By Ra Wai, Shweproperty.com
Updated at 25 June 2020
ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်တွင် လက်ရှိတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်းမရှိပဲ မြေကွက်ကျယ်များအား ခွဲခြမ်းရောင်းချမှုများ အရောင်းအဝယ်သွက်နေကြောင်း ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောသည်။
ကိုဗစ်ကာလအတွင်း ပြီးခဲ့သော ဧပြီလနှင့် မေလများတွင် ပြင်ဦးလွင်မြို့တွင် အိမ်ခြံမြေအရောင်းအဝယ် တန့် သွားခဲ့သော်လည်း ယခုဇွန်လတွင် အရောင်းအဝယ် ပြန်ဖြစ်လာကြောင်း၊ ဈေးနှုန်းတန်းအနေဖြင့် အပြောင်း အလဲသိသာစွာမရှိပဲ ကျဆင်းခြင်းမရှိကြောင်း ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဒေါ်ခင်သန်းက ပြောသည်။
"ဧကကျယ် အကွက်တွေကို မဝယ်ကြပေမယ့် အကွက်ရိုက်ရောင်းတာတွေ ဝယ်ကြတယ်။ အခု အရောင်း အဝယ်သွက်တာတွေကတော့ အကွက်ရိုက်ရောင်းတာတွေပေါ့။ ဈေးနှုန်းတွေက ကျပ်သိန်း ၁၅၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၃၀၀ အစားစားပေါ့။ ဈေးနှုန်းက ပုံမှန်တန်းနဲ့ပဲ အရောင်းအဝယ်ဖြစ်ကြတယ်။ ပြင်ဦးလွင်မှာ ကျဈေးမရှိဘူး။ ဈေးနှုန်းတွေက မလျော့ဘူး"ဟု ဒေါ်ခင်သန်းက ပြောသည်။
ကိုဗစ် ၁၉ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေ တည်ငြိမ်လာပါက ဈေးကွက်ပိုမိုကောင်းလာနိုင်ကြောင်း၊ ပြင်ဦး လွင်မြို့တွင်း ဈေးနှုန်းတန်းအနေဖြင့် ကျပ်သိန်း ၁,၀၀၀ မှ ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် အိမ်ခြံမြေများကို စိတ်ဝင်စားသူများပြားကာ ပြင်ဦးလွင် ပဒေသာမြို့သစ်၊ မြနန္ဒာရပ်ကွက်များမှာ အလားအလာကောင်းသော အကွက်အကွင်းများဖြစ်ကြောင်း ပြောသည်။
"တချို့ ငွေမနိုင်သူတွေကျတော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်၊ ၃၀၀ ကျော်တန်တွေ၊ ပေ ၄၀× ပေ ၆၀၊ ပေ ၆၀× ပေ ၈၀ အကျယ်တွေ၊ ဧကကွက်တွေကို ခွဲစိတ်ပြီးရောင်းတာတွေ အရောင်းအဝယ်တော်တော်သွက်ပါတယ်။ ပြင်ဦးလွင်မြို့ကတော့ ကိုဗစ်ကာလမှာလဲ စည်းစည်းလုံးလုံးနဲ့ အကုန်ဝိုင်းဝန်းပြီးလုပ်ကြတော့ အခြေအနေ တည်ငြိမ်ပါတယ်။ ကျေပ်သိန်း ၂၀၀၊ ကျပ်သိန်း ၃၀၀ တန်တွေကတော့ ဝယ်ထားလဲ နေပျော်ပါတယ်"ဟု ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောသည်။
အိမ်ခြံမြေဈေးနှုန်းတန်းအနေဖြင့် ကျဆင်းခြင်းမရှိသော်လည်း ငွေပေါ်လိုသူတချို့အနေဖြင့် ညှိနှိုင်းရောင်းချ ခြင်းမျိုး ရှိခြင်းကြောင့် ဝယ်လက်များအတွက် အားသာချက်ရှိသော ကာလဖြစ်ကြောင်း၊ ကိုဗစ်ကာလ မတိုင်မီ ကလဲ အရောင်းအဝယ်သွက်ခဲ့ကြောင်း ပြောသည်။
ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်မှာ မန္တလေးအိမ်ခြံမြေဈေးကွက်နှင့် ဆက်စပ်မှုရှိပြီး မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ် သွက်လက်လာပါက ပြင်ဦးလွင်ဈေးကွက်ပါ လှုပ်ခတ်လာလေ့ရှိသည်။ ပြင်ဦးလွင်မြို့တွင် မြို့ တွင်းတွင် အဓိကကျသော မန္တလေး လားရှိုးလမ်းကဲ့သို့ မိန်းလမ်းမကြီးပေါ်တွင် တင်သောနေရာများ၊ ကန်တော်ကြီးပတ်လမ်းကဲ့သို့ နေရာများတွင် အိမ်မြေအကျယ်အဝန်းနှင့် အကွက်အကွင်းပေါ်တွင်မူတည်ကာ ကျပ်သိန်းသောင်း ဂဏန်းအထိ ခေါ်ဈေးရှိတတ်သည်။
Ref & Photo Credit: The Myanmar Times
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ