By Myanmar B2B Management Magazine, Shweproperty.com
Updated at 1 November 2017
အိမ်ခြံမြေပွဲစားတွေရဲ့ဈေးကစားမှုကို ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပြီး ထိန်းချုပ်သွားမယ်လို့ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ကိုကိုဦး (ဘီးလင်း) ရဲ့ အိမ်ခြံမြေဈေးကစားသူတွေက နေထိုင်ဖို့ မဟုတ်ဘဲ ဝယ်ယူပြီး လက်ဝါးကြီးအုပ်ခြင်းကနေ အကာအကွယ်ပေးနိုင်ဖို့ ပိုင်ဆိုင်မှုအခွန် ကောက်ခံဖို့ အစီအစဉ်ရှိမရှိ မေးခွန်းနဲ့ပတ်သက်ပြီး ဒုဝန်ကြီးက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ပစ္စည်းခွန်ကောက်ခံတာနဲ့ပတ်သက်ပြီး လက်ရှိ တိုင်းနဲ့ပြည်နယ် အသီးအသီးမှာ စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ်နှုန်းထား အတိုင်း ကောက်ခံနေပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် သီးခြားပြဋ္ဌာန်းထားတဲ့ ပစ္စည်းခွန်ဥပဒေ မရှိသေးတဲ့အတွက် ပစ္စည်း ခွန်ကောက်ခံခြင်းအပေါ် ကြီးကြပ်နိုင်ဖို့ ဥပဒေတစ်ရပ် ပြဋ္ဌာန်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့ နေချုပ်ရုံးကို ပေးပို့ထားပြီး ဥပဒေအကြံဉာဏ်တွေ တောင်းခံထားတာဖြစ်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းပြီးရင် နှစ်စဉ် မြေ၊ အဆောက်အဦ ငှားရမ်းခစံနှုန်း သတ်မှတ် ချက်တန်ဖိုးကို သတ်မှတ်ပြီး ကျသင့်တဲ့ပစ္စည်းခွန်ကို ကောက်ခံမှာ ဖြစ်တဲ့အတွက် အိမ်ခြံမြေ ဈေးကစားသူတွေရဲ့ နေထိုင်ဖို့ မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်းကနေ တားဆီးသွားနိုင်မှာ ဖြစ်တယ်လို့ ဒုဝန်ကြီးကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ အလွန်များပြား နေပြီး မြေယာက လက်ဝါးကြီး အုပ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသလို နိုင်ငံသားတစ်ယောက်က တခြားနေစရာမရှိသော နိုင်ငံသားတစ်ယောက်ရဲ့ နေထိုင်ခွင့်ကိုပါ ဝယ်ယူစုဆောင်းပြီး ဈေးကစားနေတဲ့အတွက် အများပြည်သူ မနစ်နာရန်အတွက် ကာကွယ်တားဆီးပေးဖို့ လိုအပ်နေတယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးကပြောပါတယ်။
Ref : Myanmar B2B Management Magazine
Photo Credit : mmbiztoday
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ