By Myanmar Times, Shweproperty.com
Updated at 21 February 2019
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ယခုနှစ်လယ်ခန့်တွင် အတည်ပြုပေါ်ထွက်နိုင်မည်ဟု မျှော်မှန်းထားပြီး ဥပဒေ ပြဋ္ဌာန်းပြီးပါက အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တွင် တွေ့ရလေ့ရှိသော အခက်အခဲများကို ကောင်းစွာ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ အကျိုးဆောင်များအတွက် တိကျသော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များမရှိသေးဘဲ မိရိုးဖလာပုံစံမျိုးဖြင့်သာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြပြီး အဆိုပါဥပဒေအရ အကျိုးဆောင် လုပ်ကိုင်မည့်သူများမှာ ယာယီလိုင်စင်များ လျှောက်ထားရန် လိုအပ်သည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းပြီးနောက် အိမ်ခြံမြေဈေးကွက် တွင် တွေ့ရလေ့ရှိသော ရောင်းမှားဝယ်မှား ပြဿနာများ နှင့် မြေဈေးနှုန်းကစားနေသော ကိစ္စရပ်များကို ကောင်းစွာကာကွယ်သွားနိုင်မည်ဖြစ်သည်ဟု ဦးတင်မောင်ကပြောသည်။ ထို့ပြင် အခြားသော အာဆီယံနိုင်ငံများ နည်းတူ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ရှိလာမည်ဖြစ် သည့်အတွက် နိုင်ငံခြားသားများနှင့် ချိတ်ဆက် အလုပ် လုပ်ရန် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
"ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဥပဒေကြမ်းကို အတည်ပြုပြီးပြီ။ ထပ်ဆွေးနွေးရမယ့် အချက် တချို့ပြီးရင် လာမယ့် မေ၊ ဇွန်လထက် နောက်မကျဘဲ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို အတည်ပြုနိုင်မယ် မှန်းပါတယ်။ ဒီဥပဒေ ပေါ်ပေါက်တာက နိုင်ငံနဲ့ အိမ်ခြံမြေလောကအတွက် ကောင်းတဲ့အလားအလာပါ။ အကျိုး ဆောင်တွေအတွက် လိုင်စင်ကိစ္စ ပေါ်ပေါက်သင့်တာကြာပြီ။ ဗဟိုတိုင်းအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ တွေရှိလာမှာဖြစ်လို့ ဈေးကွက်မှာ မြေဈေးနှုန်းကစားမှုတွေကိုလည်း အထိုက်အလျောက် ထိန်းချုပ်သွားနိုင်မယ်"ဟု ၎င်းကပြောသည်။
အကျိုးဆောင်လိုင်စင်မရှိသဖြင့် အိမ်ခြံမြေဈေးကွက် တွင် တရားမဝင်ကျူးကျော်နေရာများကို မသမာသူများမှ ရောင်းဝယ်နေသော ကိစ္စများလည်း ရှိနေကာ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း အတုအပများကို အငြင်းပွားရသော ကိစ္စများလည်း ကြုံရလေ့ရှိသည်။ ထို့ပြင် နိုင်ငံခြားသားလုပ်ငန်းရှင်များကလည်း လက်လွတ်စပယ် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ထိုအချက်များမှာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကိုလည်း တွန့်ဆုတ်စေသည်။
"လိုအပ်တဲ့ဥပဒေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဝိုင်းဝန်းလုပ်ဆောင်နေတာပါ။ လိုင်စင်မရှိတော့ နိုင်ငံတစ်ဝန်းလုံးမှာ ပြဿနာတစ်ခုခုရှိလာရင် ထိန်းချုပ်ဖို့ ခက်ပါတယ်။ လိုင်စင်မှတ်ပုံတင်နှုန်းထားကိစ္စကို နည်းဥပဒေမှာ ထည့်သွင်းဆွေးနွေးကြမှာပါ။ နှုန်းထားကိုလည်း မြန်မာပြည်တစ်ပြည်လုံးက အကျိုးဆောင်တွေ၊ ရပ်ကွက် ကျေးရွာတွေက အကျိုးဆောင်တွေထိပါ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားမယ့် နှုန်းထားမျိုးပဲဖြစ်ဖို့အိမ်ခြံမြေအသင်းက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်သွားကြမှာပါ"ဟု ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။
ဥပဒေအရ ယာယီလိုင်စင် သို့မဟုတ် လိုင်စင်မရှိပါက ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရမည်မဟုတ်ဘဲ ဖောက်ဖျက်လျင် ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်ခံရမည်ဖြစ်သည်။
"လိုင်စင်၊ ဥပဒေနဲ့ တိတိကျကျအလုပ်လုပ်နိုင်ရင် (အိမ်မြေကဏ္ဍနဲ့ဆက်စပ်ပြီး) နိုင်ငံတော်လည်း အခွန်ပို ရမယ်။ အကျိုးဆောင်တွေအနေနဲ့လည်း ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်လို့ရတယ်။ ကိုယ်ကလည်း တရားဝင်အခွန်ဆောင်လုပ်ကိုင်နေတဲ့အတွက် ဥပမာ သက်ဆိုင်ရာရုံးဌာနတွေကို ဝင်ထွက်ရတဲ့အခါ ကိုယ်လိုအပ်တဲ့ အချက်တွေကို တရားဝင် မေးမြန်းလို့ရတယ်"ဟု ဦးတင်မောင်က ပြောသည်။
ပြောင်းလဲလာသော ခေတ်အခြေအနေအရ အကျိုးဆောင်များ တိုးတက်ရန်အတွက် လိုက်ပါပြောင်းလဲ နိုင်ရန် လိုအပ်နေသည်။ သို့သော် နှစ်ပေါင်းများစွာ မိရိုးဖလာပုံစံဖြင့် လုပ်ကိုင်လာကြသည့်အတွက် အကျိုးဆောင်အချို့မှာ လိုင်စင်လုပ်ရမည်ကို ဘဝင်မကျခြင်းနှင့် လိုင်စင်လုပ်ဆောင်ခြင်းဖြင့် မည်သို့အကျိုးကျေးဇူးရှိမည်ကို မသိဘဲ လိုင်စင်ကြေးပေးရမည်ကိုသာ တွေးနေခြင်းများရှိကြောင်း မန္တလေးမြို့ခံ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။
"ထဲထဲဝင်ဝင် သဘောပေါက်လာကြရင်တော့ ကောင်းတာပေါ့။ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒီလောကထဲမှာ ရေရှည်လုပ်ကိုင်စားသောက်မယ့်သူတွေအတွက်တော့ ကောင်းတဲ့ကိစ္စပါပဲ"ဟု ၎င်းကပြောသည်။
အိမ်ခြံမြေဈေးကွက်တွင် မန္တလေးမြို့၌ ၁၉၉၇ ခုနှစ်က မြေဈေးနှုန်းကစားမှု ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်လည်း အလားတူဖြစ်ခဲ့သဖြင့် အရောင်းအဝယ်သိသာစွာ လှုပ်ခတ်ခဲ့သည်။ ထို့နောက် အရောင်းအဝယ်မှာ ကာလရှည်ကြာစွာ နှေးကွေးခဲ့ပြီး ဈေးနှုန်းကျဆင်း မှုမှာလည်း လက်ရှိတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလ များတွင် အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည်။
အရောင်းအဝယ်ကျဆင်းရခြင်းနှင့် အိမ်မြေဝယ်ယူရာတွင် တရားဝင်အခွန်ဆောင်ကာ အမည်ပေါက် စာချုပ်မချုပ်ဆိုကြခြင်းမှာ အခွန်နှုန်းထားသတ်မှတ်ချက်မြင့်မားမှုက အဓိကအကြောင်းရင်းဖြစ်နေပြီး အခွန်ဆောင်ရန် သတ်မှတ်ထားသော အိမ်မြေ စံနှုန်းသတ်မှတ်ချက် (ရာဖြတ်တန်ဖိုး)များမှာ ဈေးကွက်တွင် လက်တွေ့ဖြစ်နေသော ဈေးနှုန်းနှင့် ကိုက်ညီရန် လိုအပ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ထောက်ပြကြသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂၀၁၈•၁၉ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရန် (ရာဖြတ်တန်ဖိုး) သတ်မှတ်ချက်အရ မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ် မြို့နယ်ခြောက်မြို့နယ်အတွင်း အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၀၂၀ဝ အထိ သတ်မှတ်ထားသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ