By Myanmar Builders Guide, Shweproperty.com
Updated at 7 March 2019
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထားရုံးဟောင်းမြေပေါ်၌ အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိသော စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားအတွက် နှစ်အလိုက်ဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇)မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါစီမံကိန်းဧရိယာသည် ၃၉,၅၇၇ စတုရန်းမီတာကျယ်ဝန်းပြီး Yangon Peninsula ဟိုတယ်စီမံကိန်းနှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားထားကာ FMI Yoma Stratigic Holdings၊ Mitsubishi Corporation၊ The International Finance Corporation(IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ယင်းစီမံကိန်း၌ လက်ရှိတည်ဆောက်ဆဲကာလတွင် တစ်နှစ်မြေငှားရမ်းခ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာနှုန်းရရှိနေပြီး စီမံကိန်းပြီးစီးပါက အလွှာတိုင်း၊ အထပ်တိုင်းအတွက် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနှုန်း နှစ်စဉ်ရရှိမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလကို ၄၈ လ သတ်မှတ်ထားကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။
စီမံကိန်းဧရိယာ၏ ၂၅,၆၈၉ စတုရန်းမီတာ အကျယ်အဝန်းကို Yangon Peninsula ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် တည်ဆောက်ရန်စီစဉ်ထားပြီး Office Tower နှစ်ခု၊ Peninsula အမှတ်တံဆိပ် အဆင့်မြှင့်အိမ်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်တစ်လုံး၊ ဝန်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများပါဝင်သော စုပေါင်းအိမ်ရာတစ်ခု ပါဝင်မည်ဖြစ်ကာ ယင်းအဆောက်အအုံကို ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စတုရန်းမီတာ ၁၃,၈၈၈ အကျယ်အဝန်းနေရာ၌ Yangon Peninsula ဟိုတယ်တည်ဆောက်ကာ ယင်းနေရာ၌ အဆင့်မြင့်အခန်းပေါင်း ၈၈ ခန်းပါဝင်သည့် Peninsula Hotel အဖြစ် လုပ်ဆောင်ရန်စီစဉ်ထားကြောင်း၊ အဆိုပါဟိုတယ်၌ မင်္ဂလာခန်းမအပါအဝင် မြန်မာ့မီးရထား၏ သမိုင်းဝင်အချက်အလက်များကို ပြတိုက်အဖြစ်ခင်းကျင်းပြသမှုများနှင့် ယာဉ်အစီးရေ ၁,၃၀၀ ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ