By Democracy Daily, Shweproperty.com
Updated at 26 August 2015
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ပုပ္ပားတောင်ကလပ်အနီးရှိ မြေလွတ်မြေရိုင်းများအား သက်ဆိုင်ရာဌာနမှချထားပေးသည့် မြေဧကထက် ပိုမိုချဲ့ထွင်ဝယ်ယူနေခြင်းများကြောင့် ဒေသခံများနှင့် ပုပ္ပားတောင်ချစ်သူများအသင်းမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြေစာရင်းဦးစီးဌာနသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ သိရသည်။
”လွန်ခဲ့တဲ့လတွေကတည်းက ဒီမြေလွတ်မြေရိုင်းတွေကို အသည်းအသန်လိုက်ဝယ်နေတာပြီးတော့ သူတို့ကချပေးတဲ့ မြေဧကထက်ပိုပြီး ယူနေကြတယ်။ သုံးဧကပေးတယ်ဆို ခုနစ်ဧကလောက်ချဲ့တာ။ ဒါကို ဒေသခံတွေက မကျေနပ်လို့ သက်ဆိုင်ရာဌာနတွေကိုတိုင်ထားတာ။ ကျွန်တော်တို့ကတော့ ကန့်ကွက်စာပို့ထားတယ်” ဟု ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ဦးတိုးက ပြောသည်။
အဆိုပါကန့်ကွက်တိုင်ကြားစာများကို ယခင်လကုန်ပိုင်းကပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအား အထက်မှလာရောက် စစ်ဆေးနေသည်ဟု ကြားသိရကြောင်း ၎င်းကဆက်ပြောသည်။
”ကျွန်တော်တို့က အာဏာပိုင်အဖွဲ့အစည်းမဟုတ်တော့ ကန့်ကွက်ရုံကလွဲလို့ ကျန်တာတော့မတတ်နိုင်ဘူး။ ဌာနကိုလျှောက်ပြီးကျလာတဲ့ ဈေးကနည်းပေမယ့် သူတို့ကပြန်ပြီးအကွက်ရိုက်ပြီး ရောင်းစားကျတဲ့အခါကျတော့ ဈေးကကောင်းတယ်။ခုဆိုရင်ပဲ တစ်ဧကကို ပေါက်ဈေးက မနည်းဘူး”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိ ပုပ္ပားတောင်ကလပ် အနီးရှိ မြေလွတ်မြေရိုင်းများမှာ တစ်ဧကလျှင် ကျပ်သိန်းခြောက်ဆယ်ခန့်အထိ ပေါက်ဈေး ရှိနေကြောင်း ၎င်းကဆိုသည်။
”ဒေသခံတွေကတရားဝင်တိုင် ကြားထားတာပါ။ ဒီကိစ္စကို ကျွန်တော်တို့အဖွဲ့တွေအောက်ခြေအထိ သွားရောက် စစ်ဆေးနေပါတယ်။ ကျန်တာကတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ညောင်ဦးအထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ထူးမောင်က ပြောသည်။
ထိုကဲ့သို့သွားရောက်စစ်ဆေးရာတွင် မြေယာစီမံခန့်ခွဲရေးအဖွဲ့များပါဝင်ပြီး လက်ရှိဖြစ်ပွားနေသည့် နေရာမှာ ညောင်ဦးခရိုင်ပုပ္ပားမြို့အနီး ပုပ္ပားတောင်ကလပ်အတက်လမ်းမဘေး ပုပ္ပားအိုအေစစ်ဟိုတယ်၏မျက်နှာချင်းဆိုင်ရှှိ မြေလွတ်မြေရိုင်း များဖြစ်သည်ဟုလည်း သိရသည်။
ထိုသို့ မြေလွတ်မြေရိုင်းများဝယ်ယူရန်အတွက် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်အဆင့်ဆင့် ရယူ၍ ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
Ref : Denocracy Daily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ