By Aye Mon (KMD), Shweproperty.com
Updated at 1 September 2015
အိမ်ခြံမြေက နောက်နှစ်လောက်မှသာ ဈေးကွက်ပြန်ကောင်းလာနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတစ်ချို့ သုံးသပ်ကြပါတယ်။
အိမ်ခြံမြေ ဈေးကွက်အပြောင်းအလဲကို အများစုက လာမယ့် ရွေးကောက်ပွဲအပေါ် စောင့်ကြည့်ကြတာပါ။ ရွေးကောက်ပွဲ အပြီးဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကလည်း ဈေးကွက်ကို ပြောင်းလဲစေနိုင်တယ်။ လက်ရှိဈေးနှုန်း မတည်ငြိမ်တဲ့ ရွှေနဲ့ ဒေါ်လာဈေးကွက်ကလည်း အကျိုးသက်ရောက်မှု အနည်းငယ် ရှိပါတယ်။
အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တွေ၊ မထွက်ရှိသေးတဲ့ ဥပဒေတွေကလည်း ဈေးကွက်ကို အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "ပြီးခဲ့တဲ့ ဇွန်လပိုင်းလောက်ကတော့ အပြောင်းအလဲတွေရှိလာတယ်၊ ကျပ်သိန်းသောင်း ဂဏန်းတွေပါ အဝယ်ရှိလာတာ တွေ့ရတယ်၊ အခုက တချို့အကွက်ကြီးသမားတွေက လှျှော့ဈေးနဲ့ ထုတ်ချင်တယ်၊ ဈေးခေါ်ပေမယ့် ဝယ်သူက ပျောက်နေတယ်၊ ဒေါ်လာနဲ့ ရွှေဈေးကမငြိမ်ဘူး၊ ဘဏ်ကောလဟလ တွေနဲ့ရော နိုင်ငံရေးအပြောင်းအလဲတွေက ရှိနေတော့ အားလုံးက အခြေအနေ ကြည့်နေကြတာပါ၊ အရင်က ရွေးကောက်ပွဲပြီးရင် ဈေးကွက်လှုပ်တယ်၊ အခုကတော့ မဖြစ်နိုင်လောက်တော့ဘူး၊ ဈေးကွက်ကတော်တော် ငြိမ်နေတယ်"လို့ ပြောပါတယ်။
မလှုပ်ပါ
အရင်က ဒေါ်လာဈေး၊ ရွှေဈေး အပြောင်းအလဲရှိလာရင် အိမ်ခြံမြေဘက်ကလည်း လှုပ်ခတ်လာတတ်ပေမယ့် သည်နှစ်ထဲမှာတော့ မရှိသလောက် ငြိမ်နေတာပါ။ ဒေါ်လာဈေးတက်ရင် မြန်မာငွေဈေးကျတယ်။ ရွှေဈေးကလည်း မြင့်လာရင် အိမ်ခြံမြေကို ပြန်ပြီး ရင်းနှီးမြှုပ်နှံကြတယ်။ အခုက ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေ လဲလှယ်နှုန်းကပါ မြင့်နေတာပါ။ ဘာကြောင့်ဆိုတာကို ထောက်ပြဖို့လည်း အကြောင်းအရာ အတိအကျ မရှိပေမယ့် အရင်က စီးပွားရေး ရင်းနှီးမြှုပ်နှံကြတဲ့ ကား၊ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေစတဲ့ ဈေးကွက်တွေက မထင်မှတ်လောက်အောင် အပြောင်းအလဲတွေ ရှိတာကြောင့် အရင်ကလို ဈေးကွက်ထဲ မဝင်ရဲကြတာလို့လည်း သိရပါတယ်။ လက်ရှိဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာမယ် ခန့်မှန်းနိုင်ဖို့ စောနေသေးတယ်လို့ လုပ်ငန်းရှင်တချို့နဲ့ ကျွမ်းကျင်သူတစ်ချို့က ပြောပါတယ်။
ပထဝီမြေအကျိုးဆောင် ဦးအောင်ကျော်ဝင်းက "ရွေးကောက်ပွဲပြီးတာတောင် အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းဖို့မသေချာဘူး၊ နှစ်ကုန်ပိုင်းလောက် ကောင်းနိုင်ခြေရှိတယ်၊ အရောင်းအဝယ် ပြန်ကောင်းဖို့က ဈေးကွက်အပြောင်းအလဲနဲ့ လိုအပ်ချက်တွေအားလုံး အံဝင်ကြမှ ဖြစ်လာနိုင်မယ်"လို့ ပြောပါတယ်။
တချို့ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာဘက်နဲ့ ကမ္ဘာ့ရွှေဈေးဘက်ကိုလှည့်ပြီး ဈေးကစားတာမျိုးရှိတယ်လို့ သိရပါတယ်။ ဥပဒေစံနှုန်း သတ်မှတ်ချက်တွေကလည်း ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။
မထွက်သေးတဲ့ ကွန်ဒိုဥပဒေနဲ့ ပြဌာန်းဖို့ရှိတဲ့ ဥပဒေထွက်ရှိလာဖို့ကို မျှော်လင့်နေကြတာလည်း ရှိပါတယ်။ ဥပဒေ အပြောင်းအလဲတွေလည်း ရှိနိုင်တာကြောင့် အခုအချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ မဝင်ရဲကြတာလို့ ဆိုတယ်။ ကွန်ဒိုဥပဒေ အတည်တကျထွက်လာခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်း ရွေးကောက်ပွဲနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမယ့် အချိန်မှာ အိမ်ခြံမြေဈေးကွက်အတွက် အခြေအနေကောင်းတစ်ခု ပြန်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က "အခုအချိန်မှာ maybe နဲ့ပဲ ဝယ်နေကြတာ၊ ဈေးတန်တာရှိရင် ဝယ်မယ်၊ ဈေးကို မပြတ် စုံစမ်းနေတယ်၊ ဝယ်ချင်တဲ့သူတွေဆို ကိုယ့်စိတ်ကြိုက်နေရာနဲ့ ဈေးတန်းကို သိအောင်တော့လုပ်ထားပေါ့၊ ငွေနိုင်တဲ့သူကတော့ နိုင်မှာပဲလေ၊ ငွေပိုမရှိရင်တော့ မြန်မြန်ဝယ်၊ မြန်မြန်ရောင်းပဲ၊ မဟုတ်ရင်တော့ ဈေးကွက်ထဲ ဝင်မကစားတာ အကောင်းဆုံးပဲ"လို့ ပြောပါတယ်။
Ref : Aye Mon (Kumudra)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ