By The Kumudra, Shweproperty.com
Updated at 4 November 2014
ပိုင်ရှင်ရှိပြီးသား လယ်မြေတွေကို ပြေစာတွေနဲ့ ပြောင်ပြောင်တင်းတင်း လိမ်လည်ရောင်းချတာတွေ ပိုများလာတယ်လို့ သိရပါတယ်။
စာရွတ်စာတမ်း နားမလည်တဲ့သူတွေကို လိမ်လည်ရောင်းချတာပါ။ ဝယ်သူတွေကလည်း ဈေးပေါတယ်ဆိုပြီး သေချာမစုံစမ်းပဲဝယ်ပြီးခါမှ ငွေကုန်လူပမ်းဖြစ်ရတယ်။ တရားရုံးအထိ ဖြေရှင်းရတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အခုလိုမျိုး မြေကွက်လိမ်လည် ရောင်းချတာတွေများလာတယ်။ ဒဂုံမြို့သစ်တွေမှာတော့ တချို့က မိသားစုလိုက် လိမ်လည်ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။
“နယ်မြေခံလယ်သမား တချို့က ပြောင်ပြောင်တင်းတင်းနဲ့ကို လိမ်ရောင်းလာကြတယ်၊ ရပ်ကွက်ရုံးတွေကတောင် ပြောလို့မရဘူး၊ ဝယ်မိသူတွေက အခုဆို တရားရုံးမှာတောင် အမှုဖွင့်ပြီး ဖြေရှင်းရတယ်၊ လိမ်ရောင်းသူတွေက ရောင်းရတဲ့ငွေနဲ့ အမှုရင်ဆိုင်နိုင်ပေမယ့် ဝယ်ထားမိသူတွေက ငွေလဲကုန် စိတ်လည်းပင်ပမ်းကြတာပေါ့” လို့ ဒဂုံသီးသန့် အကျိုးဆောင် မကေသီက ပြောပါတယ်။
လိမ်လည်ရောင်းချတာတွေက ပိုင်ရှင်ရှိပြီးသား အကွက်တွေကို လက်ညှိုးထိုး ရောင်းကြတာတွေ ရှိသလို၊ အကွက်တွေကို လည်းပြေစာပြပြီး ရောင်းစားကြတာတွေ ရှိပါတယ်။ လယ်မြေတွေကို နေထိုင်ခွင့်ပြုပြီး နောက်မှာ အခုလိုလိမ်လည်မှုတွေ ပိုများလာတာလို့ အကျိုးဆောင်တချို့က ဆိုပါတယ်။
“အဲ့ဒီလို လက်ညှိုးထိုးရောင်းချတာတွေ များလာတော့ တကယ့်ပိုင်ရှင် အစစ်တွေရော ဝယ်မိသူတွေပါ နစ်နာရတယ်၊ အခုဆိုရင် အကွက်ပြီးရင် ပိုင်ရှင်တွေက ခြံခတ်ပြီး ရောင်းမယ့်သူဆိုရင် ဆက်သွယ်ဖို့ လိပ်စာရေးထားတယ်၊ မရောင်းတဲ့သူတွေက ပိုင်ရှင်ရှိသည်၊ မရောင်းပါဆိုတာတွေကို ချိတ်ဆွဲလာကြတယ်”လို့ ဒဂုံအရှေ့ ပိုင်းရှိ အကျိုးဆောင်ဒေါ် သီတာက ပြောပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ