By kumudra, Shweproperty.com
Updated at 5 August 2014
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အခုနောက်ပိုင်း ဈေးထက် ပိုခေါ်ကာ ရောင်းချတာတွေကြောင့် ကွာဟမှုမြင့်တဲ့ နေရာတွေမှာ အရောင်းအဝယ် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
'ဈေးကွက်ထဲမှာက ၁၀၀၀ လောက်တန်တာကို ၂၀၀၀ လောက် ဈေးခေါ်နေတော့ ဝယ်သူက လက်တွန့်လာတာပေါ့၊ တချို့က ခေါ်ဈေးက တစ်မျိုး ဝယ်သူလည်းလာရော ဈေးတင်ပြီး ထပ်ပြောတော့ ဝယ်မယ့်သူက မဝယ်တော့ဘူး၊ ဒီလို ဈေးပိုခေါ်နေလို့ အခုတလော အရောင်းအဝယ်တွေ ကျလာတယ်' လို့ ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်သက် ၁၅ နှစ်ဝန်းကျင်ရှိ ဦးဇော်မြင့်က ပြောပါတယ်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေဟာ ဖြစ်သင့်တဲ့ ဈေးထက် အဆမတန် မြင့်မားနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေတောင် ဝယ်ယူမြှုုပ်နှံထားဖိုး စဉ်းစားလာရတဲ့ အခြေအနေ ဖြစ်လာပါတယ။ ဒါ့အပြင် မဖြစ်မနေ မိသာစုနေထိုင်ဖို့ ဝယ်ယူလိုသူတွေ အနေနဲ့လည်း ဈေးနှုန်းမြင့်မားလာတဲ့ အိမ်ခြံမြေဈေးကွက်ကို လိုက်မမီနိုင်တာကြောင့် လက်ရှိမှာ ဝယ်လိုအား ကျဆင်းလာပြီး အရောင်းအဝယ်ပါ ကျနေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
'အရင်ကတော့ မြေဈေးတွေက ဈေးမှန်ခေါ်ထားတော့ ဝယ်ရောင်းလုပ်တာတောင် အဆင်ပြေတယ်၊ အခုက နောက်သုံးလေးနှစ်လောက်မှ ဖြစ်မယ့် ဈေးလောက်ကို ကြိုခေါ်နေတော့ ကိုယ့်လက်ထဲရောက်ပြီးမှ ထင်သလိုဖြစ်မလာရင် ရှုံးပြီလေ၊ မစွန့်စားတော့ဘူး' လို့ ပြောပါတယ်။
ရောင်းတဲ့သူတွေဖြစ်တဲ့ မြေရှင်ကိုယ်တိုင်က ဈေးပိုခေါ်တာတွေ ရှိသလို တချို့ကတော့ ပွဲစားတွေက မြေရှင်ရဲ့ ခေါ်ဈေးထက် ပိုခေါ်ကာ အရောင်းအဝယ်ဖြစ်ဖို့ ဆောင်ရွက်တာတွေကြောင့်လည်း အရောင်အဝယ်ကျနေတာ ရှိပါတယ်။
စီးပွားရေး ဥပဒေပညာရှင် ဦးတင်သန်းဦးက 'ပေါက်ဈေးထက် ဈေးပိုခေါ်တယ်ဆိုတာကို ပြောရင် ပေါက်ဈေးကို ဘယ်လိုသတ်မှတ်လဲဆိုတာ ကြည့်ရမယ်၊ ငွေပိုလျံှတဲ့သူတွေနဲ့ ငွေဖြူပြောင်းချင်တဲ့သူတွေက ခေါ်တဲ့ဈေးတွေနဲ့ လိုက်ဝယ်တယ်၊ တကယ်ကြိုးစားပြီး လုပ်အားခနပဲ ဝယ်ချင်တဲ့ သူတွေအတွက် ခက်ခဲ့လာတာပေါ့' လို့ သုံးသပ်ပါတယ်။
လတ်တလော အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေကတော့ တောင်ဥက္ကလာပမြို့နယ်ဘက်မှာ အချက်အချာကျတဲ့ ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို သိန်း ၄၀၀၀ ခန့်ရှိနေပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘက်မှာတော့ သိန်း ၁၀၀၀ ကျော်ခန့်ရှိနေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ