By 7days News, Shweproperty.com
Updated at 24 July 2013
ရှားရှားပါးပါးပြည်တွင်းအခွန်မှ အဆင့်မြင့်ဝန်ထမ်းများအား အိမ်ခြံမြေရောင်းဝယ်မှုများတွင် ပတ်သက်မှုများရှိနေသဖြင့် အရေးယူခဲ့ပြီးနောက် အိမ်ခြံမြေဈေးကွက်တွင် အထူးကိုယ်စားလှယ်လွဲှစာ (Special Power) ဖြင့် ရောင်းချမှုများ ပိုမိုများပြားလာသည်။
“Special Power (အထူးကိုယ်စားလှယ်လွဲှစာ)က သက်တမ်းက တစ်နှစ်ရှိတယ်။ ကိုယ်တိုင်နေမယ့် လူမဟုတ်ဘဲ ပြန်ရောင်းမယ့် လူတွေကျတော့ အမည်မပြောင်းတော့ဘဲ Special Power နဲ့ပဲဝယ်ထားတဲ့ မြေကွက်ကိုပြန်ရောင်းလို့ရတယ်။ နာမည်ပြောင်းဖို့လုပ်ရင် အခွန်ဆောင်ရပြီ” ဟု အိမ်ခြံမြေရောင်းဝယ်ရာတွင် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေတစ်ဦးက ပြောသည်။
အိမ်ခြံမြေရောင်းချရာတွင် မူလအမည်ပေါက်ပိုင်ရှင်က ဝယ်ယူသူအတွက် အမည်ပြောင်းခြင်းနှင့် မြေပုံကူးယူနိုင်ရန်အတွက် ကိုယ်တိုင်လိုက်လံမဆောင်ရွက်နိုင်ပါက အထူးကိုယ်စားလှယ်လွဲှစာရေးပေးပြီးရောင်းဝယ်လေ့ရှိကြသည်။
သို့သော် လက်ရှိတွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ အထူးကိုယ်စားလှယ် လွှဲစာဖြင့် ရောင်းချသော မြေကွက်များ အရောင်းအဝယ်ဖြစ်နေပြီး ဈေးပင်တက်သွားကြောင်း အကျိုးဆောင်များကပြောသည်။
“Special Power ကိုင်ထားတဲ့ ပေ ၄၀ x ၆၀ မြေကွက်ကို ပြီးခဲ့တဲ့ သုံးရက်လောက်က ကျပ်သိန်း ၁၅၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်။ အခုအဲဒီမြေကွက်ကို သိန်း၂၀၀ ကျော်ခေါ်နေပြီ” ဟု Excellence အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုမောင်မောင်ကြီးကပြောသည်။
သို့သော် မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ အခွန်ဝန်ထမ်းအပြောင်းအလဲကြောင့် အရောင်းအဝယ်နှင့် ဈေးနှုန်းအပေါ် ယခုအချိန်ထိ ရိုက်ခတ်မှုမရှိသေးကြောင်း မန်းမြေရာဇာ အိမ်ခြံမြေအကျိုးဆောင်မှ ဦးကျော်ဝင်းကပြောသည်။
မန္တလေး၌ အိမ်ခြံမြေရောင်းဝယ်ရာတွင် အချို့မှာ လူ ငါးဦး၊ ခြောက်ဦး လက်လွဲှရောင်းချသည်အထိ အခွန်ရုံးတွင်စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ အရပ်ကတိဖြင့်သာ စာချုပ်ဆို ရောင်းချနေကြကြောင်း ဦးကျော်ဝင်းကပြောသည်။
အစိုးရက ဇူလိုင်လ ဒုတိယပတ်တွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ ပါဝင်ပတ်သက်ခဲ့သော ပြည်တွင်းအခွန်မှ ဝန်ထမ်း ၉ ဦးအား အနားပေးပြီး ၇ ဦးအား ဌာနပြောင်းကာ ၁၃ ဦးအား အလုပ်မှထုတ်ပယ်ခဲ့သည်။
သို့သော် ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အခွန်ဝန်ထမ်းများ ရာထူးမှ ဖယ်ရှားပြီးနောက် တန်ဖိုးကြီးသည့် အိမ်ခြံမြေအကွက်များ အရောင်းအဝယ်အေးခဲ့ပြီး အထူးကိုယ်စားလှယ်လွဲှစာဖြင့် ရောင်းချသော မြေကွက်များနှင့် တိုက်ခန်းများသာ အရောင်းအဝယ်ဖြစ်လာသည်ဟု အကျိုးဆောင်များက ဆိုသည်။
ယခုကဲ့သို့ အထူးကိုယ်စားလှယ်လွဲှစာများကို အသုံးပြုများလာခြင်းမှာ အထူးအခွန်သက်သာခွင့်ကို ပယ်ဖျက်ပြီးနောက် အခွန်မဆောင်လိုသည့် ဝယ်ရောင်းသမားများက အဓိကပြုလုပ်လာကျခြင်းဖြစ်သည်။
အိမ်ခြံမြေဈေးကွက်၏ အပြောင်းအလဲကို ဖန်တီးပေးခဲ့သည့် အထူးအခွန်သက်သာခွင့်ကို ၂၀၀၇ ခုနှစ် သြဂုတ်လမှ စတင်၍ ပြဋ္ဌာန်းခဲ့သည်။ ရောင်းသူ ၁၀ ရာခိုင်နှုန်း ဝယ်ယူသူ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည့် အထူးအခွန်သက်သာခွင့်စနစ်ကို ငါးနှစ်ကြာပြဋ္ဌာန်းခဲ့သည်။ ၂၀၁၂ ခုနှစ်သြဂုတ်လ နောက်ပိုင်းမှစ၍ အဆိုပါစနစ်ကို ဖျက်သိမ်း၍ မူလစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ပြီး အိမ်ခြံမြေဝယ်ယူရာတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းကောက်ခံခဲ့သည်။
အထူးအခွန်သက်သာခွင့်ပေးခဲ့သည့် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ ရန်ကုန်-မန္တလေးမြို့ကြီးများ၏ အိမ်ခြံမြေဈေးနှုန်းများမှာ တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းအနည်းဆုံးမြင့်တက်ခဲ့သည်။ ပြည်တွင်းစီးပွားရေးတွင် မည်သည့်လုပ်ငန်းမျှ မကောင်းသောကြောင့် ကာလတို၊ ကာလရှည် ရင်းနှီးမြှုပ်နှံသူအားလုံးက အိမ်ခြံမြေတွင် အဓိကမြှုပ်နှံကြပြီး မြှုပ်နှံသူအားလုံး အကျိူးအမြတ်ရှိ၍ အိမ်ခြံမြေဈေးကွက်ကို ယုံကြည်မှုပိုလာကာ ဈေးနှုန်းများ ဆက်တိုက်တက်နေတော့သည်။ ထိုအချိန်တွင် နိုင်ငံရေး၊ အပြောင်းအလဲကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာမည်ဆိုသော်အခါ အစိုးရသစ်လက်ထက် စီမံကိန်းများ ဆောင်ရွက်ရန်ပြင်သောအခါ အိမ်ခြံမြေဈေးများ မိုး ထိအောင်လှေကားထောင်တက်တော့သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုး၍ငွေကြေးချမ်းသာကြွယ်ဝသူများက စက်မှုဇုန် စီမံကိန်းရှိသော နေရာများတွင် မြေဝယ်ထားကြသည်။ ယင်းကြောင့် လက်ရှိလုပ်ငန်းရှင်များနှင့် ပြည်ပမှ ထုတ်ကုန်လုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲများ ဖြစ်ခဲ့သည်။
ထို့ကြောင့် ရန်ကုန်-မန္တလေးမြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းမှာ ဒေသတွင်းနိုင်ငံများတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခဲ့သည်။
အစိုးရသစ်လက်ထက်တွင် ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခဲ့သော်လည်း အိမ်ခြံမြေဈေးနှုန်းကြီးမားမှု အတားအဆီး တစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံတော် အစိုးရကလည်း အိမ်ခြံမြေဈေးနှုန်းကျဆင်းစေရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ အကျိုးဆက်အနေဖြင့် ငါးနှစ်အထူးအခွန်သက်သာခွင့်ကို ဦးစွာဖျက်သိမ်းပြီး ဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသည့်အတွက် ဈေးနှုန်းစံသတ်မှတ်ဖို့ ပြင်ဆင်လာသည်။
“အခွန်ရှောင်တာတွေများပြီး မှန်မှန်ကန်ကန်မလုပ်လို့ အခုလို့ စံသတ်မှတ်ချက်တွေလုပ်ရတာ” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိန်းက ပြောကြားသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အဓိကရင်းနှီးမြှုပ်နှံနေသူများမှာ အရင်အစိုးရလက်ထက်က နာမည်ကြီးလုပ်ငန်းရှင်များ၊ သြဇာအာဏာရှိခဲ့သူများနှင့် ဆက်စပ်မှုများရှိနေသဖြင့် အိမ်ခြံမြေဈေးကွက်မှာ ကိုင်တွယ်ရခက်နေကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ထို့အပြင် ပြည်ပနိုင်ငံများမှ အထူးသဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များကလည်း တရားဥပဒေစိုးမိုးမှုအားနည်းနေသည်ကို အခွင့်ကောင်းယူကာ မြန်မာနိုင်ငံသားများအား အမည်ခံခိုင်းပြီး အိမ်ခြံမြေဈေးကွက်တွင် ဝင်ကစားလျက်ရှိသည်။
Ref : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ