By The Trade Times, Shweproperty.com
Updated at 14 September 2015
ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အရောင်းအဝယ်များ အေးနေရာမှ အရောင်းအဝယ် လိုက်လာသော်လည်း အမြင့်ဈေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ရန်ကုန်မြို့ တစ်ခုတည်းတွင်သာမက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် အေးစက်နေသည်မှာ ကာလကြာခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းများမှာလဲ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကြောင့် အမြင့်ဈေးတွင်သာ ရပ်တန့်လျက်ရှိခဲ့သည်။
"အိမ်ခြံမြေဈေးနှုန်းတွေက မြင့်တက်နေပြီး အရောင်းအဝယ် အေးနေတာ။ အခုက ဝါဝင်ပြီးမှ အရောင်းအဝယ် ဖြစ်နေတယ်။ ပြောထားတာ ကြာနေပြီ ဆိုပေမယ့် ဒီရက်ပိုင်းမှပဲ အရောင်းအဝယ ်ပြန်ဖြစ်လာတယ်"ဟု ငြိမ်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းအိက ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာ ပြန်လည်ဦးမော့လာသယောင် ရှိသော်လည်း ဈေးကွက်လည်ပတ်အား ကောင်းလာသည့်အနေအထားသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။ အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၅ ခုနှစ် နှစ်ကုန်မှာ ပြန်လည်ကောင်းလာနိုင်သည် ဆိုသော်လည်း ဘက်စုံ ပြောင်းလဲမှု ရှိမှသာ ပြောင်းလဲလာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"အိမ်ခြံမြေဈေးကွက်က ရွေးကောက်ပွဲ ပြီးရုံနဲ့ ပြောင်းလဲလာမှာ မဟုတ်ဘူး။ နိုင်ငံရေး အပြောင်းအလဲနဲ့ အညီ စီးပွားရေးအခြေအနေပါ ပြောင်းလဲလာနိုင်ဖို့ လိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲတော့ ဖြစ်ပြီး ဒေါ်လာဈေးက မကျရင်တော့ ဆောက်လုပ်မှု ကုန်ကျစရိတ်က ကျမှာ မဟုတ်ဘူး။ အဲဒီတော့ တိုက်ခန်းဈေးတွေကလည်း တက်နေမှာပဲ။ အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်ချင်ရင်တော့ ပွဲစားတွေ ထိန်းချုပ်နိုင်ဖို့ လိုလိမ့်မယ်"လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတစ်ခုတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ ဦးညီက ပြောသည်။
လက်ရှိတွင် အရောင်းအဝယ် ဖြစ်နေသည့် မြို့နယ်များမှာ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များ၊ ရွှေပေါက္ကံမြို့သစ်၊ မရမ်းကုန်းမြို့နယ်များတွင် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
လက်တလော အရောင်းအဝယ် ဖြစ်နေသည့် ပေါက်ဈေးမှာ မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်တွင် တိုက်ခန်း မြေညီထပ်ကို သိန်း (၇၅၀)၊ တောင်ဥက္ကလာပမြို့နယ်တွင် ပေ ၂၀× ၆၀ မြေကွ့်တစ်ကွက်ကို သိန်း (၇၀၀) ဝန်းကျင်နှင့် တိုက်ခန်း လေးလွှာ ဈေးနှုန်းမှာ သိန်း (၅၀၀) ဝန်းကျင်အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ထို့နောက် စမ်းချောင်းမြို့နယ် အတွင်း ၁၂ ပေ × ပေ ၅၀ အကျယ်၊ အတွင်းလမ်းရှိ တိုက်ခန်းများမှာ မြေညီထပ်ပင် သိန်း (၆၀၀) ဝန်းကျင်ရှိပြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များတွင် ပေ ၄၀ × ၆၀ အကျယ်ရှိ ပါမစ်မြေမှာ သိန်း (၁၅၀) ဝန်းကျင်ရှိနေကြောင်း သိရသည်။
Ref : The Trade Times Journal ပါဆောင်းပါးအား Shweproperty.com မှ ထုတ်နှုတ်ရေးသား ဖော်ပြသည်။
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ