရာဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊အစိုးရအဖွဲ့အစည်းတွေပါ ပါဝင်တယ်။သည်အဖွဲ့ထဲမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှာ ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမူဝါဒနှင့် စီမံကိန်း ညွှန်ကြားမှုဦးစီးဌာမှဒုတိယ ညွှန် ကြားရေးမှူးချုပ် ဒေါ်မီမီတင်က အတွင်းရေးမှူးအဖြစ် ပါဝင်မှာကြောင့် အစိုးရက ဦးဆောင်အကောင်အထည်ဖော်မယ့် စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်။
“လူတွေ ကိုယ့်အိမ်ကိုယ်ဆောက်လို့ရအောင် အန်တီတို့က အကူအညီပေးမယ့် အစီအစဉ်လေးပေါ့”လို့ ဒေါ်မီမီတင်က ဆိုပါတယ်။
သည်စီမံကိန်းရဲ့ လုပ်ဆောင်မယ့်ပုံစံက အစိုးရမြေကိုစုပေါင်း ပိုင်မြေအဖြစ်ချပေးမယ်။ အဲသည်မြေမှာအိမ်ရာတွေကိုအကောင် အထည်ဖော်ရမယ်။အဲဒါကို အကောင်အထည်ဖော်ဖို့ကို (ကျူးကျော်) အိမ်ရာ အခြေတကျမရှိသူတွေကို စည်းရုံးပြီး သူတို့ကို အဲသည်အိမ်ဆောက ်မယ့်မြေနေရာကိုရွှေ့ မယ်။သူတို့က သူတို့အိမ်ဆောက်မယ်။ အိမ်ဆောက်တဲ့အခါမှ လိုအပ်တဲ့ငွေကြေးကို housing development microfinance အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ပေးမယ်။ သည်လိုငွေကြေးကို ချေးငွေပေးဖို့ စီစဉ်ရာမှာ ၁၂ ရာခိုင်နှုန်းနဲ့ ၂၄ ရာခိုင်နှုန်းကြားမှာရှိတဲ့ အတိုးနှုန်းနဲ့ ချေးပေးနိုင်ဖို့ အစီအစဉ်လုပ်နေတယ်။
သည်မြေနေရာမှာလိုအပ်လာတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊လမ်း၊မီးစတာတွေကို အစိုးရက ဖြည့်ဆည်းသွားဖို့ ရှိတယ်။
ရန်ကုန်တိုင်းအစိုးရက ကောက်ယူထားတဲ့စာရင်းတွေအရ ကျူးကျော်နေထိုင်သူ အိမ်ထောင်စုတစ်သိန်းခွဲကျော်ရှိတယ်။လူဦးရေ လေးသိန်းကျော်ရှိပါတယ်။ အများစုဟာ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ပဲခူးတိုင်းနဲ့ ရခိုင်တွေကနေ ပြောင်းရွှေ့နေထိုင်လာသူတွေဖြစ်တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ဘယ်လိုကျူးလဲ
သည်လိုကျူးကျော်နေထိုင်သူတွေထဲမှာ အမှန်တကယ် နေစရာမရှိလို့ကျူးကျော်သူတွေလည်း ပါဝင်သလို စီးပွားဖြစ် ကျူးကျော်သူတွေလည်း ပါဝင်နေပါတယ်။ အိမ်ရာတွေ အကောင်အထည်ဖော်ရာမှာ သည်လိုတွေ ရောနှောပါဝင်လာမယ်ဆိုရင် အစိုးရအနေနဲ့ နောက်ထပ်ပြဿနာတစ်ခုကို ဖိတ်ခေါ်သလိုဖြစ်နေမှာ ဖြစ်ပါတယ်။ဒါကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်စေတာကတော့ Women for the World လို လူမှုအခြေပြု အဖွဲ့အစည်းတွေက ကောက်ယူတဲ့ အချက်အလက်တွေကို ရရှိဆောင်ရွက်တာ ဖြစ်ပါတယ်။သည်အဖွဲ့ကရရှိတဲ့ အချက်အလက်အပေါ် အခြေခံပြီးတော့ အစိုးရအနေနဲ့ ငွေကြေးရရှိ မှု၊မြေနေရာရရှိမှုတွေကို ဆက်လက်အကောင်အထည်ဖော်ပေးမှာလည်းဖြစ်ပါတယ်။ သည်လိုဖော်ဆောင်တဲ့ ဧရိယာမှာပါဝင်မယ့် ကျောင်း၊လမ်း၊ ဆေးပေးခန်း၊ ကစားကွင်း စတာတွေကိုစီမံကိန်း ရှုထောင့်ကနေ အစိုးရက စီစဉ်ပေးမှာလည်း ဖြစ်ပါတယ်။
ပန်းလှိုင်မြစ်တစ်ဖက်ကမ်းမှာမြေဝယ်ယူပြီးစက်မှုဇုန်တွေတည်ထောင်ကာ အိမ်ရာတွေဆောက်ဖို့ အစီအစဉ်လည်းရှိပါတယ်။သည်စီမံကိန်းမှာနေထိုင်သူတွေကို အငှားအိမ်ရာစနစ်၊အရစ်ကျစနစ်နဲ့ ဖော်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။
“အစိုးရက ဒီလိုတန်ဖိုးနည်းအိမ်ရာတွေကိုဆောက်လုပ်ပေးထားပေမဲ့ ဝင်ငွေနည်းတဲ့မိသားစုတွေအတွက် မတတ်နိုင်တဲ့ အခြေအနေမှာရှိနေတဲ့ အတွက်ကြောင့် ဒီအိမ်ရာတွေကိုစိတ်ဝင်စားမှု နည်းပါးနေတယ်၊ ဒါကြောင့်မို့လို့ အဆင်းရဲဆုံး ပြည်သူတောင် တတ်နိုင်တဲ့အိမ်ရာတွေကိုဖော်ဆောင်ဖို့အတွက် ကြိုးစားနေတယ်” လို့ Women for the World ဥက္ကဋ္ဌ ဒေါ်ဗန်လီဇာအောင်က ပြောပါတယ်။
မြို့ပြတွေမှာ စက်မှုလုပ်ငန်း တိုးတက်လာတာနဲ့အတူ အလုပ်သမားလိုအပ်မှု ပြဿနာတွေကြောင့်ရော၊ တချို့မှာ လယ်ယာမြေတွေကို စက်ရုံအလုပ်ရုံ အဖြစ်ပြောင်လဲ တည်ဆောက်လာကြတာတွေရောကြောင့် ကျေးလက်နေလူထုဟာ မိရိုးဖလာလုပ်ကိုင်လာတဲ့ စိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေကိုစွန့်ကာ စက်ရုံလုပ်သားတွေအဖြစ် ပြောင်းလဲလာကြပါတယ်။
လုပ်သားအများစုက ရရှိလာတဲ့ ဝင်ငွေနဲ့ အိမ်ငှားတာ၊ ဝယ်ယူတာတွေကို မတတ်နိုင်ကြတာ၊ ဆောက်လုပ်ပြီးအိပ်ခန်းတွေ မလုံလောက်တာတွေ၊လုပ်ငန်းခွင်ကို သွားလာရလွယ်ကူစေဖို့လုပ်ငန်းခွင်နဲ့နီးစပ်ရာပတ်ဝန်းကျင်တွေမှာယာယီတဲထိုးပြီး အခြေချနေထိုင်လာကြတာကြောင့် ကျူးကျော်တွေအဖြစ် နေရာအနှံ့ အပြားမှာ ပေါ်ပေါက်လာကြရပါတယ်။အရင်ကတော့ ၂ဝဝ၈ခုနှစ်နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရွှေ့ပြောင်းနေ ထိုင်သူတွေကြောင့် ရန်ကုန်မြို့ လူဦးရေ များပြားပြီးတချို့မှာ ကျူးကျော်အဖြစ် နေထိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ အနယ်နယ် အရပ်ရပ်ကနေရွှေ့ပြောင်းအလုပ်လုပ် ကိုင်နေထိုင်သူတွေကြောင့် ရန်ကုန်မြို့မှာ ကျူးကျော်တွေများပြားလာပါတယ်။
အစီအစဉ်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “ရေမြောင်းကိုတော့ သူတို့တူးနိုင်တယ်၊ လမ်းကို အခုခပ်ပါးပါး ခင်းနိုင်ကြတယ်၊ အဓိက မိန်းလမ်းတွေ၊ ဘတ်စ်ကားရှိတဲ့နေရာအထိ သူတို့နေရာကို ဘတ်စ်ကားမရောက်သည့်တိုင်အောင် ဘတ်စ်ကားရှိတဲ့နေရာအထိ လမ်းကောင်းဖို့လိုမယ်၊ ဒါတွေလုပ်ပေးနိုင်ရင် ဒီ community က ဖွံ့ဖြိုးလာမယ်၊ အဆင့်အတန်းမီတဲ့ အိမ်ရာတွေ ဖြစ်လာမယ်၊ဒီအစီအစဉ်ကိုတော့ အများကြီး မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။
ကိုယ်ထူကိုယ်ထ စုပေါင်းပိုင်အိမ်ရာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတဲ့နေရာက လှိုင်သာယာ၊ညောင်တုန်းလမ်းမကြီးဘေးမှာ ဝင်ငွေနည်းသူ၊ ကျူးကျော်နေထိုင်သူတွေ အများကြီး ရှိနေပါတယ်။ သည်လူတွေထဲက ရွှေ့ပြောင်းတဲ့အခါမှဘယ်လောက်ရွှေ့ပြောင်းကြမလဲအပေါ်မူတည်ပြီးမှ စီမံကိန်းစတင်မှာဖြစ်ပါတယ်။ရွှေ့ပြောင်းပေးဖို့မှန်းထားတဲ့နေရာကတော့ စက်မှုဇုန်(၅)၊ ထိန်ပင်အနီးအနားက အစိုးရပိုင်မြေနေရာမှာ ချထားပေးဖို့ရည်မှန်းထားပါတယ်။မြေနေရာမှာ လာနေလို့ အိမ်ဆောက်တဲ့အခါလိုအပ်တဲ့ ချေးငွေကို ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးပေးမှာ ဖြစ်ပါတယ်။
အိမ်ရာဆိုတာအခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် ကြောင့် အိမ်ရာတွေကို လူတိုင်းပိုင်ဆိုင်နိုင်ဖို့ လက်ရှိလုပ်ဆောင်ချက်တွေအတိုင်းသွားလို့ မရသလိုပုဂ္ဂလိကပိုင်ကုမ္ဗဏီတွေကိုလည်း အားကိုးနေလို့ မရဘူးလို့ ဒေါ်ဗန်လီဇာအောင်က ဆိုပါတယ်။အစိုးရက ဦးစီးဦးဆောင်လုပ်ပြီး နည်းပညာရှင်၊အတတ် ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အိမ်ရာလိုအပ်နေတဲ့ ပြည်သူတွေ ကိုယ်တိုင်ပါဝင်တဲ့ အိမ်ရာအစီအစဉ်တွေဖြစ်လာဖို့ ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့ သိရပါတယ်။
ပြည်သူလူထုရဲ့ဝင်ငွေအလွှာကို ခွဲခြားကြည့်ရင် ဝင်ငွေအလွန်နည်းတဲ့မိသားစု၊ဝင်ငွေအတော်အတန်ရှိတဲ့မိသားစု၊ ဝင်ငွေအလယ်အလတ်ရှိတဲ့မိသားစု၊ ဝင်ငွေမြင့်တဲ့ မိသားစုတွေ ရှိကြပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဝင်ငွေနည်းမိသားစုတွေ အိမ်ရာပိုင်ဆိုင်နိုင်ဖို့ တန်ဖိုးနည်း အိမ်ရာတွေဆောက်လုပ်ရောင်းချနေပေမဲ့ ဝင်ငွေအလွန်နည်းပါးတဲ့ မိသားစုတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေက လက်လှမ်းမမီတဲ့ အခြေ အနေတွေဖြစ်ပါတယ်။
အခုလက်ရှိမှာ ရွှေပေါက်ကံ၊ ရွှေပြည်သာ၊ ထန်းတပင်၊ ဒဂုံဆိပ်ကမ်းတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရောင်းချနေပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကတော့ ဝင်ငွေအထောက်အထား၊ မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ ပြန်လည်ပေးဆပ်နိုင်စွမ်းကိုကြည့်ပြီး ထုတ်ချေးတာဖြစ်ပါတယ်။ဘဏ်မှာအကောင့်ဖွင့်ပြီး အိမ်ရာရဲ့တန်ဖိုး ၃၀ ရာခိုင်နှုန်းကို စုဆောင်းထားသူကိုသာ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ