By The Voice Weekly, Shweproperty.com
Updated at 16 December 2011
ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဈေးများလည်း ဖွံ့ဖြိုးတိုးတက်လာစေရန် စည်ပင်သာယာနယ်နမိတ်အတွင်း အထပ်မြင့်လူနေတိုက်ခန်းပါ ဈေး ၁၀ခု ခန့်ကို ဆောက်လုပ်ရေးကုမ္ပဏီများ နှင့် အကျိုးတူပူပေါင်း၍ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) ဌာနမှုးက The Voice Weekly သို့ပြောကြားသည်။
ယခုအစိုးရသက်တမ်းအတွင်း အဆိုပါအဆင့်မြင့်ဈေးများကို အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ကို မှု ယခုအချိန်တွင် အတိအကျပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“အနည်းဆုံးလေး၊ ငါး၊ ခြောက် ဈေးကနေ ဆယ်ဈေးလောက်ထိဆောက်ဖြစ်မှာပါ။ နေရာကတော့ အချက်အချာကြတဲ့ နေရာတွေပဲဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါတည်ဆောက်မယ့် ဈေးများသည် ယခင်ကရှိပြီးသား ဈေးများကို ပြန်လည်တည်ဆောက်မည့် အစီအစဉ်ဖြစ်ကြောင်း၊ မှုလဈေးနေရာအပြည့်တည်ဆောက်မည်ဖြစ်ပြီး အပေါ်ထပ်များသည် လူနေအိမ်ခန်းများ အတွက်ထား၍ မြေညီထက်ကို ဈေးအဖြစ်သက်မှတ်မည်ဖြစ်ကြောင်း ဈေးများဌာနထံမှ သိရသည်။
ပထမဆုံးစီမံချက်အဖြစ် စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးကို ၂၀၁၂ မတ်လမှစတင်ကာ တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။
မှုလဈေးဆိုင်ခန်းများအားဈေးသစ်များတည်ဆောက်ပြီးလျှင် မြေညီထပ်တွင် အခမဲ့ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်း၊ ဈေးတည်ဆောက်မှုကြာချိန်နှင့် ဆိုင်ခန်းနေရာများ ပြန်လည်ရရှိရန် ဈေးများဌာနက အာမခံပါကြောင်း ဈေးများဌာန အကြီးတန်း အရာရှိကြီးတစ်ဦးကဆိုသည်။
“အာမခံတာကို မယုံကြည်ရင်ဈေးသူဈေးသားတွေ နဲ့ စည်ပင်နဲ့ စာချုပ် ချုပ်မယ်လို့တောင်ပြောထားတယ်” ဟု ၎င်းကပြောသည်။ ရှမ်းလမ်းဈေးသစ်တည်ဆောက်မည့် အစီအစဉ်နဲ့ပတ်သက်၍ ဈေးသူဈေးသားအချို့မှ ၎င်းတို့၏ မှုလဆိုင်ခန်းများ ပြန်လည် မရရှိမည်ကို စိုးရိမ်နေကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က The Voice Weekly သို့ပြောကြားသည်။
“City Mart နေရာက သက်သေပါ”ဟု မှုလဆိုင်ခန်းများ ပြန်လည်မရရှိခဲ့မှု ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက် ၍ ရှမ်းလမ်းဈေးမှ အသက် ၃၅ နှစ်ခန့် ကုန်ခြောက်ရောင်းချသူအမျိုးသားတစ်ဦးက ၎င်း၏စိုးရိမ်မှုကို ဖွင့်ဟပြောဆိုသည်။
ယင်းရှမ်းလမ်းဈေးမှ ဈေးသည်များကို ဈေးတည်ဆောက်စဉ်ကလအတွင်းမှုလကအခွန်လွတ်ဈေးတွင် ရောင်းချခွင့်ပြုရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါဈေးအနီးတစ် ဝိုက်တွင်သာ ရောင်းချခွင့်ပြုတော့မည် ဖြစ်ကြောင်း ဈေးများဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
လူနေအိမ်ခန်းပါ အထပ်မြင့်ဈေးများတည်ဆောက်ပြီးပါက ဆောက်လုပ်ရေးကုမ္ပဏီမှ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနဲ့ ဈေးများဌာနမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မှုလဈေးနေရာများ ပြန်လည်နေရာချထားရသည့် အတွက်ဈေးသူဈေးသားများအား ၂၀ရာခိုင်နှုန်းပေးလိုက်ရသည့် သဘောဖြစ်ကြောင်း ဈေးများဌာနထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်မှ ရရှိသော အခွန်ဘဏ္ဍာငွေများကို ယင်းနယ်နိမိတ်အတွက် လမ်းတံတားအစရှိသော လုပ်ငန်းများအတွက် လိုအပ်သလိုပြန်လိုသုံးစွဲရပြီး မှော်ဘီအစရှိသော စည်ပင်သာယာနယ်နိမိတ်အတွင်း မပါဝင်သည့်မြို့နယ်ကမှု မိမိတို့မြို့နယ်အတွက်သာ ပြန်လည်သုံးစွဲရကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအတွက် နောင် ၂ နှစ်အတွက် ဘတ်ဂျက် လိုငွေမှာ ဘီလီယံ ၂၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ