By Myanmar Times, Shweproperty.com
Updated at 16 August 2019
ဆောက်လုပ်ရေးကဏ္ဍမှာ ပေးဆောင်နေရတဲ့ ဝင်ငွေခွန် တွေကို လျှော့ချပေးဖို့ လုပ်ငန်းရှင်တွေဟာ အစိုးရကို နှစ်စဉ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ယခင်နှစ်က တင်သွင်းခဲ့တဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေ ကြမ်းမှာလည်း ဝင်ငွေခွန်လျှော့ချပေးဖို့အချက် ပါဝင် ခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေကို အတည်ပြုလိုက်တဲ့အချိန်မှာ ဝင်ငွေခွန်လျှော့ချပေးမယ့်အချက်ကို ထည့်သွင်းထား တဲ့ ပုဒ်မဟာ မပါဝင်ခဲ့ပါဘူး။ အခွန်သက်သာခွင့်ကို ချန်လှပ်ထားခဲ့တဲ့ကိစ္စဟာ စီးပွားရေးကဏ္ဍကြီးတစ်ခု လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က ပြည်ထောင်စုလွှတ်တော် မှာ ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေ ကြမ်းကို တရားဝင်တင်သွင်းခဲ့ပြီး ဒီဥပဒေရဲ့ ပုဒ်မ ၂၅ မှာ လုပ်ငန်းရှင်တွေတောင်းဆိုခဲ့ကြတဲ့ ဝင်ငွေခွန်တွေ လျှော့ချပေးဖို့အချက်လည်း ပါဝင်လာပါတယ်။
ယခုနှစ်အတွက် တင်သွင်းတဲ့ ဥပဒေကြမ်းမှာလည်း အခွန်သက်သာခွင့် ပြန်လည်ပါဝင်လာခဲ့ပြီး လျှော့ချ ပေးဖို့ လျာထားချက်ဟာ နှစ်ကြိမ်တိတိတင်ပြခဲ့ပြီဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ အခွန်လျှော့ချပေးဖို့ကို ထည့် သွင်းစဉ်းစားပေးသင့်နေပြီလို့MKT ဆောက်လုပ်ရေးကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုပါတယ်။
"တင်တာလည်း နှစ်ကြိမ်ရှိပြီဆိုတော့ နိုင်ငံတော်ရဲ့ အခြေအနေအရ အခွန်လျှော့မှကိုဖြစ်မှာလေ၊ စီးပွား ရေးအခြေအနေကလည်း အရမ်းတုံ့နှေးနေတယ်၊ အခွန်တွေဈေးကြီးနေတော့ အရောင်းအဝယ်တွေ မလုပ်ကြတော့ဘူး၊ နိုင်ငံအတွက် လိုအပ်လို့ လုပ်ရတာဖြစ်တဲ့ အတွက် ကိုယ်စားလှယ်တွေလည်း ဒီတစ်ခါတော့ ထောက်ခံမယ်ထင်ပါတယ်"ဟု ဦးမျိုးမြင့်က ပြော ပါတယ်။
လက်ရှိတင်ပြထားတဲ့ အခွန်ပမာဏအတိုင်းသာ လွှတ်တော်က ခွင့်ပြုခဲ့မယ်ဆိုရင် အိမ်ခြံမြေဈေးကွက် ထဲမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ များပြားလာပြီး အိမ်ခြံမြေဈေးကွက် တိုးတက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ကျော်စိုးက ပြောပါတယ်။
"လက်ရှိအနေအထားအရ အခွန်လျှော့ပေးဖို့က တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတင်ပြထားတဲ့နှုန်း ထားအတိုင်းတော့ ဖြစ်ချင်မှဖြစ်မှာပေါ့"လို့ ဦးကျော် ကျော်စိုးက ဆိုပါတယ်။
ဥပဒေကြမ်းမှာ ရေးဆွဲထားတဲ့ အခွန်သက်သာခွင့်နှုန်းထားတွေကတော့ ငွေတစ်ကျပ်မှ ကျပ်သိန်း ၁ဝဝဝ ကြားတန်ဖိုးရှိ ပစ္စည်းများဝယ်ယူရင် အခွန် သုံး ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝ နှင့် ၃ဝဝဝ ကြားဆိုလျှင် အခွန် ငါး ရာခိုင်နှုန်း သိန်း ၃ဝဝဝ နှင့် ၃၀ဝဝဝ ကြား တန်ဖိုးရှိ ပစ္စည်းများဝယ်ယူလျှင် အခွန် ၁၀ ရာခိုင်နှုန်းနှင့် ငွေကျပ် သိန်း ၃၀ဝဝဝ အထက် တန်ဖိုးရှိပစ္စည်း များ ဝယ်ယူလျှင် အခွန်ငွေ ၃၀ ရာခိုင်နှုန်း စည်းကြပ် ကောက်ခံရမယ်လို့ ဖော်ပြပါရှိပါတယ်။
ယခင်နှစ်ထက် ထူးခြားတဲ့အချက်ကတော့ အခွန်နှုန်းထားတွေကို တစ်ပြေးညီမသတ်မှတ်ဘဲ ဝယ်ယူတဲ့ တန်ဖိုးအလိုက် ခွဲခြားသတ်မှတ်လိုက်တာဖြစ်ပါတယ်။ ယခင်နှစ်ရဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းမှာတော့ အခွန်တွေကို ၃၀ ရာခိုင်နှုန်းကနေ ပထမခြောက်လပတ်မှာ သုံး ရာခိုင်နှုန်း၊ ဒုတိယခြောက်လပတ်မှာ ငါး ရာခိုင်နှုန်းထိ လျှော့ချပေးမယ်လို့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းရဲ့ ပုဒ်မ ၂၅ မှာ ပါဝင်ခဲ့ တာပဲ ဖြစ်ပါတယ်။
"အခွန်တွေကို အလွှာလိုက် ခွဲခြားသတ်မှတ်လိုက် တော့ သာမန်နေထိုင်ဖို့ အိမ်ခန်းတိုက်ခန်းတွေ ဝယ်တဲ့သူတွေက အခွန်သက်သာသွားမယ်၊ ပိုက်ဆံရှိလို့ ထပ်ပြီးဝယ်တဲ့သူတွေကတော့ အခွန်ပိုဆောင်ရမှာပေါ့၊ ဒါကဝယ်ယူသူတွေအတွက် ပိုကောင်းတဲ့အချက်ဖြစ်ပါတယ်"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။
အခွန်ပမာဏလျော့နည်းသွားပြီး နိုင်ငံတော်ကို တိုက်ရိုက်ပေးသွင်းရတဲ့အတွက် လာဘ်ပေးလာဘ်ယူမှု တွေလည်း လျော့နည်းသွားမှာဖြစ်တယ်လို့ ဆောက် လုပ်ရေးကဏ္ဍလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
အခွန်လျှော့ချပေးလိုက်တာနဲ့ တစ်ဆက်တည်းမှာ ပြည်သူအများစုက ငွေမည်းတွေစီးဝင်လာမှာကို စိုးရိမ် ပူပန်မှုတွေရှိနေတဲ့အတွက် အစိုးရအနေနဲ့ ငွေကြေးခဝါချမှုတွေမဖြစ်အောင် တိတိကျကျလုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ဦးကျော်ကျော်စိုးက ပြောပါတယ်။
"တစ်ခုရှိတာက ငွေမည်းတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အိမ်ခြံမြေဈေးတွေက အဆမတန်တက်သွားမှာလည်း စိတ်ပူစရာရှိပါတယ်၊ ဒါကိုပြန်ပြီးထိန်းချုပ်နိုင်တဲ့ အစီအမံတွေရှိရင်တော့ အကောင်းဆုံးပေါ့"လို့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
အခွန်နှုန်းတွေလျှော့ချပေးလိုက်ခြင်းဟာ အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်အတွက် အထောက်အကူ ဖြစ်စေပေမဲ့ ရေရှည်မှာ ငွေမည်းတွေကို ငွေဖြူပြောင်းဖို့အခွင့်ရေးပေးသလို မဖြစ်ရအောင် ပိုင်ဆိုင်မှုအခွန် ကောက်ခံတဲ့စနစ်ကို ကျင့်သုံးဖို့ လိုအပ်ကြောင်းလည်း ဦးကျော်ကျော်စိုးက အကြံပြုပြောဆိုပါတယ်။
"အခွန်ဆောင်ရတဲ့သူတွေအကုန်လုံးကို ငွေမည်းပဲ ထင်နေရင်တော့ မှားနေပြီ။ မြန်မာနိုင်ငံမှာ အခွန်ယဉ်ကျေးမှု မထွန်းကားသေးတော့ ဘိုးဘွားစဉ်ဆက် ချမ်းသာလာပြီး အရင်က အခွန်မဆောင်ခဲ့ဘဲ အခုမှအခွန်ဆောင်ချင်တဲ့သူတွေလည်း ရှိမှာပဲ၊ ဒီလူတွေ အခွန်ဆောင်လာရင် နိုင်ငံတော်အတွက်လည်း အကျိုးရှိတယ်"လို့ ဦးမျိုးမြင့်က အခွန်နှုန်းထားတွေလျှော့ချဖို့ လွှတ်တော်ကိုတင်သွင်းလာခြင်းနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ် သူ့ရဲ့အမြင်ကို ပြောပါတယ်။
အခွန်သက်သာခွင့်ပေးတာဟာ အိမ်ခြံမြေကဏ္ဍအတွက် အခြေခံအရေးပါတဲ့ အချက်တစ်ခုဖြစ်ကြောင်း၊ ဒီအချက်ကို မလုပ်ပေးနိုင်သေးဘဲ အစိုးရအနေနှင့် တခြားလုပ်ဆောင်ပေးရမယ့် ကဏ္ဍတွေဖြစ်တဲ့ ဘဏ်ချေးငွေ၊ အတိုးနှုန်းလျှော့ချပေးရေးကိစ္စရပ်တွေကို လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အများစုက ဆိုကြပါတယ်။
အိမ်ခြံမြေဈေးကွက် အေးစက်နေတာကလည်း ငါးနှစ်ကျော်ရှိလာပြီး အခွန်သက်သာခွင့် နှစ်နှစ်၊ သုံးနှစ်ခန့် ဖြေလျှော့ပေးလိုက်ပါက အိမ်ခြံမြေဈေးကွက် ပြန် ကောင်းလာနိုင်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
၂၀၁၄ နောက်ပိုင်းကစပြီး မြန်မာတစ်နိုင်ငံလုံးမှာ အိမ်ခြံမြေအခွန်ဆောင်တဲ့နှုန်းထား တဖြည်းဖြည်း လျော့ကျလာတဲ့အတွက် နိုင်ငံအတွက်သာမက အိမ်ခြံမြေလုပ်ငန်းကို အမှီသဟဲပြုနေတဲ့သူတွေလည်း အခက် အခဲများ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က ဆိုပါတယ်။
"တစ်ကြိမ်သာ ဝယ်ယူနိုင်တဲ့ ပြည်သူတွေအတွက် အခွန်လျှော့ပေါ့ပေးဖို့ လိုအပ်ပါတယ်၊ အများပြည်သူတွေအားလုံး အိမ်ပိုင်ဆိုင်နိုင်ဖို့၊ နှစ်ရှည်ဝယ်ယူခွင့်ရရှိဖို့လည်း လိုအပ်ပါတယ်"လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။
ဒါ့ပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အတွက် အခွန်နှုန်းတွေလျော့ကျသွားတဲ့အခါ စီးပွား ရေးကဏ္ဍအတွင်း ငွေလည်ပတ်မှုများလည်း များပြားလာနိုင်ကြောင်း၊ လုပ်ငန်းအရွယ်အစားမျိုးစုံမှာ အခွန် သက်သာခွင့်ရပြီး ငွေလည်ပတ်လာနိုင်ပါက အလုပ် အကိုင်အခွင့်အလမ်း တိုးတက်လာနိုင်တာကြောင့် အခွန်ငွေတွေလျှော့ချပေးဖို့ ကြိုးစားလာတာကို ကြိုဆို ပါတယ်လို့လည်း ဦးမျိုးမြင့်က ဆိုပါတယ်။
လက်ရှိနိုင်ငံ့စီးပွားရေးအခြေအနေအရ ငွေလည်ပတ်မှုကျဆင်းနေပြီး အခွန်နှုန်းထားတွေ လျှော့ချပေး လိုက်ပါက ငွေလည်ပတ်မှုကောင်းလာပြီး စီးပွားရေး ကဏ္ဍအရလည်း တိုးတက်ပြောင်းလဲမှုတွေရှိလာနိုင်တယ်လို့လည်း ဦးကျော်ကျော်စိုးက ဆိုပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ