By The Voice Weekly, Shweproperty.com
Updated at 15 July 2013
ပြည်ပစက်မှုလုပ်ငန်းများ ဝင်ရောက်မည့် သတင်းကြောင့် လပေါင်းများစွာ ငြိမ်သက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ယခင်ထက် ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက် လာကြောင်း အဆိုပါမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ ဝယ်ရောင်းသမားများနှင့် ငွေပိုရှိသူများက လက်ဦးမှုရယူ ဝယ်ယူလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တတ်လာရခြင်း ဖြစ်ကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်ဇော်က ဆိုသည်။
“ငွေပိုရှိတဲ့သူတွေကတော့ မြေကွက်တွေကို စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာ အဝေးပြေးဝင်းကိုလည်း ဒီပုလဲဘက်ကို ရွှေ့မယ်လို့ အသံတွေထွက်တော့ မြေဈေးတွေက တက်သွားတာပါ” ဟု ၎င်းကပြောဆိုသည်။
ပုလဲမြို့သစ်ရှိ တစ်ဧကအကျယ်ရှိ မြေကွက်တစ်ကွက်လျှင် ဇွန်လဆန်းပိုင်းက ကျပ်သိန်း ၁၉၀၀၊ ၂၀၀၀ ခန့် ဈေးပေါက်ရာမှ ယခုလတွင် ကျပ်သိန်း ၂၄၀၀၊ ၂၅၀၀ ခန့် ဖြစ်လာကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးကျော်က ဆိုသည်။
လက်ရှိတွင် ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်လာသော်လည်း အမှန်တကယ် ဝယ်ယူသူ နည်းသောကြောင့် အရောင်းအဝယ်လည်း အနည်းငယ်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပုလဲမြို့သစ်တွင် ၂၀၁၂ ခုနှစ် အစောပိုင်းကလည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်ခဲ့ဖူးပြီး ယခုအကြိမ်တွင် အရောင်းအဝယ်မှာ ယခင်လောက် မဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ