By Myanmar Times, Shweproperty.com
Updated at 24 September 2015
အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအဝယ်သိပ်မဖြစ်ပေမယ့် အလုပ်လုပ်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုအရှုပ်အရှင်း ကိစ္စရပ်တွေကို သတိထား အလုပ်လုပ်ဖို့ လိုအပ်ဆဲဖြစ်ကြောင်း အတွေ့အကြုံ ရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ပိုင်ဆိုင်မှုအရှုပ် အရှင်းကိစ္စရပ်တွေ၊ စာချုပ်စာတမ်းကိစ္စ ရပ်တွေ၊ လိမ်လည်မှု ကိစ္စရပ်တွေဟာ အရောင်းအဝယ်ကောင်းနေစဉ်မှာ ဂရုပြု လုပ်ဆောင်ရမှာ ဖြစ်သလို အရောင်းအဝယ် အေးနေချိန်မှာ အလုပ်လုပ်မယ်ဆိုရင် လည်း ပေါ့ပေါ့လျော့လျော့ မလုပ်ဘဲ အလေးထား လုပ်ဆောင်ဖို့လိုအပ်ကြောင်း သိရပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ လည်ပတ်မှု ကောင်းနေပြီး အခုရောင်း၊ အခုပြန်ဝယ်ပုံစံမျိုးနဲ့ အုံးအုံးကျွက်ကျွက်ဖြစ်နေချိန် လက်ပြောင်းလက်လွှဲနဲ့ အမြန်ရောင်းဝယ်လို့ရနေချိန်မျိုးမှာ ခပ်သွက်သွက်အလုပ်လုပ် တတ်ရင်တော့ အရှုပ်အရှင်းကိစ္စတွေဟာ ကိုယ့်လက်ထဲက လွတ်သွားနိုင်ပေမယ့် ဈေးကွက်အေးပြီး အရောင်းအဝယ်မဖြစ် ချိန်ဆိုရင် ကောင်းကောင်း ဒုက္ခရောက်ရ မယ့် ကိစ္စဖြစ်ကြောင်း အကျိုးဆောင်တချို့ က ပြောပါတယ်။ အရောင်းအဝယ် အရှုပ်အရှင်းမှာ စာချုပ် စာတမ်းအတုသာမက အစစ်အတိုင်း ထပ်နေတာမျိုးလည်း တွေ့ရ တတ်တဲ့အတွက် မြေရောင်းဝယ်ရာမှာ တတ်ကျွမ်း နားလည်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ၊ ရှေ့နေရှေ့ရပ်တွေရဲ့ အကူအညီဟာများစွာ အရေးပါနေပါတယ်။
ရောင်းမှားဝယ်မှား ကိစ္စဟာ တန်ဖိုးနည်းတဲ့ အိမ်မြေတွေသာမက တန်ဖိုးများတာတွေမှာပါ တွေ့ရ တတ်ကြောင်း သိရပါတယ်။ ဈေးကွက်အေးနေတဲ့ လတ်တလောအခြေအနေမှာတော့ အရှုပ်အရှင်းကိစ္စ အများဆုံး သတိထားကြရမှာက လယ်မြေနဲ့ လယ်ယာမြေရောင်းဝယ်ခြင်း ကိစ္စတွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာဆိုရင် ပြင်ဦးလွင်နယ်ဘက်မှာ ဖြစ်တတ်ပြီး၊ လူနေကျဲပါးတဲ့ အကွက်အကွင်းတွေဘက်မှာ အရပ်စာချုပ်တွေချုပ်ဆိုကာ ရောင်းဝယ်နေထိုင်တာတွေရှိကြောင်းနဲ့ ဖြေရှင်းဖို့ခက်ခဲတဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်ကြောင်းလည်း ပြောပါတယ်။ အိမ်မြေရောင်းဝယ်ရာ မှာတချို့ဝယ်ယူသူတွေ ဟာပိုင်ဆိုင်မှုမခိုင်မာမှန်း သိပေမယ့်ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းတန်းဖြစ်နေတဲ့အတွက် နောက်မှ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင်လည်း ဖြစ်တဲ့အလျောက် ကြည့်ရှင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့စွန့်စား ပြီး ဝယ်ယူကြတာမျိုးရှိကြောင်းလည်း သိရပါတယ်။
ဒီလိုဝယ်ယူခြင်းအတွက် ဘာမှတ်ချက်မှ မပေးလိုပေမယ့် ရေရှည်နေထိုင်ဖို့ စိတ်ကူး၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနဲ့ ဝယ်ယူ မယ်ဆိုရင်တော့ တတ်ကျွမ်းသူတွေရဲ့အကူအညီနဲ့ အဘက်ဘက်က ပြည့်စုံအောင် စိစစ်သွားသင့်ကြောင်း အကျိုးဆောင်တချို့က အကြံပြုကြပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ