By 7daydaily, Shweproperty.com
Updated at 9 December 2015
ရန်ကုန်မြို့ရဲ့ မြို့ပြတည်ဆောက်မှုပုံစံဟာ နှစ်ပေါင်းများစွာက မောက်ကမဖြစ်ခဲ့တဲ့အတွက် ပတ်ဝန်းကျင်ကောင်းမွန်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်သည့် အစိမ်းရောင်မြို့ပြ စီမံကိန်းအကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် 7Day Daily မှာ ဖတ်ရှုခဲ့ရပါတယ်။ ရာစုနဲ့ချီပြီး ကြုံလာခဲ့တဲ့ မြို့ပြတည်ဆောက်မှု အမှားအယွင်းများကြောင့် မြို့နယ်အလိုက် အစိမ်းရောင်နယ်မြေဖြစ်အောင် ပြုလုပ်ရန်မဖြစ်နိုင်တော့ကြောင်း၊ တစ်မြို့လုံးအတိုင်းအတာအနေဖြင့် မဖြစ်နိုင်ပေမယ့် နောက်ထပ်လာမည့် အိမ်ရာစီမံကိန်းများတွင် ထည့်သွင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်တဲ့အကြောင်းကိုလည်း ဖတ်ရှုရပြန်ပါတယ်။
အထက်ပါသတင်းကြောင့် ရန်ကုန်မြို့ဟာ အမှန်တကယ် အစိမ်းရောင်လမ်းစပျောက်ဆုံးတဲ့ မြို့ကြီးဖြစ်နေပြီလားလို့ တွေးတောစရာဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိမ်းရောင်တွေ ခေါင်းမထောင်နိုင်ခဲ့တာကို မဆိုလိုပါဘူး။ မြို့ပြစီမံဖွံ့ဖြိုးရေးအရ Green City လို့ခေါ်တဲ့ စိမ်းလန်းစိုပြည်တဲ့ မြို့ကြီးကို ဆိုလိုတာ ဖြစ်ပါတယ်။ ရာစုနဲ့ချီပြီး ကြုံလာခဲ့တဲ့ အမှားအယွင်းများကြောင့်လို့ဆိုတဲ့နေရာမှာ အမြင်ကွဲလွဲစရာတွေ များစွာရှိနေပါတယ်။ ဒါဟာ ရန်ကုန်ရဲ့ မြို့ပြဖွံ့ဖြိုးမှုသမိုင်းနဲ့ သက်ဆိုင်တဲ့ သုံးသပ်ချက်တစ်ရပ်ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူသဘောတူလက်ခံလို့ မဖြစ်ပါဘူး။ ဒီကိစ္စကို အကြိမ်ကြိမ် အထပ်ထပ် အသေးစိတ် လေ့လာသုံးသပ်ရင်း မေခလာရဲ့ ‘‘ကော်လာပေါ်ကနှုတ်ခမ်းနီ.. လိမ်တာညာတာများပြီ.. တရားခံဘယ်သူလဲဟေ့’’ဆိုတဲ့ သီချင်းစာ သား တစ်ပိုင်းတစ်စကို ပြေးပြီးသတိရမိပါတယ်။
ရန်ကုန်မြို့ကြီးဟာ ၁၉၆၅ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့လှပခံ့ညားတဲ့ မြို့ကြီးတစ်မြို့အဖြစ် အထင်အရှား ရပ်တည်ခဲ့ပါတယ်။ အဲဒီအချိန်မှာ စင်ကာပူဟာ ရန်ကုန်မြို့ရဲ့အဆင့်ကို မမီသေးပါဘူး။ ဒါကြောင့် ရာစုနဲ့ချီတဲ့ မြို့ပြ တည်ဆောက်မှုပုံစံ အမှားဆိုတာ လုံးဝမဟုတ်ပါဘူး။ နှစ် ၅၀ အတွင်း တိုင်းပြည်ဆင်းရဲတွင်းနက်မှုနဲ့အတူ ရန်ကုန်မြို့ရဲ့အိမ်ရာနဲ့ အခြေခံအဆောက်အအုံတွေဟာ Shanty Town လို့ခေါ်တဲ့ ဆင်းရဲသားများစွာ ခိုလှုံရာအဟောင်းပဒေသာမြို့ကြီးပမာဖြစ် ပေါ်လာခဲ့ပါတယ်။ နဝတအစိုးရလက်ထက်မှာ ရန်ကုန်ဟာ မြောက်မှတောင်သို့ ဒေါင်လိုက်ကြီးထွားနေတဲ့ပုံစံမှ မြို့သစ်များဝန်းရံပြီး အဝန်းအဝိုင်းကောင်းတဲ့ ပုံစံသစ်နဲ့ ကြီးထွားလာစအချိန်မှာပဲ နေပြည်တော်သစ်ကြီးကို ငွေကြေးအလုံးအရင်းနဲ့ ပုံအောမြှုပ်နှံလိုက်ကြပြန်ပါတယ်။ ရန်ကုန်ဟာ ဟို မရောက်ဒီမရောက်ဖွံ့ဖြိုးမှုနဲ့အတူ ဥမမည်စာမမြောက်တဲ့ မြို့သစ်ရင်သွေးပေါက်စခုနစ်ဦးကို ချို့ချို့ငဲ့ငဲ့ ထွေးပိုက်ကျွေးမွေးပြီး ရုန်းကန်ခဲ့ရရှာပါတယ်။ အဲဒီနောက် နေပြည်တော်မှာ အစိုးရရုံးစိုက်တဲ့ ၂၀၀၅ အလွန် ဆယ်စုနှစ်အတွင်းမှာတော့ ရန်ကုန်ရဲ့ မြို့ပြဖွံ့ဖြိုး ရေးကော်လာဖြူလေးပေါ်မှာ မသမာမှုနှုတ်ခမ်းနီတွေ တစ်စတစ်စ စွန်းပေလာပါတော့တယ်။
ရန်ကုန်ရဲ့ မြို့ပြမြေယာဟာ အာဏာရှိသူတချို့အပါအဝင် လူချမ်းသာများနဲ့ ငွေမည်းကိုင်တရုတ် အဝယ်တော်များရဲ့ ဝယ်ယူသိုလှောင်မှုအောက်မှာ ဈေးတွေမြောက်တက်ကုန်ပါတော့တယ်။ ကြိုပွိုင့်ကန်ထရိုက်တွေကိုသာ အားပြုနေရတဲ့ ဝင်ငွေအလယ်အ လတ်တန်းအောက်ခြေမှ မလည်မဝယ်ပြည်သူတွေရဲ့ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေဟာလည်း ထောင်နဲ့ချီပြီး ပေါ်ပေါက်လာတာ တွေ့ရပြန်ပါတယ်။ နောက်ဆုံးမှာအဖြတ်အတောက်၊ အဖျက်အဆီးတွေနဲ့ ကျော်မကောင်း ကြားမကောင်း ကွန်ကရစ်ဖြိုလှဲပွဲကြီးတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီအချိန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက စတင်ဆောက်လုပ်ခွင့်ရရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး လက်စမသိမ်းတဲ့ အစိုးရအိမ်ရာစီမံကိန်းများမှ ကန်ထရိုက်ကြီးများအပါအဝင် ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေကတော့ ကြိုပွိုင့်ဈေးကောင်းတွေရခဲ့ကြပါတယ်။
နေပြည်တော်ကို အစိုးရရုံးတွေ ပြောင်းရွှေ့သွားလို့ လစ်လပ်သွားတဲ့မြေကွက်တွေ၊ အဆောက်အအုံတွေဟာ ရန်ကုန်မှာ မရေမတွက်နိုင်လောက်အောင် ရှိခဲ့ပါတယ်။ အဲဒါတွေကို အနာဂတ်မှာ စိမ်းလန်းတဲ့မြို့ကြီးအဖြစ် ပြုပြင်ဖန်တီးရန်အတွက် စီမံကိန်းနဲ့စနစ်တကျ (Land Use Plan)လုပ်ခွင့်ရလေမလားလို့ မျှော်မှန်းနေတုန်း နအဖအစိုးရဟာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအထိ ဧကပေါင်းရာနဲ့ချီပြီး ပုဂ္ဂလိကတွေကို ရက်ရက်ရောရော ရောင်းချပစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အများပြည်သူအပန်းဖြေရာဖြစ်တဲ့ စမ်းချောင်းမြို့နယ်က နာမည်ကျော်ပဒုမ္မာကွင်းကြီးလည်း ပါသွားပါတော့တယ်။ ကော်လာပေါ်မှာနှုတ်ခမ်းနီတွေ တိုးလာတာဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်သစ် နိဒါန်းမှာ မြို့ပြမြေဈေးဒုံးပျံကြီး (Sky Rocketing Land Price) ကို အောင်မြင်စွာ လွှတ်တင်ပြီး အစိုးရငါးနှစ်သက်တမ်း ကာလဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း တွေ့ရှိရပါတယ်။ ပဒုမ္မာကွင်းလို သိမ်ဖြူကွင်းဆိုတဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီးကစားကွင်းနဲ့ အများပြည်သူအတွက် မြေကွက်လပ်ကြီးဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။ တာမွေမြို့နယ်မှာလည်း ရာပြည့်ကွင်းဆိုတာ တစ်ချိန်က ဇာတ်ပွဲကြည့်ချင်သူများနဲ့ အတူ ဈေးတန်းများကြောင့် ပြည်သူတို့ စုဝေးအပန်းဖြေရာ နေရာတစ်ခုဖြစ်ခဲ့ပြီး ယခုတော့ ပျောက်ဆုံးသွားပါပြီ။ မြေနီကုန်းညဈေးတန်း ပျောက်ဆုံးပြီးတဲ့နောက်မှာ ရန်ကုန်မြို့လယ်က လဟာပြင်ဈေးကြီးကိုလည်း ထပ်မံဆုံးရှုံး ခံလိုက်ရပြန်ပါတယ်။ လဟာပြင်ဈေးနေရာမှာ ၂၃ ထပ်၊ ၂၅ ထပ်နဲ့ ၂၈ ထပ်အဆောက်အအုံကြီးတွေဟာ မြို့ပြပုံစံကို ပြောင်းလဲပေးမှာဖြစ်ပေမယ့် အများပြည်သူသုံးမြေ (PublicLand) ကို ထာဝရဆုံးရှုံးခြင်းနဲ့အတူ ယာဉ်ကြောကျပ်တည်းမှုအသစ်တွေကြောင့် စိမ်းလန်းမြို့ပြ သဘာဝနဲ့အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။
နောက်ပြီး ဈေးတွေအသစ် ပြန်ဆောက်တော့ မူလဈေးက သချႋုင်းကုန်းထဲရောက်သွားတာ။ ဆောက်ပြီးတဲ့ဈေးကြီးက သုံးလို့မရတာ။ ဈေးသစ်မှာ ဆိုင်ခန်းပြန်မဝယ်နိုင်ကြလို့ လမ်းဘေးဈေးသည်ဘဝရောက်ကုန်တာလည်း အများကြီးပါပဲ။ တာမွေဈေးကြီး အသစ်ဆောက်လို့ပြီးပေမယ့် ချောက်ချားနေပြီး မူလဈေးသည်တွေက ဗျိုင်းရေအိုးစင် တရုတ်သချႋုင်း မြေပေါ်ကို ရောက်ခဲ့ကြပါတယ်။ (၃၈)လမ်းဈေးကြီးပြီးတော့ မူလဈေးသည်တွေက ဘူတာကြီးဝင်းအနီး အာမေးနီးယန်းသချႋုင်းမြေပေါ်မှာ ယနေ့အထိ ဖွင့်နေရဆဲပါပဲ။
တချို့ဈေးသစ်တွေမှာ ပြန်လည်ချထားပေးတဲ့ ဈေးခုံနေရာက အတွင်းကျပြီး ဈေးကြီးတာကြောင့် ဈေးသစ်ထဲ ပြန်မရောက်နိုင်ဘဲ လမ်းဘေးမှာ ဈေးရောင်းနေရရှာတဲ့ ဈေးသည်တွေကိုလည်း တွေ့ရှိရပါတယ်။ ဈေးတွေဆောက်လို့ ကြီးပွားသူများရှိပြီး မြို့ပြကော် လာပေါ်မှာနှုတ်ခမ်းနီတွေ ထပ်မံစွန်းခဲ့တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။
အထပ်မြင့်တိုက်တွေ အလုံး ၂၀ ကျော်ဆောက်တော့မယ်လို့ ၂၀၁၄ ခုနှစ်မှာ သတင်းရရှိခဲ့ပါတယ်။ ဆိပ်ကမ်းမြေနဲ့ နီးတဲ့နေရာများလည်း ပါဝင်ကြောင်းသိရပြီး ရေပေးဝေရေးက အဆင်ပြေပါ့မလား၊ အများအခေါ် ဂျိုးဖြူရေဆိုတဲ့ PipeWater မရရှိဘဲ အဝီစိတွင်းရေကိုသာသုံးတဲ့ အထပ်မြင့်တွေ ရန်ကုန်မှာ ပေါ်ထွန်းလာရင် မခက်ပါလားလို့ တွေးတောနေမိပါတယ်။ ဂျပန်နိုင်ငံမှကုမ္ပဏီများက အထပ်မြင့်အိမ်ရာများကို ဖက်စပ်ဆောက်လုပ်လိုသော်လည်း ရေမရနိုင်တဲ့အတွက် မဆောက်ဖြစ်ဘူးဆိုတာကို ကြားသိရပြန်ပါတယ်။ မန္တလေးမြို့မှာ ဇုန် ၁၆ ဇုန်သတ်မှတ်မယ်ဆိုတဲ့သတင်းကို ကြားသိရပေမယ့် ရန်ကုန်မှာ ‘‘ဇုန်ဆိုတာ ဘာကိုခေါ်တယ်’’လို့ မေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး အထပ်မြင့်နှင့် မြေအသုံးချမှုကို ထိန်းကျောင်းပေးတဲ့ စုစုပေါင်း ကြမ်းခင်းနှင့် မြေနေရာ အချိုး (Floor Area Ratio) (F.A.R)၊ အဆောက်အအုံဖုံးလွှမ်းမယ့် ဧရိယာနှင့် မြေနေရာအချိုး (Building Coverage Ratio) (B.C.R)၊ နေရာအလိုက် အဆာက်အအုံအမြင့်ကန့်သတ်မှု (Build-ing Height Controll)စတာတွေ လုံးဝမရှိသေးတဲ့မြို့ကြီးဟာ ဘယ်လိုလုပ်ပြီး စိမ်းလန်းတဲ့မြို့ဖြစ်မှာလဲ။ အဲဒါ ရာစုနဲ့ချီခဲ့တဲ့ ကိစ္စတွေမဟုတ်ပါဘူး။ ယခုလက်ရှိခေတ်မှာ တာဝန်ရှိသူတွေမလုပ်နိုင်တာ (သို့မဟုတ်) မလုပ်ချင်လို့ လျစ်လျူရှုထားခြင်းခံရတဲ့ကိစ္စတွေပါ။ နောက်ပြီး လမ်းကျဉ်းတွေမှာ၊ ဆိတ်ငြိမ်ရပ်ကွက်မှာ၊ လမ်းဆုံလမ်းခွ မြေကွက်တွေမှာ အထပ်မြင့်တွေဆောက်လုပ်နေတဲ့ မြို့ကြီးကို မြင်နေရပါလျက်နဲ့ ဟိုနှစ် ၁၀၀ ကို လက်ညှိုးမထိုးသင့်ပါဘူး။ အလောင်းမင်းတရားကြီး ၁၇၅၅၊ သာယာဝတီမင်း၊ လက်ဖတင်နင်ဖရေဇာ ၁၈၅၃ နဲ့ R.D.T 1921 တို့ကို တရားခံရှာသလိုဖြစ်နေပါ့မယ်။
စိမ်းလန်းမြေတွေ ပျောက်ဆုံးခြင်းကိုလည်း သုံးသပ်ဖို့လိုပါတယ်။ အင်းလျားကန်က မြကျွန်းသာဆိုတာ ရန်ကုန်ကိုသဘာဝပေးထားတဲ့ စိမ်းလန်းသာယာကျွန်းမြေလွှာပါပဲ။ ပုဂ္ဂလိကကုမ္ပဏီရှစ်ခုကို တစ်ဧကအတွက် မြေငှားခ တစ်လ ၁၀ သိန်းနဲ့ နှစ် ၆၀ အထိ ငှားတာ အိမ်ခန်းတစ်ခန်းငှားခထက် အများကြီးနည်းပါတယ်။ အခမဲ့အသုံးပြုခွင့်ပေးရင် ပိုပြီးကျေးဇူးတင်ကြမှာပါ။ MIC လည်းမတင်၊ ဈေးကလည်း အလကားနီးပါးနဲ့ ငှားတဲ့အပြင် ဆောက်လုပ်ခွင့်ကိုပါ စည်ပင်ကိုမတင်ဘဲ တည်ဆောက်ကြပါသေးတယ်။ ငါးထပ်၊ ခြောက်ထပ် အထိမြင့်တဲ့ အဆောက်အအုံသစ်တွေဟာ အင်းလျားကန်မြကျွန်းသာရဲ့အလှကို ဖျက်ဆီးပစ်တယ်လို့ ပြည်သူတိုင်းလိုလို ခံစားရပါတယ်။ ‘‘တရားခံ ဘယ်သူလဲဟေ့’’လို့ မေးကြည့်ကြပါဦး။ နောက်ပြီး ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရဲ့အထွက် ဦးဝိစာရလမ်းက ပြည်သူ့ရင်ပြင်မှာလည်း စားသောက်ဆိုင်တွေ ဖွင့်ခွင့်ပြုထားခြင်းဟာ ဘုရားနဲ့ပြည်လမ်းအကြား တိုးလျှိုပေါက်မြင်ကွင်းကို ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ ကန်တော်ကြီးမှာလည်း စားသောက်ဆိုင်ကြီးတွေက စိမ်းလန်းမြေကို အကြီးအကျယ် ဖုံးလွှမ်းထားကြပြန်ပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးမယ့် စိမ်းလမ်းဇုန်ဟာ လျှော့ဈေးနဲ့ငှားတဲ့ စီးပွားရေးဇုန် မဖြစ်သင့်ပါဘူး။
မြို့သစ်ပန်းခြံတွေကို မြေပုံမှာ ကွက်လပ်အဖြစ် ဖော်ပြထားလို့ဆိုပြီး ပန်းခြံလုပ်ဖို့ မစဉ်းစားတော့ဘဲ အဆောက်အအုံ ဆောက်လိုက်ကြတာလည်း အလွန်အံ့ဩစရာပါ။
သာကေတ မြင်တော်သာလမ်းမနဲ့ ရပ်ကွက်အနားသတ် ဝန်ဆောင်လမ်း (Service Road) အကြား မြို့ပြပုံစံအရ ချန်လှပ်ထားတဲ့ မြေကွက်လပ်ကြီးမှာ ဆိုင်ကြီးဆိုင်ငယ်တွေ ချထားပေးလိုက်တာ၊ ရေကန်ကြီးကိုဖို့ပြီး အဆောက်အအုံဆောက်တာ၊ သုဝဏ္ဏနဲ့ ဝေဇယန္တာလမ်းဆုံ၊ သုဝဏ္ဏဘက်ခြမ်းမှာ ရှေးယခင် သုဝဏ္ဏမြို့တည်စဉ်က လမ်းမနဲ့ တမင်ခွာပြီး ချန်လှပ်ထားတဲ့ မြေကွက်လပ်ကို မကြာမီက ခြံခတ်ပြီး ကာရံထားတာတွေဟာ ရန်ကုန်မှာ စိမ်းလန်း မြေကွက်တွေနဲ့ ရေကန်များရှိရင် မြို့ပြပုံစံနဲ့ မညီဘူးလို့ သုံးသပ်ပြီး ပြောင်းလဲဖျက်ဆီးနေတဲ့ ပညာရှင်တွေရှိနေပြီလို့ တွေးတောစရာဖြစ်လာပါတယ်။
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မှုမရှိဘဲ ခုံးကျော်တံတားတွေ တစ်စင်းပြီးတစ်စင်း ဆောက်လုပ်နေတာ၊ ယာဉ်ရပ်နားရန်နေရာတွေကို လိုအပ်တဲ့နေရာမှာ လုံလောက်အောင် ဆောက်လုပ်ပေးနိုင်မှုမရှိဘဲ မလိုအပ်တဲ့နေရာတွေမှာ ဆောက်လုပ်တာ၊ နှစ်ပေါင်းများစွာ ပြည်သူတွေအတွက် ရေပေးဝေရေးစနစ် လုံလောက်မှုမရှိတာ၊ ရေမြောင်းတွေ ပိတ်ဆို့မှုကို မြို့နယ်အလိုက် အသေးစိတ် စနစ်တကျ တိုင်းတာပြီး ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပေးနိုင်မှုမရှိတာ (ဗားကရာချောက်ကို ရေမလွှမ်းအောင် နှစ်ပေါင်း ၁၀၀ ကျော်က ဘယ်လိုများလုပ်ခဲ့ပါလိမ့်လို့ မကြာမီအချိန်ကမှ တအံ့တဩလေ့လာနေကြရတာ) ဗိုလ်မြတ်ထွန်းလမ်းမှာ ကိုလိုနီခေတ်ကပင် တည်ဆောက်ထားတဲ့ Re-tention Basin (ခေါ်) ရေမြောင်းများမှ ပိုလျှံရေတွေကို ယာယီသိုလှောင်ထားပေးမယ့် ရေကန်ကို ဖျက်ဆီးပြီး အိမ်ရာဆောက်ခွင့်ပေးလိုက်တဲ့အတွက် ဝန်ကြီးများရုံးဝန်းကျင်အပါအဝင် မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းမှာ နှစ်စဉ်ရေကြီးရေလျှံတာတွေ မကြုံစဖူး ဖြစ်ပေါ်လာတာ၊ ကွန်ကရစ်လမ်းတွေ ခင်းပါသော်လည်း ပလက်ဖောင်းမပါ၊ ရေမြောင်းမပါတဲ့အတွက် ရေလျှံပြီး နေအိမ်တွေထဲရေဝင်တာ အစရှိတဲ့ အနိဋ္ဌာရုံတွေဟာ လွန်ခဲ့တဲ့နှစ်ရာချီပြီး ကြုံလာတဲ့မြို့ပြတည်ဆောက်မှုပုံစံအမှားအယွင်းများကြောင့် မဟုတ်ပါဘူး။
အားလုံးဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုကော်လာပေါ်မှာ လတ်လတ်ဆတ်ဆတ် နှုတ်ခမ်းနီများအဖြစ် မကြာမတင် ဆယ်စုနှစ်ကာလများမှ ယနေ့အထိ ထပ်တလဲလဲ စွန်းထင်းမှုများကြောင့် ဖြစ်ပါတယ်။ တရားခံဘယ်သူလဲဟေ့..။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ