By Myanmar Builders Guide, Shweproperty.com
Updated at 10 January 2019
ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ၌ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ဝင်ရောက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက လာရောက်လျှောက်တင်ထားသည့် စီမံကိန်းအဆိုပြုလွှာ ၅ ခုခန့်ရှိပြီး အဆိုပါစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာသန်း ၆၀၀ ကျော်ရှိကာ ယင်းအဆိုပြုလွှာများကို ယခုနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုသွားနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ရခိုင်ကိစ္စကြောင့် ဘာကြောင့်ဆိုပြီး မဝင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ လာတင်ထားတဲ့ အဆိုပြုလွှာတွေ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နဲ့ ဒီထက်များဖို့ပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် လာရောက်လျှောက်တင်ထားသည့် အဆိုပြုလွှာများထဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်ရရှိရန် လိုအပ်နေခြင်းနှင့် စီမံကိန်းကို အကောင်အထည်ဖော်မည့် ရင်းနှီးမြှုပ်နှံသူများအချင်းချင်း ညှိနှိုင်းမရသည့် ကိစ္စများ ကျန်ရှိနေလျက်ရှိပြီး ယင်းသို့ အချက်အလက်မပြည့်စုံသေးခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြနိုင်ခြင်း မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေနှင့် ပြည်တွင်း အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ကျော်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၈ ဧပြီလမှ စက်တင်ဘာလ အထိ၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးသာ ဝင်ရောက်ခဲ့ကာ ယခုဘဏ္ဍာ နှစ်အသစ်အစ ၂၀၁၈-၁၉ (နိုဝင်ဘာလ ကုန်အထိ) တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်းမရှိသေးကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ