By Myanmar Times, Shweproperty.com
Updated at 19 March 2015
အခြေခံအဆောက်အအုံများကို တည်ဆောက်ခွင့် ရရှိမည့် တတိယအကြိမ်မြောက်လူထုဗဟိုပြုစီမံကိန်းအတွက် ရွေးချယ်ခံထားရသော ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုက မြို့နယ်တစ်ခုစီကို မတ်လအတွင်း ရွေးချယ် သွားမည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော်က ပြောသည်။ "လူထုဗဟိုပြုစီမံကိန်းအတွက် ရွေးချယ်ထားတဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ် တစ်မြို့နယ်စီကိုမတ်လမှာ ရွေးချယ်သွားမှာပါ"ဟု ဦးခန့်ဇော်က ပြောသည်။ လူထုဗဟိုပြုစီမံကိန်းခေါ် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းမှာ အစိုးရ ရုံးစိုက်ရာနေပြည်တော်မြို့နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့နယ် ၁၄ ခုတို့က မြို့နယ်တစ်မြို့နယ်စီ ကို အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာသန်း ၈၀ နှင့် နည်းပညာများကို အကူအညီပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခု ဖြစ်သည်။ "စီမံကိန်းအကျိုးခံစားရာ မြို့နယ်ရွေးချယ်ပွဲကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေကို ဖိတ်ကြားသွားမှာပါ"ဟု ၎င်းကပြောသည်။ မြို့နယ်ရွေးချယ်ရေးအတွက် အကြံဉာဏ် ရယူခြင်းဆွေးနွေးပွဲများကို အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းတစ်ခုစီအတွက် မြို့နယ်သုံးမြို့နယ်ကို ပဏာမ ရွေးချယ်ကာထိုမှတစ်ဆင့် မြို့နယ် တစ်မြို့ နယ်ကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှု၊ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ကောင်းမွန်မှုနှင့် မြို့နယ်တည်ငြိမ်အေးချမ်းရေး ရှိမှုများကို ကြည့်၍ ရွေးချယ်ခြင်းဖြစ်သည်။ ပထမအကြိမ်မြောက် လူထုဗဟိုပြု စီမံကိန်း ၂၀၁၃ - ၁၄ ကို ရှမ်းပြည်နယ်က နမ့်ဆမ်းမြို့နယ်၊ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ တနသာၤရီတိုင်းက ကျွန်းစုမြို့နယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်နှစ်အတွက် ရန်ကုန်တိုင်းက ထန်းတစ်ပင်မြို့နယ်၊ နေပြည်တော်ကတပ်ကုန်းမြို့နယ်၊ မကွေးတိုင်းက စေတုတ္တရာမြို့နယ်၊ စစ်ကိုင်းတိုင်းက ပင်လယ်ဘူးမြို့နယ်၊ ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်နှင့် ရခိုင်ပြည်နယ်က အန်းမြို့နယ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်တစ်ခုစီတွင် စီမံကိန်းအကောင် အထည်ဖော်မည့် အချိန်ကာလမှာ သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမနှစ်တွင် အခြေခံအဆောက်အအုံများကို ပြင်ဆင်နိုင်မည် ဖြစ်ပြီး ဒုတိယနှင့်တတိယနှစ်များတွင် ဒေသခံများ ဆောက်လုပ်လိုသော အဆောက်အအုံများကို ဆောက်ခွင့်ရမည်ဖြစ်သည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ