By 7daydaily, Shweproperty.com
Updated at 15 May 2015
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးစက်နေခြင်းကြောင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူအချို့ လုပ်ငန်းခေတ္တရပ်နားခြင်းနှင့် ဝန်ထမ်း လျှော့ချခြင်းများ ပြုလုပ်လာ ကြောင်း သတင်းရရှိသည်။ ‘‘တချို့က ခဏရပ်ထားပြီး တခြားလုပ်ငန်းတွေမှာ အကျိုးဆောင် ဝင်လုပ်နေကြတယ်။ တချို့အကျိုးဆောင်ကုမ္ပဏီတွေ က ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းမှာ ပြောင်းလုပ်ဖို့ စီစဉ်နေကြတယ်’’ဟု သန်လျင်မြို့မှ ပန်းတိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးခင်မောင်ဇော်က ပြောသည်။ ကုမ္ပဏီ ဆက်လက်လည်ပတ်ရန် ပုံမှန်ဝင်ငွေမရရှိသဖြင့် အခန်းငှားရမ်းခ မတတ်နိုင်ခြင်း၊ ဝန်ထမ်းစရိတ် များပြားခြင်းတို့ကြောင့် အကျိုးဆောင်ကုမ္ပဏီ အချို့မှာ ရပ်တည်ရန် ခက်ခဲလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘၂၀၁၅ မှာတော့ အရောင်းအဝယ်က လုံးဝအေးသွားတယ်။ လက်ရှိ အခြေအနေက လုပ်ရကိုင်ရအရမ်းကျပ်နေပြီ။ မေးသူလည်း အရမ်းနည်းသွားပြီ။ ကုမ္ပဏီက အရင်လောက်အဆင်မပြေဘူး။ ဝန်ထမ်းတွေကလည်း ဝင်ငွေနည်းသွားတော့ ထွက်တဲ့လူတချို့ လည်း ရှိတယ်။ ကိုယ်ရေးကိုယ်တာကြောင့် ထွက်သူတွေလည်း ရှိတယ်။ အစုလိုက်၊ အပြုံလိုက် ထွက်တာတော့ မရှိဘူး။ သူတို့ကလည်း လခနည်းတော့ ကော်မရှင်အပေါ်မှာ မှီခိုနေရတာဆိုတော့ ထွက်ကြတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီဆို လုပ်ငန်းလုပ်တာ ၁၀ နှစ်လောက်ရှိပြီ။ ကျွန်တော်ဆိုရင်လည်း ဒီကုမ္ပဏီမှာလုပ်တာ လေး နှစ်ကျော်ပြီ။ အခုလောက်အခြေအနေဆိုးတာ တစ်ခါမှ မကြုံဖူးဘူး’’ဟု အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ‘‘ဒီလိုမျိုး ဝန်ထမ်းတွေ လျှော့ချတာ ဖြစ်တတ်ပါတယ်။ အရင်တုန်းကလည်း ဖြစ်ဖူးတယ်။ စီးပွားရေးသဘောအရ လုပ်ငန်းတွေ အဆင်မပြေရင် ဝန်ထမ်းအင်အား တွေ၊ တခြားစရိတ်တွေ လျှော့ချ တတ်ပါတယ်’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။ လွန်ခဲ့သည့် ၁၉၉၇၊ ၂၀၀၂နှင့် ၂၀၀၆ တို့တွင် ယင်းသို့ ဖြစ်ခဲ့ဖူးကြောင်း ဦးသန်းဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ အိမ်ခြံမြေ အရောင်းအဝယ်များ ရပ်တန့်လုဖြစ်နေခြင်းမှာ အကျိုးဆောင်များထက် မြေနှင့်တိုက်ခန်းများစွာ ဝယ်ထားသူအချို့၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့အပေါ် ပိုမိုအထိနာစေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။ ထို့အပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့သည် ကားအရောင်းပြခန်းလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သောကြောင့် ဝန်ထမ်းအချို့ကို ကားအရောင်းလုပ်သို့ ရွှေ့ပြောင်းခြင်း၊ သုံးလစာပေး၍ ဝန်ထမ်းအင်အားလျှော့ချခြင်းတို့ ပြုလုပ်လာကြောင်း အလုပ်ရွှေ့ ပြောင်းခံရသည့် စမ်းချောင်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ အိမ်ခြံမြေဈေးကွက် ယခုကဲ့သို့ ဆက်လက်အေးစက်နေပါက အိမ်ခြံမြေအကျိုးဆောင်လောကတွင် ကုမ္ပဏီကြီးများသာ ကျန်ရစ်ခဲ့နိုင်ပြီး ကုမ္ပဏီလုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ကိုင်နေသည့် အကျိုးဆောင်ငယ်လေးများ ပြိုလဲနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။ ‘‘ဈေးကွက်က ရပ်နေတယ် ဆိုပေမယ့် အရှုံးအများကြီးခံပြီး ရောင်းတဲ့သူတော့ မတွေ့သေးဘူး။ အများစုက တင်းခံနေကြ တာ’’ဟု အင်းစိန်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ