By The Trade Times, Shweproperty.com
Updated at 6 August 2015
မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း ဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိဘဲ အမြင့်ဈေးဖြင့် ရပ်တန့်နေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးနေရခြင်းမှာ (၂၀၁၄) ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာ စတင်ခဲ့ကြောင်း သိရသည်။ ယင်းကာလမှ စတင်ကာ အရောင်းအဝယ်များ သိသိသာသာ ကျဆင်းလာခဲ့ပြီး ယခုအချိန်တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရောင်းအဝယ်ဈေးကွက် အေးနေကြောင်း သိရသည်။
"အရောင်းအဝုယ် အေးတာကတော့ ပြောမနေပါနဲ့တော့။ အခွန်သတ်မှတ်လို့ ဆိုတဲ့ အချိန်တည်းက အေးလာတာ အခုအထိပဲ။ (၂၀၁၅) ခုနှစ်စကတော့ တက်သယောင်၊ ကောင်းသယောင် ပြလိုက်သေးတယ်။ တကယ်တော့ ထင်သလောက်မဖြစ်ခဲ့ပါဘူး"ဟု ရွှေမိသားစု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးလေးမြင့် ပြောသည်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးရခြင်းမှာ ရွှေဈေးများ မြင့်တက်ခြင်းနှင့် မြန်မာကျပ်ငွေဈေး တန်ဖိုးကျခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ အသွက်နှင့် အတက်ဘက်သို့ ဦးတည်နေခဲ့ပြီး မိုးတွင်းကာလများတွင်ပါ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Lucky Star အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ သိရသည်။
"၂၀၁၄ နှစ်စတုန်းက အရောင်းအဝယ် အရမ်းကောင်းခဲ့တယ်။ အရောင်းအဝယ်အပြင် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းမှာလည်း ကန်ထရိုက်ဆောက်တာတွေ ပေါ်ပြူလာ ဖြစ်နေချိန်ဆိုတော့ မြေဈေးတွေ အရမ်းတက်တော့ ဝယ်ရောင်းဈေးသွက်ခဲ့တာပါ"ဟု Lucky Star အိမ်ခြံအကျိုးဆောင်လုပ်ငန်းမှ ဦးညီညီလတ်က ပြောသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဈေးကွက်အေးနေသည်ဟု ဆိုသော်လည်း ၂၀၁၅ နှစ်စပိုင်းတွင် မန္တလေးအိမ်ခြံမြေ ဈေးကါက်မှာ အနည်းငယ်မျှ အရောင်းအဝယ်ရှိခဲ့ပြီး ပြင်ဦးလွင်အိမ်ခြံမြေ ဈေးကွက်တွင်မူ အရောင်းအဝယ် ရှိခဲ့ပြီး ပြင်ဦးလွင်အိမ်ခြံမြေ ဈေးကွက်တွင်မူ အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။
"လူအများစုက ဝယ်ချင်ကြတယ်၊ စီးပွားရေးအဆင်မပြေတော့ မဝယ်ပဲငှားနေကြတယ်။ မဖြစ်မနေမို့သာ ငှားနေကြတာ။ အငှားလည်းအေးတယ်။ အေးနေတဲ့ကြားကနေပဲ ဈေးက တက်လာတယ်"ဟု ဗဟန်းမြို့နယ်မှ အကျိုးဆောင် ဒေါ်ဟန်သီက ပြောသည်။
"မြန်မာနိုင်ငံက အိမ်ခြံမြေရဲ့ အိမ်ခြံမြေဈေးကွက်က ၂၀၁၅ ရွေးကောက်ပွဲပေါ်မူတည်ပြီး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ပြောကြတာပဲ။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း ၂၀၁၅ ခုနှစ်ရောက်တာနဲ့ ဈေးကွက်ပြန် ဦးမော့လာနိုင်တယ်လို့ ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ မျှော်မှန်းထားသလို မဖြစ်ဘူး။ အမှန်တကယ် အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဖို့ဆိုတာ စီးပွားရေးအခွင့်အလမ်း ပိုမို ကျယ်ပြန့်လာဖို့နဲ့ အိမ်ခြံမြေဈေးနှုန်း အတက်အကျကို အချိန်နဲ့တပြေးညီ ထိန်းချုပ်နိုင်မှသာ ဖြစ်နိုင်ပါတယ်"ဟု စီးပွားရေးပညာရှင် ကိုမျိုးမင်းက မြန်မာ့အိမ်ခြံမြေဈေးကွက် အလားအလာနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ပြောပါသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ