By Myanmar Builders Guide, Shweproperty.com
Updated at 2 August 2018
“ကျွန်တော့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အလွန်ရိုးရှင်းပါတယ်။ ကျွန်တော် တကယ်ပစ်မှတ်ထားနေသူတွေက စုဆောင်းငွေ များများစားစား မရှိတဲ့သူတွေ၊ သူတို့မှာ မိသားစု ကြွယ်ဝမှုမရှိဘူး၊ သူတို့မှာ သင့်လျော်တဲ့ အလုပ်အကိုင်လေးတစ်ခု၊ သင့်လျော်တဲ့ လစာလေးတစ်ခုရှိတယ်၊ ဒါပေမယ့် လောလောဆယ် သူတို့ မဝယ်နိုင်သေးဘူး။ ကျွန်တော်က သူတို့အတွက် အဲဒါကို ဆောင်ရွက်ပေးချင်နေတာ” လို့ ဆိုင်းရပ်စ်ပန်က ပြောပါတယ်။
Yoma Land က စတင်လုပ်ဆောင်တာကတော့ သုတေသနလုပ်ခြင်း ဖြစ်ပါတယ်။ အာရုံစိုက်ရမယ့် အုပ်စုတွေကို စစ်တမ်းတွေ ကောက်ယူတာ၊ သူတို့ တန်ဖိုးအထားဆုံး အရာတွေနဲ့ပတ်သက်ပြီး မေးမြန်းတာတွေနဲ့ ပစ်မှတ်ထားတဲ့ ဖောက်သည်တွေနဲ့ စကားပြောတာတွေ လုပ်နေပါတယ်။ အဲဒီနောက် လိုအပ်နေသူတွေအတွက် ကုန်ကျစရိတ် နည်းနည်းဖြင့် ငွေကို အထိရောက်ဆုံးသုံးကာ စီမံချက်တွေကို ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ကို သူများတွေနဲ့ ခြားနားသွားစေတယ်လို့ ကျွန်တော်ထင်တဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ဝယ်သူတွေက ပြောတာကို နားထောင်ခြင်းပါ” လို့ သူက ပြောပါတယ်။
မကြာခဏဆိုသလိုပဲ မြန်မာနိုင်ငံက ဆောက်လုပ်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော်သူတွေက တည်ဆောက်တယ်၊ ပြီးတော့ သူတို့က လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သိပ်အများကြီး မစဉ်းစားဘူး။ သူတို့က လက်ရှိသွားနေကြတဲ့ လမ်းကြောင်းကိုပဲ ကြည့်တယ်။ တခြားသူတွေလုပ်တာ လိုက်လုပ်နေကြတယ်။ တခြားသူတွေ ရောင်းနေတဲ့ဟာတွေ လိုက်ဆောက်နေတယ်” လို့ သူကပြောပါတယ်။အဆင့်မြင့်အိမ်ယာဈေးကွက် နှေးကွေးနေ၍ လူအများ ပိုမိုတတ်နိုင်တဲ့ စီမံကိန်းများဘက်သို့ ပြောင်းရွှေ့သွားခြင်းမှာ ပုံမှန်သာဖြစ်တယ်လို့ Myanmar Real Estate and Constructure Monitor က သုတေသီတစ်ဦးဖြစ်သူ မစ္စကက်သရင်း ဟဲန်ဒရဲန်က ပြောကြားခဲ့ပါတယ်။
ရန်ကုန်မှာ ပုဂ္ဂလိကကဏ္ဍက တည်ဆောက်တဲ့ အိမ်ယာယူနစ်တွေရဲ့ ၇ဝ ရာခိုင်နှုန်းနီးပါးက ယေဘုယျအားဖြင့် ဝင်ငွေမြင့်တဲ့ အုပ်စုတွေကို ပစ်မှတ်ထားတယ်လို့ ခန့်မှန်းထားတယ်လို့ သူက ပြောပါတယ်။
“တန်ဖိုးနည်းနဲ့ အများတတ်နိုင်တဲ့ အိမ်ယာတွေ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လို့ ဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေအုံးမှာပါ။ အဲဒီဈေးကွက်က မြန်မာနိုင်ငံမှာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်း မပေးရသေးပါဘူး။ အနည်းဆုံးတော့ ရောင်းလို့လည်းရ၊ ရင်းနှီးမြုပ်နှံမှုအဖြစ်လည်း အသုံးပြုလို့ရတဲ့ အရည်အသွေးရှိ အိမ်ယာတွေ မရှိသေးပါဘူး” လို့ သူကပြောပါတယ်။
ဒါပေမယ့် Yoma Land ဟာ တခြား ဆောက်လုပ်သူ အများစုထက် အားသားချက်အချို့တော့ ရှိနေပေါတယ်။ သူတို့က နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်တဲ့အပြင် လက်ရှိပရောဂျက်တွေကနေ စီမံခန့်ခွဲမှု၊ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး ကျွမ်းကျင်မှုတွေကို ရယူအသုံးပြုနိုင်တာဟာ တမူထူးခြားချက် ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ဆောက်လုပ်မှု အရည်အသွေးနဲ့ ပတ်သက်ရင် စင်းလုံးချောမဟုတ်တောင် ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ ဂုဏ်သတင်းတော့ ရှိပါတယ်။ အများတတ်နိုင်တဲ့ ဈေးကွက်ထဲကို ဝင်ရောက်လုပ်ကိုင်ပေမယ့် အရည်အသွေးနိမ့်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာတော့ မဟုတ်ဘူးလို့ ပန်က တွင်တွင်ငြင်းပါတယ်။
“ဈေးနှုန်း အစိတ်အပိုင်းတစ်ခုစီအတွက် ဈေးနှုန်းအတိုင်းအတာက ပေးနိုင်သလောက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး အရည်အသွေးရှိတာကို ပေးချင်ပါတယ်။ ခင်ဗျားက အနည်းဆုံး ဈေးနှုန်းအနိမ့်တစ်ခုနဲ့ ပေးမယ်ဆိုရင်တောင် အန္တရာယ်ကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားတာတစ်ခုတော့ ခင်ဗျားရမှာပါ” လို့ သူက ပြောပါတယ်။
ငွေကြေးထောက်ပံ့ခြင်းကတော့ အဓိက အာရုံစိုက်ရမယ့် အရာဖြစ်ပါတယ်။ Yoma Land ဟာ သူ့ရဲ့ ပစ်မှတ်ဈေးကွက်က တတ်နိုင်တဲ့ အတိုင်းအတာကို အခြေခံပြီး တည်ဆောက်မှုကို အကောင်အထည်ဖော်မှာပါ။ အိမ်ချေးငွေတွေအတွက် ပြန်ဆပ်ရမယ့် ကာလက ခုနှစ်နှစ်ကနေ ၁ဝ နှစ်အထိဖြစ်ကြပေမယ့် Yoma Land ကတော့ နှစ် ၃ဝ အထိ တိုးချဲ့ပေးဖို့ မျှော်လင့်နေပြီး ဝယ်ယူသူအသစ်တွေအတွက် ဈေးကွက်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ စီးပွားရေး ရင့်ကျက်လာပြီး ငွေဖောင်းပွမှုလျော့ကျလာတဲ့ စံနှုန်းကို ရောက်လာတဲ့အခါမှာ လက်ရှိ မြင့်မားနေတဲ့ အတိုးနှုန်းတွေ လျှော့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပန်ကပြောပါတယ်။
“လူအများအပြား အိမ်ယာဝယ်ယူနိုင်စေဖို့ ခိုင်မာအားကောင်းတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ရောက်ရှိနေတယ်လို့ ကျွန်တေ်တို့ ယူဆပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ငွေကြေးထောက်ပံ့ပေးတဲ့ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒီအခြေအနေကနေ အဲဒီကွန်ရက်ကိုအသုံးပြုပြီး ဝယ်ယူသူတွေအတွက် ပိုကောင်းတဲ့ ဘဏ္ဍာရေးစည်းကမ်း သတ်မှတ်ချက်တွေ ချပေးနိုင်မှာပါ” လို့ သူကပြောပါတယ်။“ပြည်တွင်းဘဏ်တွေက မဖြည့်ဆည်းနိုင်ရင်ပဲဖြစ်ဖြစ်၊ စည်းမျဉ်းသတ်မှတ်ချက်တွေက ခွင့်မပြုရင်ပဲဖြစ်ဖြစ် တည်ဆောက် အကောင်အထည်ဖော်သူအနေနဲ့ ကျွန်တော်တို့က ဘယ်ကွာဟချက်မဆို တံတားထိုးပေးနိုင်ဖို့ ဘဏ္ဍာရေး ထောက်ကူအစီစဉ်တွေကို ချမှတ်လုပ်ဆောင်သွားမှာပါ” လို့လည်း သူက ပြောပါတယ်။ အများတတ်နိုင်တဲ့ အိမ်ယာတွေဖြစ်လာဖို့ ထောက်ပံ့ကူညီခြင်းဟာ အရည်အသွေးရှိဖို့နဲ့ လူမှုရေး ပေါင်းစည်းညီညွတ်မှုအတွက် အရေးပါတယ်လို့ ပန်ကပြောပါတယ်။ ပြီးတော့ ပြဿနာကို မကိုင်တွယ်ဘဲထားတဲ့ ကာလရှည်ကြာလေ ပြဿနာဟာ ပိုမိုနက်ရှိုင်းလာလေလို့လည်း သူက ထပ်မံပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အများတတ်နိုင်တဲ့ အိမ်ယာလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်ခြင်းဟာ Yoma ရဲ့ ကျန်တဲ့ အိမ်ယာလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုအစုစုမှာ အားနည်းချက်တွေ ရှိလို့လည်း ဖြစ်ပါတယ်။ Yoma Strategic Holdings ရဲ့ ဝင်ငွေဟာ စင်ကာပူဒေါ်လာ ၆၆ ဒသမ ၄ သန်းကနေ ၂ဝ၁၈ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၄၂ ဒသမ ၆ သန်းကို ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ဝင်ငွေ ၂ဝ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ဒါဟာ တစိတ်တပိုင်းအားဖြင့်တော့ အိမ်ခြံမြေ တည်ဆောက် ရောင်းချသူအဖြစ်ကနေ လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ကော်ပိုရေးရှင်းကြီးအဖြစ် ကူးပြောင်းလုပ်ကိုင်တဲ့ ကုမ္ပဏီရဲ့ မဟာဗျူဟာလည်း ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ အိမ်ခြံမြေမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အနည်းဆုံးဝင်ငွေ ၅ဝ ရာခိုင်နှုန်းရဖို့လည်း ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်ကို နှစ်နှစ်စောရခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းက ၂ဝ၁၈ ခုနှစ်မှာ ဝင်ငွေ ၃၉ ရာခိုင်နှုန်းသာ ရခဲ့တယ်ဆိုတဲ့အချက်က အိမ်ခြံမြေလုပ်ငန်းရဲ့ ရင်းနှီးမြုပ်နှံမှုအစုစုကနေ မျှော်လင့်သလောက် ဖြစ်မလာသေးတာကို ပြသနေပါတယ်။
အိမ်ခြံမြေလုပ်ငန်း နှေးကွေးမှုဟာ အလယ်အလတ်နဲ့ အဆင့်မြင့် စီမံကိန်းတွေအတွက် ယေဘုယျဝယ်လိုအား အားနည်းမှုနဲ့အတူ Yoma Strategic Holdings ရဲ့ စိတ်ပျက်ဖွယ် အမြတ်ရရှိမှုရလဒ်အတွက် အဓိက အကြောင်းရင်းဖြစ်တယ်လို့ မေ ၃၁ ရက်နေ့က ရင်းနှီးမြုပ်နှံသူတွေထံ ပေးပို့တဲ့ အကြောင်းကြားစာတစ်စောင်မှာ လေ့လာဆန်းစစ်သူ မစ္စတာဗီဂျေနာတာရာဂျန်က ပြောကြားထားပါတယ်။အများတတ်နိုင်တဲ့ ဈေးကွက်စီမံကိန်းတွေအတွက် ဝယ်လိုအား ပိုမိုမြင့်မားလာတာကြောင့် ကုမ္ပဏီဟာ ပိုမိုသေးငယ်ပြီး အများတတ်နိုင်တဲ့ အိမ်ယာတွေအတွက် ဝယ်လိုအား ဖြည့်တင်းပေးနိုင်ဖို့ Star City က Galaxy Tower မှာရှိတဲ့ လက်ရှိအိမ်ယာတွေရဲ့ ကမ်းလှမ်းချက်တွေကို ပြင်ဆင်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ Yoma ကလည်း Star City မှာ City Loft ဆိုတဲ့ စီမံကိန်းအသစ်တစ်ခုကို စတင်ဖို့ စီစဉ်နေပြီး Galaxy Tower ရှိ အိမ်ယာတွေနဲ့ နှိုင်းယှဉ်ပါက ဈေးအနည်းငယ် နိမ့်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
City Loft ဟာ မကြာမီအချိန်မှာ အများတတ်နိုင်တဲ့ ဈေးကွက်စီမံကိန်းဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် Yoma ကဘယ်လိုစိတ်ကူးနဲ့ လုပ်မလဲဆိုတာ ကြည့်ဖို့က စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့ ဟဲန်ဒရဲန်က ပြောပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ